ထားဝယ်တွင် ၁၄ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်သည်ဆိုသည့် အမှု ပုဒ်မနှစ်ခုဖြင့် တရားစစွဲ

0
468

ထားဝယ်မြို့တွင် အသက် ၁၄ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်သည်ဆိုသည့် အမှုကို ဇူလိုင် လ ၁၇ ရက်က ထားဝယ်ခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မနှစ်ခုဖြင့် စတင် တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်က အသက် ၁၄ နှစ် အရွယ်ရှိ မိန်းကလေးကို အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားက မိန်းကလေးငယ် နေထိုင်သည့်အိမ်အောက်တွင် မုဒိမ်းကျင့် ခဲ့သည်ဆိုသည့်အမှု ဖြစ်သည်။

လက်ရှိတွင် မုဒိမ်းကျင့်သည်ဆို သည့် အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ- ၃၇၆ (မုဒိမ်းမှု)၊ ၃၆၃ (လူခိုးမှု)တို့ ဖြင့် တရားစွဲတင်ခဲ့ကြောင်း အထက်ပါတရားရုံး ထံမှ သိရသည်။
အဆိုအမှုကို ထားဝယ်ခရိုင်တရားရုံး က ရာကြီးမှုအမှတ်- ၇၆/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးမည် ဖြစ်သည်။

အမှုကို စစ်ဆေးရန် ဇူလိုင်လ ၃၁ ရက်ကို ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲ ခံရသူဘက်မှ ရှေ့နေကိုယ်စားလှယ်လွှဲ မည် ဖြစ်ကြောင်း ထားဝယ်ခရိုင်တရားသူကြီးက ဆိုသည်။

“စွပ်စွဲခံရသူက ရှေ့နေငှားရမ်းလိုကြောင်း တင်ပြလို့ နောက်ရုံးချိန်းမှာ ရှေ့နေပါဝါ(ကိုယ်စားလှယ်လွှဲ)တင်ဖို့ ချိန်းထားတာ”ဟု ခရိုင်တရားသူကြီးက ပြောသည်။

မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် ဖြစ်စဉ် မှာ အသက် ၆၂ နှစ်အရွယ်ရှိ အုပ်ထိန်းသူ အမျိုးသမီးကြီးက နံနက် ၅ နာရီခွဲဝန်း ကျင်တွင် နေအိမ်အပေါ်ထပ်တွင် မုန့်လုပ်နေစဉ် အထက်ပါမိန်းကလေး ငယ်က အိမ်အောက်တွင် အုန်းသီးခွဲနေ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

ထိုစဉ် အုပ်ထိန်းသူအမျိုးသမီးကြီး က အဆိုပါမိန်းကလေးကို လှမ်းခေါ်ရာ ပြန်မထူးသဖြင့် နေအိမ်အောက်သို့ ဆင်း ကြည့်ရာ မိန်းကလေးငယ်၏ အနီးတွင် ငွေကျပ်နှစ်ထောင်ကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ငွေနှစ်ထောင်ကျပ် တွေ့ရှိခြင်းနှင့် ပတ်သက်၍ အဆိုပါမိန်းကလေးငယ်ကို မေးမြန်းရာ အသက် ၅၄ နှစ်အရွယ်ရှိ အထက်ပါအမျိုးသားက ပေးခဲ့သည်ဟု ပြောကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

အထက်ပါအမျိုးသားက ငွေနှစ်ထောင် ကျပ်ပေးရသည့် အကြောင်းရင်းကို အုပ်ထိန်းသူက မိန်းကလေးငယ်အား မေးမြန်းရာ ၎င်းအုန်းသီးခွဲနေစဉ် အသက် ၅၄ နှစ်အရွယ်ရှိ အမျိုးသားက ရောက်ရှိ လာပြီး ပါးစပ်ကိုပိတ်ကာ မုဒိမ်းကျင့်ခဲ့ပြီး ငွေနှစ်ထောင်ကျပ် ပေးခဲ့သည် ဟု ပြောဆိုကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ယခုနှစ်မေလအတွင်းကလည်း အခင်းဖြစ်သည့် နေအိမ်ရှေ့ရှိ အဆိုပါ အမျိုးသားပိုင် ကားဂိုဒေါင်အတွင်း နှစ် ကြိမ် မုဒိမ်းပြုကျင့်ခဲ့ဖူးသည်ဟု မိန်းက လေးကို အကြိမ်ကြိမ်မေးမြန်းချိန်တွင် လည်း အထက်ပါအတိုင်းသာ ပြောကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မုဒိမ်းပြုကျင့်ခံရသည်ဆိုသည့် မိန်းကလေးအိမ်နှင့် ကျူးလွန်ခဲ့သည်ဆို သည့် အမျိုးသား၏ ကားဂိုဒေါင်က မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

Dawei Watch