တိုင်းအစိုးရတွင် ကုမ္ပဏီများ အချိန်မရွေး မှတ်ပုံတင်နိုင်ပြီ

0
410

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းတင်ဒါများ ဝင်ပြိုင်မည့်ကုမ္ပဏီများအနေ ဖြင့် တိုင်းအစိုးရဖွဲ့ရုံးတွင် မည်သည့်အချိန်မဆို မှတ်ပုံတင်နိုင်ရေး ဖြေလျှော့ လိုက်ပြီဟု တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ယခင်က တိုင်းအတွင်းတင်ဒါဆွဲ မည့် ကုမ္ပဏီများအား အချိန်အကန့် အသတ်ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ရာမှ ယခုကဲ့သို့ ဖြေလျှော့လိုက်ခြင်း ဖြစ်သည်။

“အချိန်ကန့်သတ်မှု မရှိတော့ပါ ဘူး။ ကြိုက်တဲ့အချိန် လာတင်လို့ ရတယ်။ တင်ဒါဆွဲမယ်ဆိုရင်တော့ တိုင်းမှာ မှတ်ပုံတင်ပြီးမှ ဆွဲရမယ်ပေါ့”ဟု ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ကုမ္ပဏီပိုင်ရှင်အချို့ကမူ အစိုးရမှ တရားဝင် တည်ထောင်ခွင့်ပြုပြီးသား ကုမ္ပဏီများအား တိုင်းအစိုးရတွင် ထပ်မံ မှတ်ပုံတင်ရခြင်းမှာ အလုပ်ပို လုပ်နေရသလို ဖြစ်နေကြောင်း ပြောကြသည်။

တိုင်းအစိုးရတွင် ကုမ္ပဏီမှတ်ပုံတင်ရာတွင် ကုမ္ပဏီ၏ ကိုယ်ရေးအကျဉ်း၊ ဆောင်ရွက်ဖူးသည့်လုပ်ငန်းများကို ဖော်ပြပေးရသည့်အပြင် သက်တမ်းငါးနှစ် ရှိပြီးသည့် ကုမ္ပဏီတစ်ခုခု၏ ထောက်ခံချက်ကို ယူရခြင်းမှာလည်း ကုမ္ပဏီအသစ်များအတွက် မလိုအပ်ဘဲ အလုပ်ပိုစေကြောင်း ပြောကြသည်။

ယင်းသို့ ငါးနှစ်သက်တန်းရှိ ကုမ္ပဏီ တစ်ခုခုထံမှ ထောက်ခံချက်ယူရာတွင် အချို့သော ထောက်ခံချက်ပေးသည့် ကုမ္ပဏီများက ငွေကြေးတောင်းခံသည့် အခင်းအကျင်းမျိုး ရှိလာသဖြင့် ကုမ္ပဏီ အသစ်များက ထောက်ခံချက်ရရေး ငွေပေးလိုက်ကြရသည်များရှိနေကြောင်း ထားဝယ်မှ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်။

“အလုပ်ပိုတစ်ခု လုပ်နေရသလိုပဲ။ မှတ်ပုံတင်တော့လည်း တိုင်းအစိုးရရုံးမှာ ရစ်ဂျက်စတာနံပါတ်(စာရင်းသွင်း အမှတ်) တစ်ခုပဲ ပေးတယ်။ မှတ်ပုံတင်ပြီးကြောင်း အကြောင်းကြားတာမျိုးလည်း မရှိဘူး”ဟု ၎င်းကုမ္ပဏီပိုင်ရှင်က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ များထဲမှ တိုင်းအစိုးရအဖွဲ့က အတည်ပြုပြီးသား ကုမ္ပဏီ ၅၅၅ ခု ရှိပြီး နောက်ထပ် မှတ်ပုံလာတင်ထားသည်များလည်းရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ရုံးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

Dawei Watch