“ပုလဲ ကုမ္ပဏီကို လုပ်ကွက်တွေ ထပ်ပေးလိုက်လို့ကတော့ ဆလုံ တွေ ထိုင်းကိုရောက်ကုန်မှာပဲ”

0
1192
လငန်းကျွန်းရှိဆလုံအိမ်များ
လငန်းကျွန်းရှိဆလုံအိမ်များ

လူမျိုးစု တစ်စုနှင့် အခွန်ငွေ အလဲအထပ်

လငန်းဆလုံ တိုင်းရင်းသားများ ပြည်ထောင်စုအစိုးရတာဝန်ရှိသူကို မျှော် နေခဲ့သည်။ နိုဝင်ဘာလအတွင်း အရောက်လာမည်ဟု ပြောလိုက်သည့် ပြည်ထောင်စု ဒုဝန်ကြီးကို မျှော်နေခဲ့ကြသည်။

လငန်းဆလုံ တိုင်းရင်းသားများက သူတို့ ရေရှည်ရပ်တည်နေထိုင်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးထံတွင် အဖြေတစ်စုံ တစ်ရာပါလိမ့်မည်ဟူသည့် ယုံကြည်ချက် ဖြင့် မျှော်နေကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်က အစိုးရတာဝန် ရှိသူတို့ လငန်းကျွန်းသို့ ရောက်လာကြသည်။

သို့သော် ပြည်ထောင်စု ဒုဝန်ကြီး မပါ။ တိုင်းအဆင့် ဝန်ကြီးများသာပါသည်။

ဆလုံ တို့ လငန်းကျွန်းတွင် ရေရှည် ရပ်တည်နေထိုင်နိုင်ရေးအတွက် အဖြေလည်း တစ်စုံတစ်ရာ မပါ။ သူတို့နှင့် ရေစားကျက်လုပွဲ ဆင်နွှဲနေသည့် ပုလဲ ကုမ္ပဏီကို လုပ်ပိုင်ခွင့်သက်တမ်း ထပ်တိုး ပေးရေးကိစ္စသာ ပါလာသည်။

“ပုလဲကုမ္ပဏီကို လုပ်ကွက်တွေ ထပ်ပေးလိုက်လို့ကတော့ ဒီရွာမှာတော့ ဆလုံတွေ ရှိတော့မှာ မဟုတ်ဘူး။ လုပ်စားကွက်မရှိရင် ဒီရွာလေးပါ ပျက်သွားတော့မှာပဲ”ဟု လငန်းကျေးရွာ တာဝန်ခံ ဦးသိန်းဇံက ပြောသည်။

မြန်မာ့တောင်ပိုင်းပင်လယ်ထွက် ပုလဲသည် နာမည်ကျော်သည်။ တောင်ပင်လယ်နေ မော်ကင်း ခေါ် ဆလုံလူမျိုး ကလည်း ပင်လယ်ပျော်လူမျိုးအဖြစ် ကမ္ဘာကျော်သည်။

ပုလဲနှင့် ဆလုံသည် ယခင်က သီးခြားစီ ကျော်ကြားခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပုလဲမွေးမြူရေး လုပ်ငန်းများ စတင်ပေါ် ပေါက်လာချိန်တွင် ပုလဲမွေးလုပ်ငန်းနှင့် ဆလုံတို့ကြား ပြဿနာများ စတင်ပေါ်ပေါက် လာပါတော့သည်။

ဆလုံ တို့ရိုးရာလှေငယ်လေးများဖြင့် ငါး၊ ကင်းမွန်၊ ခရု စသည်တို့ ရှာဖွေဖမ်းယူ စားသောက်ရာ ရေစားကျက်နှင့် ပုလဲမွေးမြူ ဖြစ်ထွန်းသည့် နေရာက ထပ်တူကျနေသည်။


ပုလဲမွေးသူတို့က ၎င်းတို့၏ လုပ်ငန်းသဘောအရ ဆလုံအပါအဝင် မည်သည့် ငါးဖမ်းသမားမျှ ၎င်းတို့လုပ်ငန်းခွင်သို့ အဝင်မခံကြပေ။

အင်အားကြီးသည့် ပုလဲမွေးကုမ္ပဏီများ၏ ပုလဲမွေးမြူရေးလုပ်ငန်းများ ဝင်ရောက်လာတိုင်း ရိုးသားအေးဆေးပြီး လူနည်းစုဖြစ်နေသည့် ဆလုံလူမျိုးတို့ ကသာ ရေစားကျက်ပျောက်ဆုံးကာ မူရင်း နေရာမှ ထွက်ခွာခဲ့ကြရသည်။

ယင်းသို့ ပုလဲမွေးလုပ်ငန်းနှင့် ဆလုံတို့ကြား ရေစားကျက် ပြဿနာ ပေါ်ပေါက် ခဲ့သည်မှာ ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ကျော် မှ ယခုချိန်ထိပင် ဖြစ်သည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လငန်းကျွန်းနေ ဂျာအိဘာသာစကား ပြော ဆလုံလူမျိုးများမှာ ပုလဲမွေးမြူရေးကြောင့် မူရင်းနေရပ်ကို စွန့်ခွာပေးခဲ့ ရသည်မှာ နှစ်ကြိမ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ် သည်။

ယခုလည်း လငန်းဆလုံတို့ ကျက်စား ရာ ရေစားကျက်တွေမှာ ကျွန်းတစ်ဝိုက်က ပုလဲမွေးမြူရေးလုပ်ကွက်သစ်တွေ တိုးချဲ့ လာနေပြန်သည်။

ထိုတိုးချဲ့လာမှုကြောင့် ဆလုံတို့အတွက် ရေစားကျက်နည်းသွားကာ လုပ်ကိုင်စားသောက်ရ ခက်ခဲလာကြောင်း လငန်းကျွန်းနေ ဆလုံတိုင်းရင်းသား ကိုဘာဘူက ပြောသည်။

“အလုပ်က ခက်လာတယ်။ သိပ်အဆင် မပြေတော့ဘူး။ အလုပ်အကိုင်အဆင် မပြေတော့ မိသားစုတွေက ဘယ်လိုနေရမှန်း မသိတော့ဘူး။ ထွက်ပြေးတော့မယ်။ နေရာရွှေ့တော့မယ်ဆိုရင် သားသမီးတွေပဲ စာမတတ်ဖြစ်မယ်။ ကျောင်းလည်း တက်ရတော့မှာ မဟုတ်ဘူး။ အရင်ခေတ် ပုံစံမျိုးပြန်ဖြစ်တော့မယ်”ဟု ကိုဘာဘူက ပြောပါသည်။

လငန်းဆလုံတို့သည် ယခင်က အိုဝင်ကျွန်း ခေါ် ပုလဲကျွန်းတွင် နေထိုင်ခဲ့ကြရာ ပြီးခဲ့သည့် နှစ် ၃၀ က အိုဝင်ကျွန်းတွင် ပုလဲမွေးမြူရေးလုပ်ငန်း စတင်ခဲ့ရာမှာ ဆလုံလူမျိုးတို့ နေရာရွှေ့ပေးခဲ့ရပြီး ဖြစ်သည်။

အချို့မှာ တောင်ပိုင်းသို့ စုန်ဆင်း သွားခဲ့သည်။ အချို့မှာ ဒိုမယ်ကျွန်းတစ်ဝိုက် ဆီရွှေ့လာခဲ့ကြသည်။

၂၀၀၁ ခုနှစ်မှစ ကျွန်းစုမြို့နယ် ဒိုမယ်ကျွန်းအုပ်စုတွင် ဂျပန်ရင်းနှီးမြှုပ် နှံမှုပါဝင်သော မြန်မာတာဆာကီကုမ္ပဏီ က ပုလဲမွေးလုပ်ငန်းစတင်လုပ်ကိုင်ခဲ့သည်။

ထိုအခါ ဒိုမယ်ကျွန်းတွင်နေထိုင်သည့် ဆလုံတို့၏ ရေစားကျက်များက ပုလဲမွေးလုပ်ငန်းခွင် ဖြစ်သွားကာ ဆလုံ တိုင်းရင်းသားများထွက်ခွာပေးခဲ့ရပြန်သည်။ (ကုမ္ပဏီဘက်ကမူ ၎င်းတို့ စတင် ရောက်လာ စဉ်က မည်သည့်ဆလုံမျှမရှိဟု ထုတ်ဖော် ပြောဆိုဖူးသည်။)

ဆလုံတို့သည် ဒိုမယ်ကျွန်းမှ ကုန်းနှင့် ပိုဝေးသော ဘုတ်ပြင်းမြို့နယ် စစ်စတာ ကျွန်းအုပ်စုပါ ယခုနေထိုင်ရာ လငန်းကျွန်း သို့ ထပ်မံပြောင်းရွေ့ခဲ့ကြရကြောင်း ဆလုံတို့က ပြောကြသည်။

ယခုတော့ ယင်းတို့နေထိုင်ကျက်စားရာ စစ်စတာကျွန်းအုပ်စုသို့ မြန်မာ တာဆာကီကုမ္ပဏီက ပုလဲမွေး လုပ်ငန်း များ တိုးချဲ့လာပြန်သည်။

မြန်မာတာဆာကီကုမ္ပဏီသည် ကျွန်းစု မြို့နယ် ဒိုမယ်ကျွန်းအုပ်စုနှင့် ဘုတ်ပြင်း မြို့နယ် (လငန်းကျွန်းအပါအဝင်) စစ်စတာ ကျွန်းအုပ်စုတို့တွင် အစိုးရနှင့်အကျိုးတူ ပုလဲမွေးမြူခွင့်ကို ၂၀၀၁ ခုနှစ်ကတည်းက လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသည်။

မြန်မာနိုင်ငံတော် ကုန်သွယ်မှုမူဝါဒ ကောင်စီ၏ ၂၀၀၁ ခုနှစ်၊ မတ်လ ၂၂ ရက် ရက်စွဲပါ အစည်းအဝေးအမှတ်စဉ်(၂/၂၀၀၁)အရ လုပ်ငန်းစတင်ဆောင်ရွက်ခွင့် ရရှိထားကြောင်း ကုမ္ပဏီဘက်မှ ထုတ်ပြန် ရှင်းလင်းထားသည်။

မြန်မာတာဆာကီ၏က ၂၀၁၈ ခုနှစ်မှအစ စစ်စတာကျွန်းအုပ်စု စောမွန်လှ၊ စောပု ကျွန်းတို့တွင် လုပ်ငန်းတိုးချဲ့လာသည်။

ထိုအခါ တစ်နေ့လုပ် တစ်နေ့စား လောဘနည်းစွာ၊ လူစိမ်းတို့နှင့် စကားပြော ရမည်ကိုပင် မလိုလားဘဲ ရိုးရှင်းစွာ နေထိုင်လာကြသော ဆလုံတို့က သူတို့၏ ရေစားကျက်အတွက် နိုးထလာသည်။

ဆလုံတို့က စစ်စတာကျွန်းအုပ်စု သည် ၎င်းတို့၏ ရေစားကျက်အတွက် နောက်ဆုံးခံတပ်ဖြစ်ပြီး ထပ်ဆုတ်စရာ နေရာ မရှိတော့ဟု ထုတ်ဖော် ပြောဆိုလာ ကြသည်။

“အရင်ကတည်းက ပြောင်းပြီးပြီ ဆလုံရွာတွေ။ ဒီတခါ တို့မပြောင်းနိုင်ဘူး။ ဒီနေရာပဲရှိတာ။ လုံး၀ မပြောင်းနိုင်ဘူး”ဟု လငန်းရွာနေ ဆလုံအမျိုးသမီး ဒေါ်ဘူငှားက ပြောသည်။

ထိုရေစားကျက်ပျောက်လျှင် လူမျိုးပျောက်မည်ဟု ထုတ်ဖော်ပြောဆိုလာကြ ကာ ပုလဲလုပ်ငန်းတိုးချဲ့လာမှုကို သဘောမတူကြောင်း ၂၀၁၈ ခုနှစ် နှစ်ဆန်းက တည်းက နည်းပေါင်းစုံဖြင့် ကန့်ကွက်ခဲ့ ကြသည်။

ဆလုံတို့က ၎င်းတို့ကို အကူအညီပေး နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ထံမှ အကြံဥာဏ်ရယူကာ ၂၀၁၈ ခုနှစ်တွင် လက်မှတ်စုပေါင်းရေးထိုးပြီး တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်ကို စာပို့တိုင် ကြားကြခြင်းဖြင့် ကန့်ကွက်ခုခံမှုကို စတင်ခဲ့ကြသည်။

ယင်းတိုင်ကြားချက်ကို အခြေခံကာ ဘုတ်ပြင်းမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးမန်းဆွေမြင့်က လငန်းဆလုံတို့အရေး မည်သို့ဆောင် ရွက်နေကြောင်း တိုင်းလွှတ်တော်အစည်း အဝေးတွင် တိုင်းအစိုးရအဖွဲ့ကို မေးခွန်း ထုတ်ခဲ့သည်။

ထိုကြောင့် တိုင်းအစိုးအဖွဲ့ဝင် ဝန်ကြီး များနှင့် ဌာနဆိုင်ရာတို့က ၂၀၁၈ အောက်တိုဘာလတွင် လငန်းဆလုံတို့ ရှိရာ လငန်းကျွန်း၊ ရောက်လာကြပြီး ကုမ္ပဏီ၊ ဆလုံလူမျိုးတို့နှင့် တွေ့ဆုံခဲ့ကြ သည်။

တာဆာကီကုမ္ပဏီဘက်ကလည်း လငန်းရှိ ဆလုံရွာမပြောင်းရကြောင်းနှင့် ပုလဲမမွေးသည့်နေရာများတွင် နေ့ဘက် ငါးမျှားခွင့်၊ ရေချိုခပ်ခွင့် ပြုမည့်အကြောင်း ညှိနှိုင်းခဲ့သော်လည်း မပြေလည်ခဲ့ပေ။

ဆလုံတို့က ၎င်းတို့ မိရိုးဖလာ ထုံးစံအတိုင်း ဒီရေအတက်အကျအရ နေ့ညမဟူ မိမိတို့ ရေစားကျက်တွင် လွတ်လပ်စွာ ငါးဖမ်း၊ ခရုကောက်ခွင့်ရမှ ရပ်တည် နိုင်မည်ဟု ပြောကြသည်။

ဆလုံတို့အား လုပ်ငန်းခွင်နှင့် အချိန် ကန့်သတ်လိုက်ပါက စားဝတ်နေရေး ခက်ခဲလာပြီး တဖြည်းဖြည်းမျိုးတုံးပျောက် ကွယ်လာလိမ့်မည်ဟု လငန်းကျေးရွာ တာဝန်ခံ ဦးသိန်းဇံက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရက ကွင်းဆင်းပြီးနောက် ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှ ပုလဲမွေးမြူရေး ဆက်လုပ်ခွင့် ပြုသင့် သည်ဟု ပြည်ထောင်စုအစိုးရသို့ မှတ်ချက် ပြု အစီရင်ခံထားဟု တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာက ပြောခဲ့သည်။

ကုမ္ပဏီဘက်မှ ပုလဲမွေးမြူရေးစီမံ ကိန်းအား ဒေသခံများ သေချာနားလည် သဘော ပေါက်အောင် ကြိုတင်ရှင်းပြရန်၊ ရပ်ရွာဖွံ့ဖြိုးလုပ်ငန်းများ ဟန်ပြသာလုပ် ဆောင်ခြင်းတွေ့ရသဖြင့် လငန်းရွာ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ယခင်ထက် ပိုမိုလုပ်ဆောင်ရန်၊ ဒေသခံရေလုပ်သား များ၏ အလုပ်အကိုင်အခွင့်လမ်းများ ဖန်တီးပေးနိုင်မှသာ ပုလဲလုပ်ငန်း တိုးချဲ့ ခွင့်ပြုရန်လည်း တင်ပြထားကြောင်း ဝန်ကြီးက ပြောသည်။

သို့သော် အကြောင်းမထူးခဲ့ပေ။ ကုမ္ပဏီဘက်က ပုလဲမွေးလုပ်ငန်းတိုးချဲ့ လုပ်ကိုင်မှု ရပ်မနေခဲ့ပေ။

သို့ကြောင့် လငန်းကျွန်းမှ ဆလုံတိုင်းရင်းသား ၂ ဦး၊ ရပ်မိရပ်ဖ ၂ ဦးတို့ နေပြည်တော်သို့ တက်ရောက်ကာ အရေး ဆိုခဲ့ကြပြန်သည်။

သူတို့ကို ဆလုံအရေးကူညီလှုပ်ရှားသူ ကော့သောင်းမြို့နယ် မကြုံကလက်ရွာ က ဦးခင်မောင်ထွေးနှင့် မြန်မာနိုင်ငံပွင့် လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA-တနင်္သာရီတိုင်းဒေသကြီး)တို့ လိုက်ပါကူညီပေးခဲ့ကြသည်။

၂၀၁၉ စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်တွင် ပြည်ထောင်စု သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုဝန်ကြီး၊ သတ္တုအတွင်းဝန်၊ ပြည်ထောင်စု အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာတာဆာကီပုလဲမွေးမြူရေးကုမ္ပဏီ တာဝန်ရှိသူများရှေ့မှောက်တွင် ဆလုံလူမျိုးတို့၏ရေစားကျက်များကို ပုလဲလုပ်ကွက်အဖြစ် တိုးချဲ့ မချမှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

“သတ္တုအတွင်းဝန်ကတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ဟာတွေကိုတော့ မဆွေးနွေးတော့ဘဲနဲ့ပေါ့နော်။ တာဆာကီ ကုမ္ပဏီကနေပြီးတော့ စားကျက် ပျောက်ဆုံး နေတဲ့ ဒီရွာလေးကို ဘာတွေ ဖွံ့ဖြိုးရေး လုပ်ပေးဖို့လိုတယ်ဆိုတာကိုပဲ ဆွေးနွေး သွားပါဆိုတဲ့ စကားကို ပြောတယ်။ ဒါပေမဲ့ ဆလုံတွေကတော့ သူတို့ဘာမှ မလိုချင်ဘူး။ သူတို့စားကျက်ပဲ သူတို့လိုချင်တယ် လို့ ပြောခဲ့တယ်”လို့ ဦးခင်မောင်ထွေးက ပြောသည်။

သို့သော် နေပြည်တော်တွင်လည်း ရေရာသည့်အဖြေ မရခဲ့။

ဌာနဆိုင်ရာလူကြီးများက သေချာ နားထောင်ခဲ့သော်လည်း တစ်စုံတစ်ရာ အဖြေမထွက်ခဲ့ဘဲ ပြည်ထောင်စု ဒုဝန်ကြီး က နိုဝင်ဘာလအတွင်း ကွင်းဆင်းလာ မည်ဟု ပြောခဲ့ကြောင်း ဦးသိန်းဇံက ဆို သည်။

“အဓိကကတော့ သက်ရှိနဲ့ သက်မဲ့ ကို ဘယ်ဟာကို ဦးစားပေးမလဲဆိုတာ ကိုတော့ မြန်မာနိုင်ငံအစိုးရအဖွဲ့က ဆုံးဖြတ်တာကို တို့က စောင့်ရ၊ စောင့်ကြည့်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကုမ္ပဏီဘက်မှ လုပ်ငန်းတိုးချဲ့မှုကို ရပ်ဆိုင်းမည့် အရိပ်အယောင် မပြသေးပေ။

လငန်းဆလုံတို့ ခြေကုန်လက်ပန်း ကျနေချိန်တွင် တိုင်းအတွင်းအခြေစိုက် တောင်ပိုင်းလူငယ်အဖွဲ့နှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဖွဲ့စည်းပေးထားသည့် အဖွဲ့ဖြစ်သော တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်ဆောင် ဦးအောင်နိုင်ဦးတို့ လငန်း ကျွန်းနှင့် အနီးတစ်ဝိုက်သို့ သွားရောက်လေ့ လာခဲ့ကြသည်။

ထိုခရီးမှပြန်ပြီးနောက် ဦးအောင်နိုင်ဦးက ဆလုံတို့၏ ပကတိအခြေအနေကို နိုင်ငံတော်သမ္မတရုံးထံ အောက်တိုဘာလ ၁၉ ရက်တွင် အစီရင်ခံခဲ့သည်။

“ဒါ ကျွန်တော်တို့နိုင်ငံရဲ့ လူမျိုးဖြစ်တယ်။ ဒါကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားတွေလည်း ဖြစ်တယ်။ မလွဲမသွေ ကာကွယ်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ကာကွယ်ရေးဥပဒေကလည်း ထွက်ပြီး သားလေ။ ဒီဥပဒေအတိုင်း လုပ်မယ်ဆိုရင်တောင် ဆလုံလူမျိုးတွေဆန္ဒမပါဘဲ ဘယ်လုပ်ငန်းမှ လာလို့မရဘူးဗျ။ ဒီကိစ္စကို ပြည်ထောင်စုက ဖြေလျှော့ပေးနိုင် လိမ့်မယ်လို့ ကျွန်တော်တို့ ယုံတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

၂၀၁၅ ခုနှစ်က အတည်ပြုပြဋ္ဌာန်းထား သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၅ တွင် တိုင်းရင်းသားလူမျိူးများ၏ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊ စီမံကိန်းကြီးများ၊ စီးပွားရေးလုပ်ငန်း များ၊ သဘာ၀သယံဇာတ ထုတ်ယူသုံးစွဲ ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စီမံကိန်းအကြောင်း အရာများကို သက်ဆိုင်ရာဌာနေတိုင်းရင်း သားလူမျိုးများအား ပြည့်စုံတိကျစွာ ကြို တင်ချပြ အသိပေး၍ ညှိနှိုင်းဆောင်ရွက် ရမည်ဟု ဖော်ပြပါရှိသည်။

ဆလုံလူမျိုးတို့ ကြိုတင် သိရှိခွင့် မရဘဲ ၎င်းတို့ မှီခိုရာ ရေစားကျက်များတွင် ပုလဲလုပ်ငန်းများ လာရောက်လုပ်ကိုင် အကောင်အထည်ဖော်နေကြသည်မှာ လငန်းကျွန်းတစ်ဝိုက်မှာသာ မဟုတ်ပေ။

ဝန်ကြီး စောလုကာ၏ ကော့သောင်း ခရီးစဉ်တစ်ခုတွင် ကော့သောင်းမြို့နယ်၊ ဂျလမ်းဆလုံကျွန်း ဆလုံတို့က သူတို့ကို ပုလဲမွေးကုမ္ပဏီတစ်ခုက ငါးဖမ်းခွင့်၊ ရေချိုခပ်ယူခွင့် မပေးဟု တင်ပြခဲ့ဖူးရာ ပုလဲကုမ္ပဏီအား ခေါ်ယူညှိနှိုင်း ပြေလည် ခဲ့သည်ဟု ဝန်ကြီးက ဆိုသည်။

ယခု ထိုကော့သောင်းတွင်ပင် ပုလဲနှင့် ဆလုံ ပြဿနာ ပြန်စနေလေသည်။

ကော့သောင်းမြို့နယ် လန်ပိကျွန်း နှင့် ညောင်ဝိကျွန်းကြားကရှိ ဗိုလ်နက် ကျော်ကျွန်းတစ်ဝိုက်တွင် ပုလဲကုမ္ပဏီက ပုလဲမွေးသည့် ဖော့သီးတန်းများ ချထား လာနေသဖြင့် ဆလုံတို့ ငါးရှာ၍မရ ဖြစ်နေ သည်ဟု အကြောင်းကြားလာကြောင်း ဆလုံအရေး ကူညီပေးနေသည့် ဦးခင်မောင်ထွေးက ပြောသည်။

“ဆလုံတွေရဲ့ ကင်းမွန်မျှားနေတဲ့ နေရာတွေမှာပေါ့။ ဗောသီးတန်းတွေ ချနေ လို့ မျှားစရာနေရာ မရှိတော့ဘူးလို့ ညည်းညူတဲ့အသံတွေနဲ့ ကျွန်တော့်ကို ပြောနေကြပြီ”ဟု ဦးခင်မောင်ထွေးက ပြောသည်။

ပုလဲလုပ်ငန်းက အခွန်ငွေရသည်မှာ မှန်သော်လည်း ဆလုံတို့ ရေစားကျက် ပျောက်ဆုံးလာမှုကိစ္စကို အစိုးရက ထိရောက်ကောင်းမွန်စွာ အမြန်ဆုံးကိုင်တွယ် သင့်နေပြီဖြစ်ကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

ပုလဲလုပ်ငန်းက နိုင်ငံ့အခွန်ငွေ များစွာ ရှာဖွေပေးနိုင်ကြောင်း ကုမ္ပဏီများနှင့် အစိုးရတာဝန်ရှိသူများက ပြောဆိုနေကြ သော်လည်း လက်တွေ့တွင်မူ ပုလဲကရ သည့်အခွန်က ပြည်တွင်း အသားတင်ထုတ် လုပ်မှုတန်ဖိုး(GDP)၏ ၀ ဒသမ ၀၄ ရာခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ် မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင် ရေးလုပ်ငန်းအဖွဲ့ (Myanmar EITI) ၏ MSG Member ဒေါ်မိုးမိုးထွန်းက ပြောသည်။

“EITI အစီရင်ခံစာအရ ပုလဲက ရတဲ့ အခွန်ငွေသည် GDP အရ ပြောမယ်ဆိုရင် ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိတယ်”ဟု ဒေါ်မိုးမိုးထွန်းက ဆိုသည်။

ပုလဲလုပ်ငန်းဖြင့် နိုင်ငံအခွန်ငွေ များစွာ ရှာပေးနေသည်ဟု ကြွေးကြော်ထားသည့် မြန်မာတာဆာကီကမူ ၂၀၂၀ နှစ်လယ်ခန့်တွင် သက်တမ်းကုန်ဆုံးတော့ မည်ဖြစ်ရာ နောက်ထပ် ၅ နှစ် သက်တမ်း ထပ်တိုးလုပ်ခွင့်ရရန် ပြည်ထောင်စုသို့ လျှောက်ထားလာသည်။

ယင်းသို့လျှောက်ထားလာမူအပေါ် ခွင့်ပြု သင့်/မသင့် ပြည်ထောင်စုက တိုင်းဒေသကြီးအစိုးရထံ သဘောထား တောင်းခံလာသဖြင့် နိုဝင်ဘာလ ၁၃ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာနှင့် ဌာနဆိုင်ရာများ လငန်းရွာနှင့် တာဆာကီ ပုလဲလုပ်ကွက်များသို့ ကွင်းဆင်းလာကြ ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အဖြေလာထုတ်တာ မဟုတ်ဘူး။ ဒီကုမ္ပဏီရဲ့ သက်တမ်း တိုးနဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ ကတော့ သဘောထားပေးတယ်။ ကန့် ကွက်ရန်ရှိ၊ ကန့်ကွက်ရန်မရှိ အဲလိုမျိုး သဘောထားပေးဖို့အတွက် ဒီနယ်ခံ တွေရဲ့ အသံကို လာနားထောင်တာပါ”ဟု ဝန်ကြီး ဦးလှထွေးက ပြောသည်။

နိုဝင်ဘာလတွင် လာမည်ဟု ပြောထားသည့် ပြည်ထောင်စု ဒုဝန်ကြီးက ပါမလာ။

နိုဝင်ဘာလအတွင်း အစိုးရတာဝန် ရှိသူတို့ ရောက်လာပါက အဖြေတစ်စုံ တစ်ရာ ပါလာလိမ့်မည်ဟု မျှော်လင့်နေ ကြသည့် လငန်းကျေးရွာ တာဝန်ခံ ဦးသိန်းဇံနှင့် လငန်းဆလုံများ စိတ်ပျက် ကြရပြန်သည်။

“ဘာမှလည်းမထူးပါဘူးကွာ။ ဘာမှ လည်းမသိရဘူး။ ပြည်ထောင်စုကိုတင် ပြမယ်ဆိုတာလောက်ပဲ သိရတယ်။ အလုပ် ရှုပ်တယ်။ အလုပ်ပျက်တာပဲ အဖတ်တင်တယ်။သူတို့က ကုမ္ပဏီရှပ်ပြေးနဲ့ လာတာလေ”ဟု ဦးသိန်းဇံက ခနဲ့သည်။

ကုမ္ပဏီအား ယခင်ကတည်းက လုပ်ကိုင်နေသည့် ဒိုမယ်ကျွန်းတွင်သာ ပုလဲမွေးခွင့် ထပ်ချထားပေးမည်ဆိုက ကန့်ကွက်ရန်မရှိဘဲ စစ်စတာကျွန်းအုပ်စု တွင်ပါ ပုလဲမွေးခွင့် ထပ်ချပေးမည်ဆိုက လငန်းဆလုံတို့ ထိုင်းသို့ ရွှေပြောင်းသွား ကြလိမ့်မည်ဟု ဦးသိန်းဇံက ပြောသည်။

“အစိုးရကသာ ပုလဲကုမ္ပဏီကို လုပ်ကွက်တွေ ထပ်ပေးလိုက်လို့ကတော့ နောက် ၅ နှစ်အတွင်းမှာ တို့ဆီမှာ ဆလုံ တွေ ရှိတော့မှာ မဟုတ်ဘူး။ ထိုင်းကို ရောက်ကုန်မှာပဲ။ သူတို့ အကုန်ပြောင်း ကုန်ကြမှာပဲ။ ထိုင်းကတော့ ဆလုံတွေကို အကုန်လုံး ခေါ်နေတာပဲ။ တို့ရွာက ဆလုံ အမျိုးတွေလည်း ထိုင်းမှာ ရှိတယ်။ ဟိုမှာ ထိုင်းက ကောင်းကောင်းမွန်မွန် ထောက်ပံ့ ထားတာ”ဟု ၎င်းက ပြောသည်။

စစ်စတာကျွန်းသို့ ပုလဲကုမ္ပဏီ ရောက်လာအခြေချသည့် ၂၀၁၈ ခုနှစ်မှ ယခုအချိန်အတွင်းတွင်လည်း လငန်းနေ ဆလုံမိသားစု ၅ စုခန့် ထိုင်းသို့ ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ဦးသိန်းဇံက ပြောသည်။

တနင်္သာရီတိုင်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်မှ ပင်လယ်ကျွန်း ၁၀ ကျွန်းတွင် ပြန့်ကျဲနေထိုင်ကြသည့် ဆလုံလူမျိုးတို့ထဲက ပုလဲလုပ်ငန်းကြောင့် နေရပ်ပြောင်းရွှေ့ခဲ့ရသည့် ဆလုံ ထက် ဝက်ကျော်ရှိပြီး ယင်းထဲမှ အချို့က ထိုင်း နိုင်ငံသို့ ထွက်ခွာသွားကြပြီး လက်ရှိတွင် မြန်မာနိုင်ငံတွင် ဆလုံ ၁၇၀၀ ခန့်သာ ကျန်တော့ကြောင်း ဆလုံအရေး လေ့လာ ကူညီနေသူများက ပြောကြသည်။

ဆလုံအရေး အကူအညီပေးနေသည့် ဦးခင်မောင်ထွေးက အခွန်ငွေရ မည့်ကိစ္စတစ်ခုတည်း မကြည့်ဘဲ လူမျိုးစု တစ်ခု ပျောက်ဆုံးမည့်အရေးကိုလည်း ထည့်သွင်းစဉ်စားသင့်ကြောင်း ပြောသည်။

“နိုင်ငံတော်ရဲ့ အခွန်ကလည်း လိုတော့ လိုအပ်တယ်ပေါ့နော်။ ဒါပေမဲ့ လူမျိုးစု တစ်စုနဲ့ ရင်းနှီးပြီးတော့ လဲလှယ်ရမယ့် အနေအထားကို ရောက်နေပြီလားပေါ့။ ဒါလေးကိုလည်း နည်းနည်း ဆင်ခြင် စေချင်တယ်ပေါ့”ဟု ဦးခင်မောင်ထွေးက ပြောသည်။

Dawei Watch

ဆက်စပ်သတင်း