တိုင်းအတွင်း ဆရာ၊ ဆရာမ တစ်ရာကျော်ကို အထက်တန်းပြရာထူး ခန့်အပ်

0
518

တိုင်းအတွင်းရှိ အခြေခံပညာကျောင်း များမှ B.Ed ဘွဲ့ရ နှင့် B.Ed ဒုတိယနှစ် အလယ်တန်းပြ ဆရာ၊ ဆရာမ ၁၁၇ ဦး ကို နိုဝင်ဘာလ ၁ ရက်က ရာထူးတိုး ပြောင်းအဖြစ် အထက်တန်းပြ ရာထူးခန့် အပ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

“ဆန္ဒပြုတဲ့နေရာကို မူဘောင်နဲ့ ကိုက်ညီရင် အကုန်လုံးပေးတယ်။ မူဘောင်နဲ့ကိုက်တယ်ဆိုတာက ဆန္ဒပြု တဲ့ဒေသလည်း ဖြစ်ရမယ်။ ရွာကျောင်းလည်း ဖြစ်ရမယ်။ ဘာသာရပ်လိုအပ်ချက် ကိုက်တယ်ဆိုမှ ပေးတယ်” ဟု တိုင်းပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

B.Ed ဘွဲ့ရ ဆရာ၊ ဆရာမများကို အထက်တန်းပြ လစာနှင့် အထက်တန်းပြ ရာထူး၊ B.Ed ဒုတိယနှစ်တက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့် MA, MSC ဘွဲ့ရ ဆရာ၊ ဆရာမများကိုလည်း အလယ်တန်းပြလစာနှင့် ယာယီအထက်တန်းပြ ရာထူး ခန့်အပ်ခဲ့သည်ဟု ဒေါ်မြင့်စိန်က ပြောသည်။

ရာထူးတိုးပြောင်းရွှေ့ခွင့် ဆန္ဒပြုထားသည့် ဆရာ၊ ဆရာမများကို အခြေခံ ပညာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်ပြီး မူလတန်းပြ ဆရာ၊ ဆရာမများအတွက် နေ့စားလပေး ဆရာ၊ ဆရာမများခန့်အပ်ရန်အတွက် အခြေခံ ပညာဦးစီးဌာနသို့ တင်ပြထားပြီးဖြစ် သော်လည်း ခွင့်ပြုချက်မကျလာသေးဟု ဒေါ်မြင့်စိန်က ပြောသည်။

တိုင်းအတွင်း အဆင့်တိုးကျောင်း များနှင့် ရာထူးတိုးပြောင်းပါသွားသည့် ကျောင်းများတွင် ဆရာလိုအပ်ချက်များ ရှိနေပြီး အခြေခံပညာဦးစီးဌာနက ဆရာ၊ ဆရာမများ မချပေးနိုင်သေးသဖြင့် လစ်လပ်နေသည့် ဘာသာရပ်ကို အခြား ဆရာ၊ ဆရာမများဖြင့် အစားထိုးသင်ကြား ပေးခြင်း၊ အချို့မှာ ရပ်ရွာအစီအစဉ်ဖြင့် ဆရာငှားသင်ကြားနေရသည်ဟု သရက်ချောင်းမြို့နယ်မှ အလယ်တန်းပြဆရာမ တစ်ဦးနှင့် ကျောင်းသားမိဘ အချို့က ပြောသည်။

မိုးမြင့်