ဖက်ရွက်ရနံ့အလွမ်း

0
904
ဖက်ရွက်ရနံ့အလွမ်း

နံနက်စောစောတွင် ဖက်(ထားဝယ် အခေါ် က္လဲဂီး)ရွက်နှင့် ထုပ်ထားသော အငွေ့တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းကို စားဖူးကြပါမည်။

ရောင်းသူကလည်း ဖက်ရွက်နှင့် ထုပ်ပေးရာ စားသူကလည်း ဖက်ရွက်ကို ဖြန့်စားရုံ။

“ကောက်ညှင်းပေါင်းထုပ်ရင် ဘော့ ရွက်နဲ့ဆို မွှေးတယ်”ဟု ထားဝယ်မြို့နယ်၊ အလယ်ကုန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်အင်ရီက ပြောပါသည်။

ထို့အတူ လက်လုပ် သွားရေစာမုန့် တိုင်းက ၎င်းမုန့်နှင့် လိုက်ဖက်သည့် သစ်ရွက်တစ်မျိုးမျိုးဖြင့် ထုပ်ထားကြသည်ချည်း။

မုန့်လုံးရေပေါ်ဆိုက ပိန္နဲရွက် ကတော့ခွက်၊ ခေါက်ဆွဲကြော်ဆိုရင် ယစ်ဖက်မရွက်၊ ကတ်ကြေးကိုက်ဆိုလျှင် ငှက်ပျောရွက် စသဖြင့် ထုပ်ရောင်းကြရာ သစ်ရွက်ရနံ့သင်းသင်းလေးဖြင့် စားသူ ကို ခံတွင်းပိုတွေ့ရလေသည်။

“ကတ်ကြေးကိုက်တို့ အာပုံတို့ ကောက်ညှင်းပေါင်းတို့ဆိုတာ ငှက်ပျောရွက် နံ့လေး တသင်းသင်းနဲ့ အရမ်းစားလို့ ကောင်းတယ်”ဟု မြိတ်မြို့၊ မြိတ်တောင် ရပ်ကွက်နေ အသက် ၃၉ နှစ်ရှိ မသူဇာအေး က ပြောသည်။

မုန့်ရောင်းချသူများက သစ်ရွက် ကိုယ်တိုင်ခူးနိုင်သည့် နယ်ကျေးရွာများမှ ဆိုလျှင် ကိုယ်တိုင်ခူးကြပြီး မြို့ပေါ်နှင့် ကိုယ်တိုင် မခူးနိုင်သူတို့အတွက် သစ်ရွက် ပေါင်းစုံ ရောင်းချသူတို့လည်း ရှိပါသည်။

သစ်ရွက်ရောင်းချသူတို့က တောထဲ မှ သစ်ရွက်များခူးကာ စည်းနှောင်ပြီး ဈေးများတွင် ရောင်းချကြရာ မုန့်ရောင်း သူတို့က ဝယ်ယူ ဖြတ်တောက်ပြင်ဆင်ပြီး မုန့်ထုပ်ကြပါသည်။

ယခုခေတ် မုန့်လုပ်ရောင်းသူအများစု က သစ်ရွက်ရောင်းသူဆီ မသွားတော့ပါ။ ကုန်စုံဆိုင်သို့သာ ပလပ်စတစ်အိတ်ဝယ် ရန် ခြေဦးလှည်လာပါတော့သည်။ ဘာဝယ်ဝယ် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပေးသည့် ခေတ်ကြီးထဲ ရောက်နေရာ ယခင်က သစ်ရွက်တစ်မျိုးမျိုးနှင့် ထုပ်ခဲ့ သည့် စားစရာများလည်း ပလပ်စတစ် အိတ်၊ ဖော့ဘူးတို့ထဲ ရောက်သွားရလေပြီ။

“ပစ္စည်းတစ်ခုရောင်းစားမယ်ဆို လည်း အိတ်ပဲသွားဝယ်ကြတယ်။ ဖက်ရွက် ရောင်းသမားတွေလည်း ပပျောက်ကုန်ပြီ”ဟု ဒေါ်အင်ရီက ပြောပါသည်။

ဖက်ရွက်ရနံ့အလွမ်း

သစ်ရွက်များအစား ပလပ်စတစ်အိတ် အသုံးပြုလာရခြင်းမှာ သစ်ရွက်သည် ဝယ်ယူရရှိရေးနှင့် ထုပ်ပိုးအသုံး ပြုရေးတွင် ကရိကထများပြီး အချိန်ကြာ သည့်အတွက် အသုံးပြုမှုနည်းလာသည်ဟု ထင်မြင်ကြောင်း မြိတ်မြို့ ဇေယျာသီရိ ရပ်တွင် မုန့်လုပ်ရောင်းချသည့် အသက် ၄၆ နှစ်ရှိသူ ဒေါ်ချိုက ပြောသည်။

“ငှက်ပျောရွက်က လိုတဲ့အချိန် ဝယ်လို့မရဘူး။ မုန့်ထည့်ဖို့အတွက် သန့်ရှင်း အောင် လုပ်ရတာနဲ့ အကြောလေးတွေ ထုတ်ပြီး လိုချင်တဲ့ ပုံစံဖြတ်ရတာနဲ့ အချိန်တော်တော်ယူရတယ်။ ဒီကြားထဲ ငှက်ပျောရွက် အစုတ်တွေများရင် အဆုံးများတဲ့အပြင် မုန့်ထည့်ဖို့ မလုံလောက်ဘူး”ဟု ၎င်းက ပြောသည်။

တနင်္သာရီအပတ်စဉ်မှ မေးမြန်းသူ အားလုံးနီးပါးကမူ ပလပ်စတစ်အိတ်ထဲ၊ ဖော့ဘူးထဲ ထည့်ထားသည့်မုန့်များကို မလွှဲမရှောင်နိုင်၍သာ စားနေရပြီး ယခင်ကဲ့သို့သော သစ်ရွက်ထုပ်အရသာ မျိုးသာ ပြန်လိုချင်ကြကြောင်း ပြောကြသည်။

“ခုကတော့ အိတ်နဲ့ပဲ ဖြစ်ကုန်ပြီလေ။ ဒါပေမယ့် မစားဘူးလားဆိုတော့ စားရတာပဲ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဖက်ကိုပဲပြန်သုံးစေချင်တာပေါ့။ ဖက်ရွက် ကတော့ ကိုယ်စားပြီး စွန့်လိုက်ရင် ခြောက်သွားရင်လည်း မီးပုံမယ်ဆို အနံ့သက်မဆိုးဘူး”ဟု ဒေါ်အင်ရီက ဆိုသည်။

အနည်းစုသော မုန့်လုပ်ရောင်းသူတို့ကမူ သစ်ရွက်ဖြင့် ထုပ်ရောင်းသည့် အလေ့အထကို ထိန်းထားကြဆဲ ဖြစ်ပါ သည်။

ထိုသို့ ထိန်းထားသည့်အထဲတွင် မြိတ်မြို့ မြို့သစ်ရပ်မှ ကတ်ကြေးကိုက် ဆိုင်ရှင် ဒေါ်ပုလည်း တစ်ယောက်အပါ အဝင် ဖြစ်သည်။

စားသုံးသူများ၏ ဆန္ဒအရရော၊ မိမိဆန္ဒအရပါ ယနေ့အချိန်ထိ ကတ်ကြေး ကိုက်ကို ငှက်ပျောရွက်ဖြင့် ထည့်၍ သတင်းစာစက္ကူဖြင့် ထုပ်ပိုးရောင်းချနေ သေးကြောင်း ဒေါ်ပုက ပြောပါသည်။

“တို့ငယ်ငယ်ကတည်းက ဒီလို ထုပ်ပိုးတာကိုပဲ စားလာခဲ့ရတော့ ကိုယ်တိုင် လုပ်ရောင်းတဲ့အခါမှာလည်း ငှက်ပျော ရွက်ပဲသုံးတယ်။ လုပ်ရကိုင်ရ အချိန်ကုန်ပေမဲ့ စားသုံးသူအတွက် စေတနာထားပြီး လုပ်ပေးတယ်။ ဖောက်သည်တွေလည်း သဘောကျတယ်”ဟု ဒေါ်ပုက ပြောပါသည်။

မည်သို့ဆိုစေ ပလပ်စတစ်ယဉ်ကျေးမှု ကို မတော်လှန်နိုင်သ၍ သစ်ရွက်ဖြင့် ထုပ်၍ရသည့် မုန့်တိုင်း သစ်ရွက်ရနံ့ သင်းသင်းလေးဖြင့် ပြန်စားခွင့်ရရန်မှာ မဖြစ်နိုင်တော့ပါ။

“ပလပ်စတစ်အိတ်ကတော့ ကြိုက် တဲ့အချိန် ဝယ်လို့ရပြီး အချိန်ကုန်သက် သာတယ်။ ခေတ်ကလည်းပြောင်းလာ တော့ အားလုံးက ပလပ်စတစ်အိတ်ပဲ အလွယ်သုံးဖြစ်နေပြီ”ဟု မြိတ်မြို့မှ မုန့်လုပ် ရောင်းသည့် ဒေါ်ချိုက ပြောသည်။

တနင်္သာရီသတင်းအဖွဲ့