သမီးလေး ဆေးဖိုး စိတ်မပူပါနဲ့၊ ပြန်လာခေါ်ပါ ဖေဖေနဲ့မေမေ

0
606

ထိုင်းနိုင်ငံ ရနောင်းဆေးရုံမှာ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဟာ လမစေ့ဘဲနဲ့ သမီးလေးတစ်ဦး မွေးဖွားခဲ့ ပါတယ်။

မွေးကင်းစသမီးလေးဟာ ပေါင်ချိန် မပြည့်တဲ့အပြင် နှလုံးအားနည်းရောဂါလည်း မွေးရာပါ ပါလာတော့ လူ့လောကထဲ စရောက်ကတည်းက အထူးကြပ်မတ် ကုသမှုခံယူနေရပါတယ်။

အောက်ဆီဂျင် အချိန်ပြည့် ပေးထားရပြီး အစာအတွက် နှာခေါင်းပိုက် တပ်ထားရတာ ခုထိပါပဲ။
မိဘနှစ်ပါးဟာ ငွေကြေးမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပါတယ်။

ဒါပေမဲ့ မိဘနှစ်ပါးဟာ သမီးလေး အနားမှာ တစ်ပတ်လောက်အထိနေပြီး နောက်မှာ သမီးလေးကို ဆေးရုံမှာ တစ်ယောက်တည်းထားခဲ့ပြီး ထွက်ခွာသွားကြပါတယ်။

ဆေးရုံက တာဝန်ရှိသူတွေက မိတ္တသဟရနာရေးကူညီမှုအသင်း(ရနောင်း မြို့)ကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။

မိတ္တသဟရ နာရေးကူညီမှုအသင်း (ရနောင်းမြို့) ဥက္ကဋ္ဌ ကိုသားကျော်နဲ့အဖွဲ့ ဆေးရုံကို လိုက်သွားပြီး စုံစမ်းကြည့်တော့ ဆေးဖိုးက ဘတ်ငါးသောင်း(မြန်မာ ငွေ ၂၅ သိန်း)လောက် ကုန်ကျနေပြီဖြစ်ပြီး အဲဒီငွေက မရှင်းရသေးဘူးလို့ သိရပါတယ်။

မိဘနှစ်ပါးဟာ ဆေးဖိုးငွေ ပေးချေဖို့ကလည်း မတတ်နိုင်၊ ကလေးကိုလည်း အသက်ရှင်စေချင်လို့ ဆေးရုံမှာ ထားခဲ့ပြီး တိတ်တိတ်လေး ထွက်သွားကြတယ်လို့ ကောက်ချက်ချကြပါတယ်။

ကိုသားကျော်ကတော့ မိဘတွေဟာ အမှန်တကယ်ချို့တဲ့သူဖြစ်တဲ့အတွက် ဆေးဖိုးအတွက် ထိုင်းအစိုးရမှာ အယူခံဝင်ရင် ရမှာသေချာတာမို့(ရဖူးတဲ့ သာဓကတွေလည်း ရှိပြီးသားမို့)မိဘနှစ်ပါး သမီးလေးဆီ ပြန်လာဖို့ တောင်းဆိုနေပါတယ်။

“လာခဲ့ပါ။ ဆေးဖိုးလည်း သက်ဆိုင် ရာဌာနမှာ အယူခံဝင်ပေးမယ်။ ဆေးရုံက ဆင်းလို့ လာမခေါ်ရင် သူတို့သမီးလေးကို မိဘမဲ့ဂေဟာ ပို့ရတော့မယ်”လို့ ကိုသားကျော်က ပြောပါတယ်။

သမီးလေးကို အဖေနဲ့အမေ ဆေးရုံ မှာ တစ်ယောက်တည်းထားသွားခဲ့တာ ၂ ပတ် ကျော်ပါပြီ။
နိုဝင်ဘာ ၁၆ ရက်နေ့အထိတော့ သမီးလေးဆီ ရောက်မလာကြသေးပါ။

Dawei Watch