အံဒင်တွင် အကောင်အထည်ဖော်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း ဒေသခံများ ကန့်ကွက်

0
701
ဒေသခံများ ကန့်ကွက်နေစဉ်
ဒေသခံများ ကန့်ကွက်နေစဉ်

မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်ကျေးရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်း ကို ဒေသခံများက ကန့်ကွက်ခဲ့သည်။

Forever Thanlwin Co., Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း (Offshore Supply Base) စီမံကိန်းသည် ဒေသခံများ၏ လူမှုစီးပွားဘ၀ အသက်မွေးဝမ်း ကျောင်းတို့ကို ထိခိုက်နိုင်သည့်အတွက် ယင်းသို့ ကန့်ကွက်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စီမံကိန်းပုံစံက စီမံကိန်းဧရိယာမှာ ဓမင်းဆိပ်တစ်ရွာလုံး ပြောင်းရွှေ့ရမယ့် အနေအထား ရှိတယ်”ဟု အံဒင်လူငယ်အဖွဲ့ဝင် မသီရိဦးက ပြောသည်။

စီမံကိန်းလုပ်ကိုင်ပါက ဒေသခံများ ငါးဖမ်းခွင့်မရတော့ခြင်း၊ လှေငယ်များ သွားလာခွင့် မရတော့ခြင်း စသည့် လူမှုစီးပွားထိခိုက်မှုများအပြင် သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုများဖြစ်မည်ကို စိုးရိမ်ကြောင်း မသီရိဦးက ပြောသည်။

ဓမင်းဆိပ်ရွာတွင် အိမ်ခြေ ၂၁၀ခန့်၊ လူဦးရေ ၁၄၀၀ ကျော်ရှိသည်ဟု သိရ သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် တွင်လည်း စီမံကိန်းနှင့် ပတ်သက်၍ Environmental Impact Assessment (EIA)ဆောင်ရွက်ရန်အတွက် Third Party ဖြစ်သော See Trust Co., Ltd. နှင့် Forever Thanlwin Co., Ltd. တို့က အများပြည်သူတို့အား ချပြဆွေး နွေးမည်ဖြစ်ပါသောကြောင့် စိတ်ဝင်စား ပါက မည်သူမဆို တက်ရောက်နိုင်သည် ဆိုပြီး ကုမ္ပဏီမှ နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။

ဒေသခံများ ကန့်ကွက်နေစဉ်

ဒေသခံတို့မှ အဆိုပါ ချပြဆွေးနွေး ပွဲကို အသိအမှတ်မပြုကြောင်း ကန့်ကွက် ထားသည့်အပြင် ကမ်းလွန် ထောက်ပံ့ရေး အလိုမရှိ စာသားပါ ပိုစတာများ ကိုယ်စီ ကိုင်ဆောင်ပြီး လမ်းပေါ်ထွက် စောင့်ဆိုင်း ကန့်ကွက်ကြသည့်အတွက် နိုဝင်ဘာ ၁၄ ရက်က ကျင်းပရန် စီစဉ်ထားသည့် EIA ဆွေးနွေးပွဲ ပျက်ပြားသွားသည်ဟု သိရသည်။

စီမံကိန်းနှင့် ပတ်သက်ပြီး Forever Thanlwin ကုမ္ပဏီကို ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ဖုန်းမကိုင်ပေ။

ဒေသခံတို့အနေနှင့် ကမ်းလွန် ထောက်ပံ့ရေးစခန်း စီမံကိန်းအတွက် မြေစတင်ဝယ်ယူပြီး အခြားနည်းအသုံး ပြုခွင့်လျှောက်သည့် ၂၀၁၇ ခုနှစ်ကတည်းက ဒေသခံတို့က ကန့်ကွက်လာခဲ့သည်။

“ကျွန်တော်တို့ ဒေသမှာ ကျောက် မီးသွေးစက်ရုံ စီမံကိန်းကလည်း မပြီးပြတ်သေးတဲ့အနေအထား မှာ အခု ကမ်းလွန် ထောက်ပံ့ ရေးစခန်း စီမံကိန်းဝင်လာတော့ ဒေသခံတွေအနေနဲ့က စိုးရိမ်နေကြပါတယ်။ ဒါကြောင့် ဒီစီမံကိန်းကို လက်မခံ ကြတာ”ဟု အံဒင်ဒေသခံ ကိုဖိုးဇော်က ပြောသည်။

အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်း ဆိပ်ကျေးရွာအနီး မြေ ၆၈ ဧကကျော်ပေါ် တွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်း စီမံကိန်းအတွက် Forever Thanlwin Co., Ltd. မှ အမေရိကန်ဒေါ်လာ ၆၃ သန်း ကနဦး ရင်းနှီးမြှုပ်နှံရန်ရှိသည်ဟု စီမံကိန်းအစီရင်ခံစာအရ သိရသည်။

Dawei Watch