မွန်အမျိုးသားနေ့ဗဟိုအခမ်းအနား မော်လမြိုင်တွင် ကျင်းပမည်

0
457

၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မော်လမြိုင်မြို့တွင် ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကျင်းပရေးကော်မတီ ထံမှ သိရသည်။

တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ထား သည်။
မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား ကို စည်စည်ကားကား ကျင်းပနိုင်ရန် အတွက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် ကော်မတီဝင်များပါသည့် ကျင်းပရေး ကော်မတီတစ်ရပ်ကိုလည်း အောက်တိုဘာ ၂၆ ရက်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

“လောလောဆယ်ကတော့ အရင် ဦးဆုံးလုပ်ရမယ့် မြေစိုက်ပိုစတာတို့ ဘာတို့ကိစ္စ လုပ်နေတယ်။ ဒီနှစ်ဗဟို အခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် စလုပ်နေပြီ”ဟု ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကျင်းပရေးကော်မတီ တွဲဖက် အတွင်းရေးမှူး မင်းအောင်ထူးက ပြောသည်။

၎င်းအပြင် အခမ်းအနားကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ ၁၂ ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။

၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကို မွန်တို့၏ ဘာသာစကား စာပေယဉ်ကျေးမှု ဓလေ့ရိုးရာ သမိုင်းအစဉ်အလာများ မပျောက်ကွယ် မတိမ်ကောသွားအောင် ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုး တက်လာအောင် မြှင့်တင်ကြိုးပမ်းဆောင် ရွက်ရန် မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန် အစဉ်နိုးကြားပြီး စည်းလုံး ညီညွတ်ရန်နှင့် တိုင်းရင်းသားလူမျိုးများ အားလုံး စည်းလုံးညီညွတ်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန် စသောရည်ရွယ်ချက် များဖြင့် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား ကို နှစ်စဉ်နှစ်တိုင်း တစ်မြို့နယ်စီဖြင့် အလှည့်ကျ ကျင်းပလာခဲ့ရာ ယခုကျရောက်သည့် ၇၃ ကြိမ်မြောက် ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့တွင် ကျင်းပရန် သဘောတူရွေးချယ်ခဲ့ကြသည်။

မွန်အမျိုးသားနေ့ဗဟိုအခမ်းအနား တွင် အခမ်းအနားကျင်းပခြင်းအပြင် စာပေပြိုင်ပွဲများ၊ ယဉ်ကျေးမှုအကပြိုင်ပွဲ ပျော်ပွဲရွှင်ပွဲများ ဖျော်ဖြေပွဲများအပြင် ယမန်နှစ်များထက် ပိုမိုစည်းကားစေရန် ရည်ရွယ်ပြီး မွန်လူမျိုးတို့နှင့် ပတ်သက်သည့် ပြခန်း ပြသမည့်အစီအစဉ်လည်း ထည့်သွင်းကျင်းပရန် စီစဉ်ထားကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်အမျိုးသားနေ့အခမ်းအနားကို မြို့နယ်အဆင့် ကျေးရွာအဆင့်အပြင် မွန်လူမျိုးစုများ နေထိုင်ရာ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီ တိုင်းနှင့် ပြည်ပနိုင်ငံများရောက် မွန် လူမျိုးတို့ကလည်း မွန်အမျိုးသားနေ့ အခမ်းအနားကို ၎င်းတို့၏ အားလပ်ရက်များတွင် ကျင်းပလေ့ရှိသည်။

Dawei Watch