အသားဈေးနှုန်း တိုးရောင်းခွင့်ပြုရန် တောင်းဆို

0
585

ထားဝယ်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ သားသတ် လိုင်စင်ယူထားသူများက အသားတစ်ပိဿာ ဈေးနှုန်း တိုးမြှင့်ရောင်းချခွင့်ပြုရန် တင်ပြလာသည့်အတွက် စည်ပင်ကော်မတီ ၏ သဘောထားမှတ်ချက်နှင့်အတူ တိုင်းအစိုးရထံ တင်ပြထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။

သားသတ်လိုင်စင်စည်းကမ်းချက် တွင် သတ်မှတ်ထားသည့် အသားဈေး နှုန်းထက် ပိုရောင်းချခွင့်ပြုရန် တင်ပြ ခြင်းဖြစ်ပြီး စည်ပင်ကော်မတီကမူ စည်းကမ်းချက်ပါ ဈေးနှုန်းအတိုင်းသာ ရောင်း ချခွင့်ပြုသည်ဟု သဘောထားမှတ်ချက်ဖြင့် ပြီးခဲ့သည့်နှစ်ပတ်ခန့်က တင်ပြ ထားကြောင်း စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

“တိုင်းအစိုးရက အကြောင်းပြန် တာမျိုးတော့ မရှိသေးဘူး”ဟု ဦးလှဦးက ပြောသည်။

လေလံစည်းကမ်းချက်တွင် အမဲသား အသားတစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ဆိတ်သား အသားတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ အသားအရိုးတစ်ပိဿာ လျှင် ၁၀၀၀၀ ကျပ်နှင့် အရိုးတစ်ပိဿာ လျှင် ၄၅၀၀ ကျပ် သတ်မှတ်ထားသည်။

ဝက်သား အသားတစ်ပိဿာလျှင် ၈၅၀၀ ကျပ်၊ အသားအရိုးတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကလီဇာတစ်ပိဿာလျှင် ၈၅၀၀ ကျပ်နှင့် အဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ် သတ်မှတ်ထားသည်။

အထက်ပါအသားနှုန်းထားများကို ဈေးအတွင်း အများပြည်သူမြင်သာသည့် နေရာလေးခုတွင် မိမိစရိတ်ဖြင့် ဆိုင်းဘုတ်ချိတ်ဆွဲကာ ကြေညာထားရမည်ဟု စည်းကမ်းချက်တွင် ဖော်ပြထားသည်။

အထက်ပါနှုန်းထားအတိုင်း စားသုံး သူလက်ဝယ်အရောက် ရောင်းချရမည် ဖြစ်ပြီး ယင်းသတ်မှတ်ဈေးထက် ပိုရောင်းပါက စိစစ်အရေးယူမှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အဖွဲ့ (ယခင်)အမှုဆောင်အရာရှိက ပြောဆိုထားသည်။

သို့သော် လက်ရှိဈေးကွက်အတွင်းတွင် အမဲသား၊ ဝက်သား တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

သတ်မှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက လိုင်စင်ပြန်လည်ရုပ်သိမ်းခြင်း၊ အာမခံငွေ သိမ်းယူခြင်း၊ အမည်ပျက်စာရင်းသွင်း ခြင်းနှင့် ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း လိုင်စင်စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

လက်ရှိတွင် ထားဝယ်ဒေသ၌ ဝက် မွေးမြူသူနည်းပါးပြီး ကုန်ကြမ်းရှားပါး နေသည့်အတွက် မွန်ပြည်နယ်၊ ရန်ကုန် တိုင်း၊ ဧရာ၀တီတိုင်း အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်များမှ လိုက်လံဝယ်ယူ နေရကြောင်း ထားဝယ်မြို့အတွင်းရှိ ဝက်ဒိုင်အချို့ထံမှ သိရသည်။

ယင်းအတွက်ကြောင့် သယ်ယူပို့ ဆောင်ခစရိတ်နှင့် လမ်းခရီးတွင် သေဆုံး မှု အစရှိသည့် အခက်အခဲများရှိနေကြောင်း ဝက်သား လက်ကားရောင်းချနေသူတစ်ဦးက ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် ထားဝယ်မြို့ ဝက်သား သတ်လိုင်စင်၊ အမဲသားသတ်လိုင်စင်၊ ဆိတ်သားသတ်လိုင်စင်၊ ရှင်မုတ္ထီးကျေးရွာ ဝက်သားသတ်လိုင်စင်၊ သဗြေချောင်း ကျေးရွာ ဝက်သားသတ်လိုင်စင်များကို ယခုနှစ် စက်တင်ဘာလအတွင်းက ခွဲဝေ ချထားသည့်စနစ်ဖြင့် လေလံတင်ရောင်း ချထားသည်။

ဥပမာအားဖြင့် သားသတ်လိုင်စင်တစ်ခုကို လုပ်ငန်းလုပ်ကိုင်သူ လေးဦးခန့်က စုပေါင်းကျခံကာ ဝယ်ယူခြင်း ဖြစ်ပြီး ခွဲဝေလုပ်ကိုင်သည့် စနစ်ဖြစ် သည်။

ကိုဇော်