အမတ်ရောဂါ ထကြပါ။ သို့သော်…

0
816

လွန်ခဲ့သည့် ၄ နှစ်ကျော် ၂၀၁၅ မေလက “အမတ်ရောဂါ”ခေါင်းစဉ်ဖြင့် တနင်္သာရီဂျာနယ်တွင် ဆောင်းပါးရေးခဲ့ဖူး ပါသည်။ ထိုဆောင်းပါးကို “ပြည်သူကို ပြန်ပြန် မခိုင်းပါနဲ့နှင့် အခြားဆောင်းပါး များ”စာအုပ်တွင်လည်း ထည့်သွင်းဖော်ပြ ခဲ့ပါသည်။

လူတစ်စု၏ အမတ်ရောဂါက လူထု အတွက် အရေးကြီးသောကြောင့် ထပ်ဆင့် ထည့်သွင်းခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၅ ဧပြီလက ပါတီကြီးအချို့တွင် အမတ်ရောဂါထသူတို့ များပြားလွန်းနေ သဖြင့် ရောဂါထနေသူတို့ မိမိကိုယ်ကို ပြန်ဆန်းစစ်ရန်၊ ကြိုတင်ပြင်ဆင်ကြရန် ရည်ရွယ်ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

ယခုမကြာမီ ၂၀၂၀ ရွေးကောက်ပွဲ ရာသီ ရောက်လာပါတော့မည်။ တစ်နည်း ဆိုလျှင် နိုင်ငံရေးသမားတို့ အမတ်ရောဂါ ထသည့် ကာလ ရောက်တော့မည်။

၂၀၁၅ ခုနှစ် တုန်းကလည်း ပါတီကြီးတို့မှ ပါတီဝင်တို့ အမတ်ရောဂါ တော်တော် ထခဲ့ကြကြောင်း ပါတီခေါင်း ဆောင်အချို့က ပြောဆိုဖူးသည်။ လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီမှ ဗဟိုတာဝန်ရှိသူ တစ်ဦးကလည်း သတင်းမီဒီယာများကို ပြောဆိုခဲ့ဖူးသည်။
“ရွေးကောက်ပွဲဝင်ချင်သူတွေ တစ်ပုံ ကြီး၊ အများကြီး ဖြစ်နေတယ်”ဟူ၏။

လာတော့မည့် ၂၀၂၀ ရွေးကောက်ပွဲ တွင်လည်း အမတ်ရောဂါ ထလာကြတော့ မည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ထိုသူတို့ကို တစ်ခု မေးချင်သည်။(အမတ်ရောဂါ ဆောင်းပါးတွင်လည်း မေးခဲ့ဖူးပါသည်။)
“အမတ်ရောဂါထရန် အသင့် ဖြစ်နေ ပြီလော၊ အသင့် ပြင်ဆင်ထားပြီး၏လော”
တနင်္သာရီတိုင်းအတွင်းမှ အမတ် ရောဂါထနေသူတို့ သိထားရမည့် အခြေခံ အချက်များစွာအနက် အချို့ကို ဖော်ပြပါမည်။

၂၀၁၅ ခုနှစ်က တနင်္သာရီတိုင်းတွင် မဲပေးခွင့်ရသူဦးရေ ၁၀ သိန်းခန့်(၉၈၅၀၀၈ ဦး) ရှိခဲ့သည်။ ၂၀၂၀ တွင်လည်း အသက် ၁၈ နှစ် ပြည့်လာ၍ မဲပေးခွင့်ရလာသူများ နှင့် သေဆုံးသွားသူတို့ မျှချေလုပ်လိုက် လျှင် ၁၀ သိန်းဝန်းကျင် ရှိနေပါလိမ့်မည်။

အသက် ၂၅ နှစ်ရှိသူမှ အထက်သည် အမတ်(လွှတ်တော်ကိုယ်စားလှယ်)လုပ်ခွင့် ရှိရာ တနင်္သာရီတိုင်းအတွင်း လူ ၈ သိန်း ခန့် အမတ်လုပ်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟု ဆိုနိုင်သည်။

တိုင်းအတွင်း လွှတ်တော်ကိုယ်စား လှယ် ၄၃ ဦး (အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၁၀ ဦး၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်တိုင်း ရင်းသားရေးလွှတ်တော်ကိုယ်စားလှယ် ၁ ဦး)သာ လိုသည်။

သို့ကြောင့် အသက်ပြည့်သူ ၂ သောင်း ခန့်တွင် ၁ ဦးနှုန်း အမတ်ဖြစ်ခွင့်ရမည့် သဘောဖြစ်သည်။
အမတ်ရောဂါထသူတို့သည် လူ၂ သောင်းထဲမှ တစ်ဦးသည် မိမိဖြစ်သင့် သည်၊ မိမိသာသင့်တော်သည်ဟု ခံယူနေ သူပင် ဖြစ်သည်။

ထိုခံယူချက်နှင့် ညီသော လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတွင် ရှိသင့်ရှိထိုက် သည့် အရည်အသွေးတို့ ပြည့်ဖြည့်ကျင့် ထားပြီး ၏လော။

မိမိတက်ရောက်လိုသည့် လွှတ်တော် တွင် ထမ်းဆောင်ရမည့်တာဝန်၊ လုပ်ဆောင် နိုင်သည့် အမှုကိစ္စများကို ကြိုတင်လေ့ လာထားပြီး၏လော။

အမျိုးသားလွှတ်တော်ကိုယ်စား လှယ် လုပ်ချင်သည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လုပ်ချင်သည်ဆိုက ဘာ ကြောင့် လုပ်ချင်သနည်း။ မည်သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များရှိသည်ကို ကြိုလေ့လာထားပြီလော။

အထက်ပါ လွှတ်တော်ကိုယ်စားလှယ် နေရာများသည် သာမန်လွှတ်တော် ကိုယ်စားလှယ်မှသည် လွှတ်တော်ကော်မတီ အဖွဲ့ဝင် (သို့)ဥက္ကဋ္ဌ အလယ်၊ ပြည်သူ့/အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအထိ၊ နောက်ဆုံး ဒုသမ္မတ၊ နိုင်ငံတော် သမ္မတ အထိ လုပ်ခွင့်ရမည့်သူများ ဖြစ်သည်။

ထိုတာဝန်တို့ ပေးအပ်ခံရပါက အသင့် ဖြစ်နေပြီလော။ နိုင်ငံတော်အကြီးအကဲရာထူး များအထိ မျှော်မှန်းဖြည့်ကျင့်ထားရန်မှာ လူနည်းစုသာ တတ်နိုင်လိမ့်မည်။ သို့သော် ထိုလူနည်းစုထဲ မိမိပါနေက ပိုမကောင်း ၏လော။ အသင့်ဖြစ်နေက ကိုယ်စားလှယ် တစ်ဦး၏တာဝန် ပိုမကျေ၏လော။

ထို့အတွက် မိမိကိုယ်စားပြုမည့် မြို့နယ်အဝှမ်း၏ ပကတိအခြေအနေ အပြင် အခြားလွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးလာမည့်၊ မဲခွဲရန် တောင်းဆို လာမည့် နိုင်ငံအဝှမ်း၏အခြေအနေ၊ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးအခြေ အနေတို့ကို လေ့လာထားပြီး၏လော၊ ဆဝါးမိလေပြီလော။

တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် လုပ်ချင်သည်ဆိုကလည်း ဘာကြောင့် လုပ်ချင်သနည်း။ မည်သည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များရှိသည်ကို ကြိုလေ့လာထားပြီလော။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်သည်လည်း သာမန်ကိုယ်စားလှယ်မှ သည် တိုင်းလွှတ်တော်ကော်မတီအဖွဲ့ဝင် (သို့)ဥက္ကဋ္ဌ အလယ်၊ လွှတ်တော်ဥက္ကဋ္ဌမှ နောက်ဆုံး ဝန်ကြီး၊ ဝန်ကြီးချုပ်အထိ လုပ်ခွင့်ရမည့်သူများ ဖြစ်သည်။

ထို့အတွက် အထက်ဖော်ပြပါ အမျိုးသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များထက် မလျှော့သော မိမိကိုယ်စားပြုမြို့ နယ် အရေး၊ တိုင်းဒေသကြီးအရေးအပြင် မြန်မာ့အရေး၊ ကမ္ဘာ့အရေးပါ ကြိုတင် လေ့လာထားရမည် မဟုတ်၏လော။

ထို့ပြင် သက်ဆိုင်ရာကဏ္ဍအသီးသီး ၏ အခြေခံအချက်များကို ဆဝါးမိနေရန် လိုပါသေးသည်။
သို့မှသာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မည်သည့်ကဏ္ဍတွင် တာဝန်ထမ်းဆောင်ရပါစေ၊ အသင့်ဖြစ်နေ မည် မဟုတ်ပါလော။

အနည်းဆုံး မိမိကိုယ်စားပြုမည့် မဲဆန္ဒနယ်၏ အောက်ခြေကိစ္စ အဝ၀ကို၊ ပကတိအခြေအနေကို နှိုက်နှိုက်ချွတ်ချွတ် သိထားပြီလော။

နောက်ဆုံး မိမိအရွေးခံမည့် မိမိဒေသမှ မဲဆန္ဒရှင်များ မိမိကို မဲပေးချင်အောင်၊ ယုံကြည်ကိုးစားအောင် တည်ဆောက် ထားပြီး၏လော။

ထိုအချက်များကို မဖြည့်ဆည်းဘဲ ပါတီတစ်ခုခု၏ အရှိန်အဝါအားကိုး၊ တစ်သီးပုဂ္ဂလဆိုက မိမိကို ထောက်ခံအား ပေး အားမြှောက်ပြုသူ တစ်စုတစ်ဖွဲ့အား ကိုး၊ မဲဆွယ်ရာတွင် သုံးစွဲနိုင်သောငွေ ကြေးအားကိုးဖြင့် အမတ်ရောဂါထကာ ဝင်ပြိုင်ပါက မရှုမလှ ကျရှုံးရပါလိမ့်မည်။

(လူထုက ပါတီမျက်နှာကြည့်ပြီး မဲပေး လိုက်သောကြောင့်)နိုင်သွားသည့်တိုင် ပြည်သူတို့ နစ်နာရပါလိမ့်မည်။

သို့ကြောင့် မိမိ အမတ်လုပ်မည်ဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြီးပါက အထက်ပါ အချက်များကို ကြိုတင်ပြင်ဆင်ဖြည့် ဆည်းထားစေလိုပါသည်။

အမတ်ရောဂါ ထကြပါ။ သို့သော် ထိုရောဂါနှင့် ထိုက်တန်သော ဖြည့်ကျင့်မှု တို့ ပြုကြပါ။
အချိန် ၁ နှစ် ကျန်ပါသေးသည်။ ဖြည့်ဆည်းနေသူများလည်း ထပ်ဖြည့်ထား ရန် တိုက်တွန်းပါသည်။

အမတ်ဖြစ်ပြီးမှ ဝန်ကြီးချုပ်၊ ဝန်ကြီး ဖြစ်ပြီးမှ ဟိုသင်တန်း တက်နေဆဲ၊ ဤကိစ္စက လိုက်လံလေ့လာနေဆဲပါဟူ သည့် အသံများ အတိုင်းထက်အလွန် မကြားချင်ပါ။

(တာဝန်ယူပြီးမှ သင်တန်းမတက်ရ၊ မလေ့လာရဟု ပြောချင်းမျိုး မဟုတ်ပါ။ အတိုင်းထက်အလွန် သင်တန်းတက်နေရ၊ လေ့လာနေရပါက ပြည်သူ့ဘဏ္ဍာ နစ်နာ သည့်အပြင် ၎င်းထမ်းဆောင်ရမည့် တာဝန်အချိန်များ မထမ်းဆောင်ရသဖြင့် လူထုက နှစ်ခါနစ်နာရသည်ကို သတိပြုမိ စေလိုပါသည်။)

၂၀၂၀ ရွေးကောက်ပွဲစင်မြင့်ပေါ်တွင် အမတ်ရူးများ နည်းသထက် နည်းစေလို ပါသည်။
မဲဆန္ဒရှင်တို့သည် အမတ်ရူးကို မဲပေးလိုကြမည် မဟုတ်သည်ကို လူတိုင်း၊ ပါတီတိုင်း သိပြီး ဖြစ်ပါလိမ့်မည်။

မင်းခန့်