ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပါသည့်စာအုပ် စရောင်း

0
963
ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများ စာအုပ်
ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများစာအုပ်

ဌာနဆိုင်ရာများ၏ လုပ်ငန်းစနစ် (SOP)များကို ဖော်ပြထားသည့် စာအုပ်ကို တနင်္သာရီတိုင်းအတွင်း စတင်ရောင်း ချနေသည်။

တိုင်းအစိုးရအဖွဲ့က ဦးစီးထုတ်ဝေ သည့် ယင်းစာအုပ်တွင် အစိုးရဌာန ၄၁ ခု၏ လုပ်ထုံးလုပ်နည်းများ ဖော်ပြထားသည်။

Standard Operation Procedures (SOP) ဆိုသည်မှာ ဌာနတစ်ခုတွင် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့် အကြောင်းအရာ၊ ဝန်ဆောင်မှုအတွက် လိုအပ်သည့် အချက်အလက်၊ ကြာမြင့် အချိန် အစရှိသည့် အချက်အလက်များကို ပြုစုဖော်ပြထားခြင်း ဖြစ်သည်။

စာမျက်နှာ ၂၇၇ မျက်နှာ ပါဝင်သည့် အထက်ပါစာအုပ်တစ်အုပ်လျှင် ၈၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။

ပြည်သူများ၏ အခြေခံလိုအပ်ချက် များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာဖြင့် မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်ရန် ပြည်သူလူထုအတွက် ရိုးရှင်းလွယ်ကူ သည့် စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေးနိုင်ရန် အစရှိသည့် အချက်များအတွက် ထုတ်ဝေခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းစာအုပ်များကို ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် တိုင်းအစိုးရအဖွဲ့ရုံးတို့တွင် ရောင်းချပေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် အထက်ပါ စာအုပ်ပါ အကြောင်းအရာများကို မိုဘိုင်းအယ်ပလီကေးရှင်း ရေးဆွဲရန် စီစဉ်နေပြီး Play Store တွင် ဒေါင်းလုပ်ခ်လုပ်နိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

“အယ်ပလီကေးရှင်းက ဒီဇင်ဘာလ နှောင်းပိုင်းမှာ ပြီးနိုင်မယ်”ဟု ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းရှုပ်ထွေးနေသည့်အတွက် ပြည်သူများသိရှိမှု အားနည်းခြင်း၊ ဌာနအချို့၏ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပွင့်လင်း မြင်သာမှု အားနည်းနေခြင်းတို့ကြောင့် SOP ရေးဆွဲနေကြောင်း ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောဆိုခဲ့ဖူးသည်။

အခြားတိုင်းနှင့် ပြည်နယ်အချို့တွင်လည်း SOP စာအုပ်များ ထုတ်ဝေထားသည်။

Dawei Watch