“ကျွန်တော်တို့ ပေးရမယ့် ဝန်ဆောင်မှု ကိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးပေးမယ်”

0
1446

Petro and Trans ကုမ္ပဏီဒါရိုက်တာ ဦးဇော်မင်းဦးနှင့်တွေ့ဆုံခြင်း

တနင်္သာရီတိုင်းအစိုးရတို့ နိုဝင်ဘာလ ၁၃ ရက်တွင် လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ထိုးခဲ့သည်။ Petro and Trans ကုမ္ပဏီသည် လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် တင်ဒါအောင်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက် တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို စတင်လုပ်ကိုင်တော့မည် ဖြစ်သည်။ ယင်းကြောင့် ထားဝယ်ခရိုင် လျှပ်စစ်အခြေအနေနှင့် ပတ်သက်၍ ကုမ္ပဏီက ကြိုတင်ပြင်ဆင်နေမှုနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို သိရှိနိုင်ရန် Petro and Trans ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဇော်မင်းဦးအား တနင်္သာရီအပတ်စဉ် အပါအဝင် ဒေသခံသတင်းထောက်များက တွေ့ဆုံမေးမြန်းထားပါသည်။

ဦးဇော်မင်းဦး၏ ဖြေကြားချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

တနင်္သာရီ – အခုဆိုရင် စာချုပ် ချုပ်ပြီးပြီဆိုတော့ ကုမ္ပဏီဘက်က ဘာတွေ ပြင်ဆင်နေလဲ။

ဦးဇော်မင်းဦး – ကျွန်တော်တို့ရဲ့ Plan သည် လက်ရှိမှာ Aggreko (ကုမ္ပဏီ)ရဲ့ စက်တွေကို ဆက်ငှားတယ်။ လက်ရှိမှာ Aggreko ရဲ့စက်တွေသည် ၁၅ မဂ္ဂါဝပ်ရှိတယ်။ Aggreko နဲ့ ကျွန်တော်တို့နဲ့ ၂၀ မဂ္ဂါဝပ် စာချုပ်ချုပ်မယ်။ သူတို့က နောက်ထပ် ၅ မဂ္ဂါဝပ် ထပ်ထည့်ပေးမယ်။

အခုလာမယ့်နွေကို မှန်းပြီးတော့ အပြည့်ပေးချင်တာပေါ့။ ကျွန်တော်တို့က အဲဒီဟာလုပ်တဲ့အတွက် ကြားထဲမှာ ဘယ်လိုဖြစ်သွား မလဲဆိုတော့ ဒီစက်အရွှေ့ အပြောင်းကာလလေးကတော့ Aggreko ကတော့ တစ်လလို့ သူတို့ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့က နောက်ထပ် ထပ်ဆောင်းပြီးတော့ ၄၅ ရက်လောက် တွက်ထားတယ်။ ၄၅ ရက်က Gap (လစ်ဟာမှု) ဖြစ်သွားမှာပေါ့။ အဲဒီ Gapဖြစ်သွားတာကို ကျွန်တော်တို့က ဘာနဲ့ ပေးမလဲဆိုတော့ ဒီဇယ်နဲ့ပေးမယ်။ ကျွန်တော် တို့ ဒီဇယ်စက်တွေနဲ့ ပေးမှာ။

ဒါပေမယ့် မီတာခကတော့ ဒါပဲ။ ၂၃၈ ကျပ်ပဲ။ ပြည်သူတွေအနေနဲ့တော့ ဒီဇယ်နဲ့ပေးတာ တွေ မသိရအောင်ကို အငြိမ်ပဲ။ ကျွန်တော်တို့ က GGS နဲ့သူတို့နဲ့ ပြီးပြတ်ပြီဆို စက်တွေ စရွှေ့မယ်ဆိုတာနဲ့ ကျွန်တော်တို့ က ကိုယ့်ရဲ့ဒီဇယ်(စက်)တွေနဲ့ ချိန်းလိုက်မယ်။

ကျွန်တော်တို့ ရယ်ဒီဖြစ်ပြီဆိုတာနဲ့ သူပိတ်လိုက်တော့။ အဓိကဆိုင်တာကတော့ Aggreko က ပိုဆိုင်တာပေါ့။ ကျွန်တော်တို့ ရယ်ဒီဖြစ်ပြီဆိုရင် သူ့စက် တွေ ပိတ်လိုက်တော့။ ကျွန်တော်တို့က စမ်းရအုန်းမှာကိုး။ အထူးသဖြင့်တော့ ညဘက်တွေမှာ စမ်းမယ်။ လူတွေအိပ်တဲ့ နံနက် ၂ နာရီနောက်ပိုင်းတို့ ဘာတို့မှာ စမ်းရမယ်။

ဒါက ကျွန်တော်တို့ လက်ရှိသွားမယ့် plan ပေါ့လေ။အဓိကကတော့ လူထုဘက်မှာ ထားဝယ်ခရိုင်တစ်ခုလုံးကို မီးမပျက်ဖို့ ပေါ့။

အတွေ့အကြုံတွေကလည်း ဌာနက ရော၊ အစိုးရမှာ ရော ဘယ်လိုရှိလဲဆိုတော့ APU နဲ့ DDPC နဲ့ GGS နဲ့ အပြောင်း အလဲတွေမှာ ဖြစ်ခဲ့တဲ့ အဆင်မပြေမှုတွေ၊ အထစ်အငေါ့တွေ ဒီဟာတွေအကုန်လုံးကို အခြေခံပြီးတော့ ဒီ plan ဖြစ်လာတာ။

ထားဝယ်ခရိုင်မှာ ဌာနပိုင်(ဒီဇယ်) စက်က ၆၂၀ KV ၃၂ လုံးတောင်ရှိတယ်။ ရေဖြူ၊ သရက်ချောင်း၊ မေတ္တာ၊ လောင်းလုံး မြို့၊ မောင်းမကန် တွေက သူတို့စက်နဲ့က နိုင်ကိုနိုင်တယ်။ အဲဒီမြို့တွေက ဆီထည့် ပေးလိုက်ရင် သူ့မြို့ကို သူ့ဟာသူနိုင်တယ်။

ထားဝယ်ခွဲရုံနဲ့ သူတို့နဲ့ ချိတ်ထားတဲ့ ၃၃ ကေဗွီ လိုင်းတွေကို ခဏရပ်ထားလိုက်မယ်။ အဓိကကတော့ ထားဝယ်ပဲ။ ထားဝယ် မြို့ကျတော့ ၆ ဖီဒါလောက် ရှိတယ်။ ဝန်အားကလည်း အမြင့်ဆုံးဆို ၁၁ မဂ္ဂါဝပ် လောက် ရှိတယ်။ လက်ရှိမှာ (ထားဝယ် မြို့ရှိ) ဌာနပိုင်စက်တွေက စုစုပေါင်းမှာ ၇ မဂ္ဂါဝပ်လောက်ပဲ ရှိတာ။ လက်ရှိမှာ ကျွန်တော်တိုရဲ့ plan က ကိုယ်ပိုင် ၅၀၀ ကေဗွီ စက် ၁၂ လုံး (၆ မဂ္ဂါဝပ်ခန့်)ရွှေ့ပြီ။ အသစ်တွေ ဒီဇယ်တွေပေါ့။ ထားဝယ်မှာက အခုဆိုရင် ၁၀ မဂ္ဂါဝပ် ကျော်ကျော် ဖြစ်လာတယ်။ ဘာပဲပြောပြော နိုင်တာ ပေါ့လေ။ ဒီဇယ်နဲ့ ပေးမယ့်အစီအစဉ်ဟာ လွန်ရောကျော်ရော ဖေဖော်ဝါရီထဲလောက်ပဲ။

တနင်္သာရီ – စက်အပြောင်းအရွှေ့ ကာလကို ၄၅ ရက် အချိန်ယူမယ်ဆိုတော့ ဇန်နဝါရီလမှာ စမှာလား။ ဇန်နဝါရီလ မတိုင်ခင်စမှာလား ခင်ဗျား။


ဦးဇော်မင်းဦး – ကျွန်တော်တို့ရဲ့ Schedule (အစီအစဉ်)ကလေ Aggreko အပေါ်မှာလည်း မူတည်တယ်။ ဒါပေမယ့် ကျွန်တော်တို့မှန်းထားတာကတော့ ဒီဇင်ဘာ လထဲမှာ ကျွန်တော်တို့ စက်အရွှေ့အပြောင်း တွေ လုပ်လိမ့်မယ်။ Aggreko ဆီကရ တဲ့ သတင်းအချက်အလက်အရ ဆိုရင်တော့ သူတို့နဲ့ ကျွန်တော်နဲ့က ဒီဇင်ဘာလလယ် လောက်မှသာ ဒီစက်တွေ ရွှေ့ပြောင်းတာတွေ ကျွန်တော်တို့ လုပ်မယ်။

တနင်္သာရီ – ဒီဇယ်စက်တွေကို ဒီမှာ ထိုင်မှာလား၊ ကံပေါက်မှာပဲ ထိုင်မှာလား။

ဦးဇော်မင်းဦး – ဒီမှာပဲ(ထားဝယ် ခွဲရုံ)ထိုင်မယ်။ ကံပေါက်ကကျတော့ ကံပေါက်နဲ့ ကလိန်အောင်အတွက်ပဲ စက် အသေးလေး ထိုင်မယ်။ ၄ လုံးလောက်ပဲ ထိုင်မယ်။ ယာယီပေါ့။ ကံပေါက် ကလိန် အောင်မှာကျတော့ လက်ရှိ ရေဖြူ၊ သရက် ချောင်း၊ လောင်းလုံး၊ မေတ္တာတို့လို သူတို့ မှာ အရန်ဒီဇယ်စက်တွေ မရှိဘူး။ မရှိတဲ့ အတွက် အဲဒီမှာတော့ ကျွန်တော်တို့ရဲ့ စက်သွားထားပေးမယ်။

တနင်္သာရီ – GGS ကုမ္ပဏီရဲ့ ဂက်စ်ပိုက်လိုင်းနဲ့ ၁၁ ကေဗွီလိုင်းကိုရော ဘယ်လိုလုပ်မလဲ။

ဦးဇော်မင်းဦး – အခုကျွန်တော်တို့က ကိုယ့်ဟာနဲ့ကိုယ် အသစ်၊ ၁၁ လိုင်းလည်း အသစ်၊ ဂက်စ်လိုင်းလည်း အသစ်ပဲ။

တနင်္သာရီ – ပထမအကြိမ်စာချုပ် (GGS နှင့် တိုင်းအစိုးရချုပ်ထားသည့်စာချုပ်) မှာဆိုရင် ဂက်စ်အင်ဂျင်တွေမှာ တစ်စုံတစ်ခု အကြောင်းဖြစ်လို့ ပျက်ခဲ့ရင် ဒုတိယအစီအစဉ်ထားရမယ်လို့ စာချုပ်မှာ ပါတယ်။ လက်ရှိ ချုပ်တဲ့စာချုပ်မှာဆိုရင် ရော အဲဒါမျိုးပါလား။

ဦးဇော်မင်းဦး – ပါတယ်။ ကျွန်တော် ပြောတဲ့ ဒီဇယ်plan ။ ကျွန်တော်တို့က ၄၅ ရက်အတွက်ဆိုပေမယ့် ဒါတွေကို မဖြုတ်တော့ဘူးလေ။ ဒီအတိုင်းထားမှာ။

တနင်္သာရီ – ဝန်ဆောင်မှုနဲ့ ပတ်သက် ပြီးတော့ ထားဝယ်မှာ ရုံးတွေ ဘယ်လို လုပ်မှာလဲ။

ဦးဇော်မင်းဦး – ထားဝယ်မှာ လက်ရှိ တော့ ကျွန်တော်တို့ ရုံးသုံးရုံးဖွင့်ပါမယ်။ ပထမတစ်ရုံးက ၅ လမ်းထိပ် (တိုင်းလွှတ် တော်အရှေ့)၊ ၅ လမ်းထိပ်က ရုံးချုပ်ပေါ့။ နောက်တစ်နေရာကကျတော့ ညောင်ပင် ကြီးလမ်း၊ ဘုမ္မော်ရပ်ကွက် ရပ်တော်မူဘုရား အနီးမှာ။ နောက်တစ်ရုံးကကျတော့ မြိတ်လမ်းနဲ့ အာဇာနည်လမ်းအကြား ထားဝယ် အကျဉ်းထောင်ရှေ့လမ်းပေါ့။

ထားဝယ်မြို့ကြီးက ကျယ်တော့ ကိုယ်နဲ့အနီးဆုံးနေရာမှာ မီတာခလာဆောင် လို့ ရအောင်ရယ်၊ နောက်တစ်ချက်က Complain စင်တာတွေ လက်ခံဖို့အတွက်။
သုံးရုံးက အကုန်လုံးက မီတာခ လက်ခံမယ်။ ကွန်ပလိန်းစင်တာထားမယ်။ လက်ရှိမှာတော့ သုံးလေးလလောက် အထိက သာမန်လက်ရှိ GGS ကို ပေးနေတဲ့ ပုံစံမျိုး ဆက်လုပ်မယ်။

တဖြည်းဖြည်း ငြိမ်သွားပြီဆိုရင်တော့ လက်ရှိမှာလည်း ဘဏ်တွေနဲ့ ဘာချိတ်ထားလဲဆိုတော့ လက်ရှိမှာလည်း အရမ်းလွယ်လာပြီ။ လူတိုင်းမှာလည်း မိုဘိုင်းဖုန်းကိုင်နိုင်တယ်။ လူတိုင်းမှာလည်း ဘဏ်အကောင့် ရှိတယ်၊ ဘဏ်တွေကိုယ်တိုင်ကလည်း ဝန်ဆောင်မှုတွေ ပေးနေတယ်။

ဥပမာ။ KBZ ဆိုလည်း KBZ Pay၊ CB ဘဏ် ဆိုလည်း CB Pay၊ ဧရာ၀တီဘဏ် Pay။ အကုန်လုံးက ထွက်နေတာလေ။ မီတာခဆောင်တဲ့လူတွေသည် ကျွန်တော် တို့ရုံးကို လာစရာမလိုဘူး။ မီတာဘောင်ချာ ကိုလည်း သူ့ဖုန်းထဲကိုပဲ ထည့်ပေးလိုက်မယ်။ ဖုန်းနံပါတ်တစ်ခု မှတ်ပုံတင်ထား ပြီးတယ်ဆိုရင် App (အယ်ပလီကေးရှင်း)နဲ့ သွားမယ်။

တနင်္သာရီ – DDPC နဲ့GGS လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ပြဿနာအဖြစ်ဆုံးက ၆၆ ကေဗွီလိုင်းက သစ်ပင်တွေနဲ့ ဝင်ငြိတယ်ပေါ့နော်။ အဲလိုမျိုးဖြစ်စဉ်တွေမဖြစ်အောင် ဘယ်လို စီမံထားလဲ။

ဦးဇော်မင်းဦး – လက်ရှိက GGS မှာလည်း မဖြစ်တော့ပါဘူး။ လက်ရှိ လည်း ၆၆ ကေဗွီလိုင်းကြီးဟာ ၅၃ မိုင် လောက်ရှိတာပေါ့။ အဲဒီလိုင်းက လုံး၀ problem ပေါ့။ အရန်လည်း မရှိဘူး။ သူက တစ်နေရာရာမှာ အကာအကွယ် မရှိတဲ့ ကြိုးတွေဆိုတော့ ဝါးပင်လေး လဲလိုက်တာနဲ့ သူက။ ၆၆ ကေဗွီလိုင်း ပျက်ပြီဆိုရင် ဒီဇယ်နဲ့ပဲ ထောက်ရမယ်။ ဒါကို GGS က အောက်ခြေကို ဒိုဇာတွေနဲ့ ထိုးထားတာ။ အခုဆို ကျွန်တော်တို့လည်း ထိုးရတော့မယ်။

တနင်္သာရီ – အခုချုပ်လိုက်တဲ့ စာချုပ်က ငါးနှစ်စာချုပ်လား။

ဦးဇော်မင်းဦး – ဟုတ်ကဲ့ ငါးနှစ်ပါ။ သူက ၃- ၁ -၁ ပေါ့။ ၃ နှစ်အတွက် တစ်ကြိမ်။ နောက် ၁ – ၁ (တစ်နှစ်ပြီး တစ်နှစ်) သက်တမ်းတိုးရမယ်။

တနင်္သာရီ – မီးလင်းရေးလုပ်မယ့် ကုမ္ပဏီအနေနဲ့ ထားဝယ်ခရိုင်ထဲက မီးသုံးသူတွေကို ဘာများပြောချင်ပါလဲ။

ဦးဇော်မင်းဦး – ကျွန်တော်တို့ ကလည်း အကောင်းဆုံးပေါ့လေ။ ခုနက ပြောသလို ပြည်သူကို မီးမပျက်စေရေး၊ ဗို့အားပြည့်မီစေရေး၊ ဝန်ဆောင်မှု အကောင်းဆုံးပေါ့ဗျာ ကျွန်တော်တို့ ပေးဖို့ရည်ရွယ်ထားတယ်။ ရည်ရွယ်ထား တဲ့အခါမှာ ခုနက ကျွန်တော်တို့ပြောတဲ့ ပြည်သူကိုယ်တိုင်လည်း ကျွန်တော်တို့ ဘက်ကို ပါဝင်လာမယ့် နည်းပေါ့ဗျာ။

ဘာဖြစ်လို့လဲဆို မီးအလုပ်က သမ္မာအာဇီ၀ အလုပ်ပဲ။ ကျွန်တော်တို့ ရိုးရိုးသားသား ခံယူထားတယ်။ ကျွန်တော်တို့ စက်တွေ ရင်းနှီးတယ်။ အမြတ်အစွန်းတစ်ခုတင်ပြီး တော့ ပြည်သူကို ရောင်းတယ်။ ရိုးရိုးပဲ။ ဒါသမ္မာအာဇီ၀အလုပ်ပဲ။ ပြည်သူက ဘယ်လိုပဲ အော်အော် မအော်အော် ဒါသူ့ဆားဗစ်လေ။ ဒါကျွန်တော်တို့ ပေးရမယ့် တာဝန်ရှိတယ်။ ပေးရမယ့်တာဝန် ရှိတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပေးရမယ့် ဝန်ဆောင်မှုကိုတော့ တည်တည် ငြိမ်ငြိမ်နဲ့ အကောင်းဆုံးပေးမယ်။ ပြည်သူ ကတော့ ကျွန်တော်တို့ကို အကြံဥာဏ်တွေပေး ထောက်ပြ၊ ပြည်သူလူထုက မကြိုက် လို့ ဆဲဆိုလည်း ကျွန်တော်တို့က အကြံဥာဏ် ပေးတယ်လို့ပဲမှတ်ယူတယ်။ ဘာကြောင့်လဲ ဆို ဒီအတွေ့အကြုံ ဒီဒဏ်တွေကို အခြား ပြည်နယ်နဲ့ တိုင်းတွေမှာ အများကြီး အတွေ့အကြုံရခဲ့ပြီလေ။

Dawei Watch