ရှင်တောင့်ပုံဘုရားတောင်တက်ကားကိစ္စ တရားစွဲဆိုထားမှု စွပ်စွဲခံရသူကို စစ်ဆေးမည်

0
1402
ရှင်တောင့်ပုံဘုရားတောင်တက်ကား
ရှင်တောင့်ပုံဘုရား။ ဓာတ်ပုံ - ဝေယံစိုး

ရှင်ကိုးရှင်စာရင်းဝင် ရှင်တောင့်ပုံ ဘုရားတောင်တက်ကားကိစ္စနှင့် ပတ်သက် ၍ စွဲဆိုထားသည့်အမှုကို နိုဝင်ဘာလ ၂၀ ရက်နေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူအား စစ်ဆေးမည်ဖြစ်ကြောင်း သရက်ချောင်း မြို့နယ် တရားရုံးထံမှ သိရသည်။

အဆိုပါအမှုမှာ ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးဥပဒေကို ချိုးဖောက်သည် ဟုဆိုကာ ပုဂ္ဂလိကယာဉ်များပြေးဆွဲးရေး လုပ်ငန်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ(ယကက)မှ ဦးဖေသိန်းက တရားလိုလုပ်ကာစွဲဆိုထားသည့် အမှုဖြစ်ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။

ယင်းအမှုတွင် စွပ်စွဲခံရသူ ဦးဇော်ဝင်းစိန်က ရှင်တောင့်ပုံတောင် တက်ယာဉ်အသင်းဝင်ထားခြင်းမရှိဘဲ တောင်ပေါ်သို့ ကားပြေးဆွဲနေသည်ဟုဆိုကာ ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးဥပဒေ ပုဒ်မ- ၂၃(က) ဖြင့် စွဲဆိုထားကြောင်း သရက်ချောင်းမြို့နယ် တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဦးဇော်မင်းနိုင်က ဆိုသည်။

လက်ရှိအချိန်ထိ တရားလိုပြသက်သေ ၇ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကာ နိုဝင်ဘာ ၂၀ ရက်ကို ချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။

“စွပ်စွဲခံရသူကို စစ်ဆေးရန် ချိန်းဆိုထားပါတယ်”ဟု ဦးဇော်မင်းနိုင်က ဆိုသည်။

အထက်ပါ အမှုကို ၂၀၁၉ ခုနှစ် ဧပြီလ ၉ ရက်က စတင်စွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တရားရုံးထံမှ သိရသည်။

ဦးဇော်ဝင်းစိန်ကလည်း ၎င်း၏ ဂုဏ်သိက္ခာကျဆင်းစေရန် ပြုလုပ်သည် ဟုဆိုကာ ရှင်တောင့်ပုံဘုရားဂေါပကအဖွဲ့မှ ဦးအောင်မြင့် အပါအဝင် ၁၀ ဦး ကို ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း ဦးဇော်မင်းနိုင်က ဆိုသည်။

ဦးတိုက်လျှောက်ထားလာသည့်အပေါ် စုံစမ်းစစ်ဆေးရန် ဇွန်လ ၁၁ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ ပေးပို့ခဲ့ကြောင်း ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်ကို နိုဝင်ဘာလ ၁၃ ရက်တွင် ပြန်လည်တင် သွင်းလာသည့်အတွက် အမိန့်တစ်ရပ်ချ မှတ်ရန် နိုဝင်ဘာလ ၂၀ ရက်ကို ပြန်လည် ချိန်းဆိုထားကြောင်း ဦးဇော်မင်းနိုင်က ဆိုသည်။

ရှင်တောင့်ပုံစေတီရှိရာ တောင်ပေါ် သို့ တစ်ဆင့်ခံကားများဖြင့် ပြေးဆွဲရန် ဂေါပကအဖွဲ့က ဦးဆောင်ကာ တောင်တက် မော်တော်ယာဉ်အသင်းကို ဖွဲ့စည်းထားသည်။

ယခင်က ရှင်တောင့်ပုံတောင်ပေါ်သို့ ပြေးဆွဲနေသည့် ဇေယျာဝင်းယာဉ် အသင်းနှင့် တောင့်ပုံရတနာအသင်းတို့ ပူးပေါင်း၍ ဂေါပကအဖွဲ့၏ စီမံမှုအောက်တွင် တောင်တက်မော်တော်ယာဉ်ကြီးကြပ်ရေးအဖွဲ့ကို တိုင်းအစိုးရသဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသည်။

Dawei Watch