မျှော်လင့်မိသော

0
586

တစ်ခါတလေ မောင်ရင်လေးတို့လို ကျောမွဲ လူတန်းစားတွေ စိတ်ဓာတ်တွေ ကျ နောင်တတွေပါရလို့”သေမှအေးမယ့် ဘ၀တွေပါကွာ”လို့ နာနာကြည်းကြည်း တွေးမိချိန်တွေ မနည်းပါဘူး။

မတရားမှုနဲ့ ကြာလာတဲ့အခါ မောင်ရင်လေးတို့တွေ ထုသားပေသားကျ လို့ နေပါပြီ။

တစ်ခေတ် တစ်ခါက အသားတွေ တဆတ်ဆတ်တုန်သည်အထိ ခံပြင်းရ၊ လက်သီးတွေ ကျစ်ကျစ်ပါအောင်ဆုပ်လို့ နာနာကြည်းကြည်း တောက်ခေါက်မိတဲ့ အခါတွေ ရှိခဲ့ဖူးတယ်။

သို့ပေမဲ့လည်း အပြစ် မယူခံကြရပါဘူး။ သည်ခေတ်လောက် အကဲမဆတ်ကြပါဘူး။ သူတို့ရည်ရွယ် ရင်းကိုက ငါတို့ လုပ်ချင်ရာလုပ်မယ်။ မုန်းချင်မုန်း အရေးမစိုက်ဘူး။ အကြောက် တရားတွေနဲ့ ငါတို့အပေါ် နာကြည်းချင် သလောက် နာကြည်းပါစေ။ ငါတို့ကို ဆန့်ကျင်တဲ့လမ်းပေါ် တက်မလာရင်ပြီး ရောဆိုတဲ့ ခပ်ချေချေကာလများမှာ မောင်ရင်လေးတို့တွေ ခံပြင်းခဲ့ကြရဖူးပါ တယ်။ သို့ပေတဲ့ ကိုယ့်ထမင်းလုတ်အတွက် ကိုယ့်ဘာသာကိုယ် ရုန်းကန်ကြရင်း အဲသည် နာကြည်းခံပြင်းတာတွေ မေ့မေ့ လျော့လျော့ ဖြစ်လာကြတယ်။ ခေတ်တွေ ပြောင်းလာခဲ့ကြတယ်။

အခါအခွင့်သင့် တိုင်းတော့ သတိရမိမြဲပါပဲ။

အင်းလျားကန်ကို ဖြတ်ကျော်ပြီး ရေကူးလို့ လုံခြုံရေးစည်းကို ဖောက်ကာ အိမ်ထဲ ဝင်တဲ့စွဲချက်နဲ့ အမေအိုကို အပြစ် ရှိပါတယ်လို့ မတရားထောင်ချတာတွေ၊ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်အတွက် မတရား ထောင်အချခံရတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ လမ်းမတွေပေါ်မှာ အသက်ဆုံးပါးခဲ့ကြတဲ့ တက်ကြွလှုပ်ရှား သူတွေ၊ တိုင်းဧရာကိုအသွား လမ်းမှာ အမေအို ပိတ်ဆို့ ခံရတာတွေ၊ ဒီပဲယင်း လမ်းတွေပေါ်မှာ လုပ်ကြံခံရတာဖြစ်တဲ့ လူသတ်ပွဲတွေ၊ အခါကြီးရက်ကြီး လတန်ဆောင်တိုင်မှာ ထိုင်သပိတ်မှောက် နေကြတဲ့ သံဃာတော်တွေ အရိုက်ခံရ၊ မီးလောင်တိုက် အသွင်းခံရတာတွေ စတဲ့ မတရားမှုတွေ မောင်ရင်လေးတို့ တစ်တွေ မျက်မြင် ကြုံရဖူး၊ သွေးတွေဆူခဲ့ ကြရဖူး တာ မေ့စရာမှ မဟုတ်တာ။

၁၉၉၀ ရွေးကောက်ပွဲ ဒီချုပ်နိုင်လို့ ပျော်မိပေမဲ့လို့ ညောင်နှစ်ပင် စခန်းနဲ့ အင်းစိန် တောရ ဘယ်သင်း ရွေးရင်းက အနိုင်ရလဒ် ကို ပယ်ချခံခဲ့ကြရတာလည်း ဆိုးရွားတဲ့ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ ၂၀၀၈ နာဂစ် ကြောင့် လူပေါင်းသိန်းချီ သေကြေ ပျက်စီး ချိန်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ ရင်း အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ နဲ့ လူဦးရေ သန်းခြောက်ဆယ်ကျော်က ထောက်ခံအတည်ပြုခဲ့ ပါတယ်ဆိုတဲ့ အဖြစ် တွေဟာလည်း သည်နည်းနှင်နှင်ပါပဲ။ ကိုယ့်ဖဲ ကိုယ်ချိုး ၂၀၁၀ ရွေးကောက်ပွဲနဲ့ အဲသည် ငါးနှစ်သက်တမ်း ကာလတွေမှာ လည်း သည်လို ကြမ်းကြမ်းတမ်းတမ်း မတရားမှုတွေ မြင်သာထင်သာ မလုပ်ပေမဲ့ လို့ရှိခဲ့ ကြုံခဲ့ကြရတာပါပဲ။

သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ် ဆိုတဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာတော့ မောင်ရင်လေးတို့တွေ အတိတ်ကခါးခါးသီးသီး မဟုတ်မတရားမှုတွေကို ကန့်လန့်ကာချလို့ ပြီးခဲ့ပြီပေါ့လေလို့ အတွေးတွေနဲ့ သက်ပြင်း တွေ အခါခါ ချမိပါတယ်။ မတရားမှုတွေ ကုန်လွန်ပါစေတော့၊ အမှောင်ခေတ်က ခွင်းလို့ အလင်းဆောင်နိုင်ပါစေတော့ရယ် လို့ ယုံကြည်စိတ်နဲ့ လက်ခမောင်းပါ ခတ်မိခဲ့ပါတယ်လို့ ဆိုရင် မမှားပါဘူး။ အများစုသော ကိုယ်စားလှယ်တွေဟာ သောင်ပြိုကမ်းပြို နိုင်ခဲ့ကြ၊ အစိုးရ ဖွဲ့နိုင် ခဲ့ကြပြီဆိုတော့ စိတ်ထဲ အတော်တော့ ပျော်မိ၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုး ရေးအတွက် မျှော်လင့်မိတာ အမှန်ပါ။

အနောက်ဘက် ပြည်နယ် အရေးမှာ ရွေးကောက်ခံ တိုင်းရင်းသားတွေနဲ့ သည် ဘက်မှာ အစိုးရဖွဲ့စည်းရေး ပဋိပက္ခ၊ မြောက်ဘက် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်း ရေး အလားအလာ၊ အရှေ့ဘက် ပြည်နယ် အရေး စတာတွေမှာ တိုင်းရင်းသားရေးရာ ကိစ္စတွေမှာ တိုင်းရင်းသားတွေရဲ့ နှလုံးသား ကို ဒီချုပ်ဘက်က ရအောင် မသိမ်းသွင်း နိုင်ခဲ့ကြဘူးဆိုတာ မြင်လာချိန်မှာ စိုးရိမ် မိတာ အမှန်ပါပဲ။ သို့ပေမယ့် ၂၁ရာစု ပင်လုံ ကို ဦးတည်ကြပြီဆိုတော့ နည်းနည်း စိတ်အေးသလို ဖြစ်ရပေမဲ့လို့ မွန်အရေး၊ ကယားအရေးနဲ့၊ ကရင်အရေးတွေမှာ သာမက ကချင်အရေးမှာပါ တိုင်းရင်းသား တွေဘက်က ပူပန်မှုနဲ့ နှလုံးသားကို မငြိမ်းစေနိုင်ခဲ့တာ မြင်သာထင်ရှားလို့ လာခဲ့တယ်။ တက်ကြွလှုပ်ရှားသူ တိုင်း ရင်းသား လူငယ်အချို့ ထောင်တန်းကျ အရေးယူခံကြရတယ်။ တိုင်းရင်းသားအရေး မှာ စာမေးပွဲအောင်မှတ် မရခဲ့တာ လက်ခံ ကြရပါလိမ့်မယ်။ ယုံကြည်မှု တည်ဆောက် နိုင်ခြင်းမရှိသလို ငြိမ်းချမ်းရေးကိုလည်း အရောက်မလှမ်းနိုင်ခဲ့ကြပါဘူး။

ထူးခြားတာက သည်အခြေအနေမှာ ခြေဥ ပြင်ဆင်နိုင်ရေး လမ်းပေါ် တက်ခဲ့ ကြတယ်။ သို့ပေမဲ့ အခက်အခဲနဲ့ အကြပ် အတည်းကို ကျော်နိုင်မယ့် အနေအထား မမြင်ခဲ့ကြရသေးပါဘူး။

အနောက်ဘက် အရေး နိုင်ငံတကာ ဖိအားတွေ ဆက်တိုက် ကြုံရတယ်။ မြို့ပြတွေ ပေါ်အထိ လက်နက်ကိုင် တိုက်ပွဲတွေ ဖော်ဆောင် လာကြတယ်။ နိုင်ငံရဲ့ အချို့ နေရာတွေ ဟာ အမည်းရောင် စစ်ဆင်ရေး နယ်မြေ တွေအဖြစ် ပြောင်းခဲ့ကြရတယ်။ ငြိမ်းချမ်းရေး ရယူထားကြတဲ့ တိုင်းရင်းသား အချို့ အနေနဲ့လည်း ဆွေးနွေးပွဲက ထွက်ခွာ ခဲ့ကြသလို စည်းလုံးညီညွတ်ရေး အတွက် တစ်စုတစ်စည်းတည်း ညီညွတ်ရေးမူကို မောင်ရင်လေးတို့တွေ မတွေ့ခဲ့ကြရပါဘူး။ သည်နေ့အထိ ငြိမ်းချမ်းရေး သည်မနီးစပ် ခဲ့ပါဘူး။

တရားဥပဒေ စိုးမိုးရေးမှာကရော တည်ငြိမ်အေးချမ်းပါပြီလားလို့ တွေးမိတဲ့ ခဏမှာ အတော်စိတ်ကသိကအောင့် ဖြစ်ကြ ရပြန်ပါတယ်။ မဟုတ်တာကို မဟုတ်ဘူးလို့ ပြောမိတဲ့သူအချို့ တရားစွဲ ပြစ်ဒဏ်အကျ ခံရသလို တလွဲအဖြစ်တွေကို ထောက်ပြ မိတဲ့ အလဲဗင်းဂျာနယ်၊ တနင်္သာရီဂျာနယ် အပါအဝင်ဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်အချို့ တရားစွဲခံရ၊ ပြစ်ဒဏ် ချခံကြရတယ်။ ထောက်ပြဝေဖန်ခဲ့ကြတာတွေဟာ မှား သလားဆိုတော့ မမှားပေမဲ့ ထောက်ပြ ဝေဖန်ခဲ့ကြသူတွေအဖို့ ပြစ်ဒဏ်ချခံရ၊ ခြိမ်းခြောက်ခံကြရတာ ကောင်းသော အလားအလာ မဟုတ်ပါဘူးဆိုတဲ့ သက် သေပါပဲ။

မြက်တောတွေထဲမှာ ပစ်ထားခဲ့ကြ ရတဲ့ အဝါရောင် ကျောင်းကားတွေ၊ ဘတ်စ်ကားတွေအတွက် ကုန်ကျရတဲ့ နိုင်ငံတော် ဘဏ္ဍာတွေအတွက် ဘယ်သူမှ တာဝန်မခံကြသလို ထောက်ပြမိတဲ့ သတင်းသမားတွေ အရေးယူခံကြရတယ်။ “မဲဆွယ် အပြုံး”သရော်စာနဲ့ ထောက်ပြ ဝေဖန်မှုကြောင့် တနင်္သာရီဂျာနယ် အရေး ယူခံရပေမယ့် အဲသည် ထောက်ပြဝေဖန်ခဲ့ တဲ့ အဖြစ်အပျက်တွေကလည်း မမှားဘူး ဆိုတာ တိုင်းဒေသကြီးဝန်ကြီးချုပ် အရေးယူ ခံရသည်အထိ ဖြစ်ခဲ့တာက သက်သေပါပဲ။

တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက် လို့ နည်းနည်း အားရစရာကောင်းခဲ့တဲ့ အဖြစ်အချို့ ရှိခဲ့ပါတယ်။ ၂၀၁၈ အတွင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အချို့ကို သာဓက ပြကြရမယ်လို့ ဆိုရပါမယ်။

မုဒိမ်းမှုနဲ့အမှု ဆင် စွပ်စွဲခံရတဲ့ သရုပ်ဆောင် သီဟတင်စိုး အမှု၊ သရုပ်ဆောင် အောင်ရဲထွေး အသတ် ခံရမှု၊ ချင်းပြည်နယ်က မူးယစ်အမှုဆင်ခံရ တဲ့ အမျိုးသမီး ကျန်းမာရေးဆရာမ အမှု၊ ငွေတုနဲ့ အဖမ်းခံရတဲ့ စင်ကာပူက ပြန် လာတဲ့ ကရင် အိမ်ဖော်မလေး အမှုတွေမှာ အမှန်တရားအတွက် အားတက်ခဲ့မိတာ အမှန်ပါပဲ။

သည့်နောက် မကြာမတင်က ဖြစ်ပျက် ခဲ့တဲ့ ဆရာဝန် အဆိုတော်နဲ့ တေးရေး ဆရာတွေ သကြားလုံး တစ်ဆယ့်တစ်လုံး နဲ့ အဖမ်းခံရမှုကလွဲရင် ဟိုးမန်းက ဆေးခြောက်စိုက်ခင်းသံသယနဲ့ သုတေသန စိုက်ခင်း အဖမ်းခံရတဲ့ အမှု၊ ဗစ်တိုးရီး ယားလေးအမှုနဲ့ ဘီပီအိုင် စက်ရုံအမှုတွေ မှာ အားရစရာ မတွေ့ရပြန်ပါဘူး။ မြင်သာထင်သာ လူသိများ ထင်ရှားတဲ့ အမှုတွေကိုသာပြောရပေမဲ့ လက်တွေ့ ဘ၀မှာ တွေ့နေမြင်နေကြရတဲ့ တရားဥပဒေ စိုးမိုးရေး အရေးအရာကိစ္စတွေမှာလည်း စိတ်ပျက်စရာ များလှပါတယ်။ ကိုယ့် ဘာသာကိုယ် သူခိုးဖမ်းပေးနေကြရတဲ့ ပြည်သူတွေဘ၀၊ ကိုယ့်ဘာသာကိုယ် ကာကွယ်နေကြရတဲ့ နိုင်ငံသားတွေဘ၀ ဆိုတာတွေက အားရစရာ မဟုတ်ပါဘူး။

အခြား အခွင့်အရေးအရာတွေနဲ့ လူမှုဘ၀ရေးရာတွေမှာဆိုရင်လည်း အခြေခံ စားသုံးသူတွေရဲ့ ဘေးကင်းလုံခြုံရေးကို လည်း အာမမခံနိုင်သလို အခြား အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုကိုလည်း အာမခံနိုင်ခြင်းမရှိသေးတာ အမှန်ပါပဲ။ မဟုတ်မတရားမှုတွေမှာ နှုတ်ဆိတ်နေတဲ့ ကိုယ့်အစိုးရကိုလည်း အံ့ဩနေမိတာ အမှန်ပါပဲ။

တစ်ခေတ် တစ်ခါက အသားတွေ တဆတ်ဆတ်တုန်သည်အထိ ခံပြင်းရ၊ လက်သီးတွေ ကျစ်ကျစ်ပါအောင်ဆုပ်လို့ မာန်တင်းရတဲ့ ဟိုးဘက်တစ်ခေတ်တစ်ခါ များမှာ နာနာကြည်းကြည်းတောက်ခေါက် မိလည်း အပြစ်မယူခံကြရပါဘူး။ သည်ဘက်ခေတ်မှာတော့ အကြည်ညို ပျက်စေတယ် ထင်မှာစိုးလို့ အဲသလို မညည်းညူရဲ၊ တောက်မခေါက်ရဲပါဘူး။ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေကိစ္စများမှာ ထင်မထားပါဘဲ ထောင်တန်းကျလည်း ကြိတ်မှိတ်ခံကြရပါတယ်။

မဟုတ်မတရားမှုတွေနဲ့ ခံရတာတွေ များလာတဲ့အခါ၊ တစ်ခါတလေ မောင်ရင် လေးတို့လို ကျောမွဲလူတန်းစားတွေ စိတ် ဓာတ်တွေကျ နောင်တတွေပါရလို့ သေမှ အေးမယ့် ဘ၀တွေပါကွာလို့ နာနာ ကြည်းကြည်း တွေးမိချိန်တွေ မနည်းပါ ဘူး။ ဗစ်တိုးရီးယား လေးနဲ့ ကိုအောင်ကြီး တို့လို နိုင်ငံသိအဖြစ်တွေမှာသော်မှသည် လိုပါပဲလားဆိုပြီး စိတ်က ဖြေသိမ့်ယူရပါ တယ်။

ဒါကောင်းတဲ့ အဖြစ်အပျက်တွေ ရယ်လို့တော့ မယုံကြည်ပါဘူး။ တရား ဥပဒေဆိုတာ အမှန်တကယ်လည်း ယုံကြည်ရ၊ တရားဥပဒေစိုးမိုးမှုဆိုတာ လည်းအမှန် ရှိလာ၊ အားကိုးလာကြရတဲ့ တစ်နေ့ကို မောင်ရင်လေး မသေခင်တော့ မျက်မြင် တွေ့ချင်ပါသေးတယ်။

မောင်ရင်လေး