ထားဝယ်ကမ်းနားဈေးအသစ် ပျံကျဈေးသည် နေရာချထားချိန် ငွေမကောက်ဟုဆို

0
1156
ထားဝယ်ကမ်းနားဈေးအသစ်
ထားဝယ်ကမ်းနားဈေးအသစ်

အသစ်တည်ဆောက်နေသည့် ထားဝယ် ကမ်းနားဈေးတွင် ပျံကျဈေးသည်များကို နေရာချထားချိန် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံမည်မဟုတ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ဈေးအသစ်တွင် ပျံကျဈေးသည်များ ကို ဒီဇင်ဘာလ နောက်ဆုံးထားကာ နေရာချထားမည်ဖြစ်ပြီး ဆိုင်ခန်းအတွက် အခငွေကြေးကောက်ခံမည်မဟုတ်ဘဲ နေ့စဉ်ကောက်သည့် ပျံကျဈေးကောက် ကိုသာ ကောက်ခံမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

“အခမဲ့ပဲ ချပေးမှာ၊ ပိုက်ဆံမယူဘူး”ဟု ဦးလှဦးက ပြောသည်။

ကမ်းနားဈေး ပျံကျနေရာတွင် ခေါင်မိုး ၈၀ ပေ × ၄၄ ပေ အကျယ်ရှိ ဈေးရုံနှစ်ရုံ၊ ၈၀ ပေ × ၂၄ ပေ အကျယ်ရှိ ဈေးရုံ တစ်ရုံနှင့် ၁၆၀ ပေ × ၁၀၀ ပေ အကျယ် ရှိ ဈေးရုံတစ်ရုံကို ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက စတင်တည်ဆောက်နေသည်။

အဆိုပါ ဈေးရုံ လေးရုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဘတ်ဂျက် ဖြင့် ငွေကျပ် ၃၁၄၆ သိန်းကုန်ကျခံ ဆောက်လုပ်နေသည်။

ယခင်ဈေးရုံအဟောင်းတွင် တစ်ဦး တစ်ယောက်တည်းက ဆိုင်ခန်းများစွာယူပြီး ဈေးရောင်းသူများရှိသည့်အတွက် လက်ရှိ ပျံကျဈေးသည်များ နေရာချထားချိန်တွင် ယင်းကဲ့သို့ ရောင်းချခွင့်ပြုမည် မဟုတ်တော့ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက ဆိုသည်။

ယခင်ဈေးရုံအဟောင်းတွင် ဆိုင်ခန်း အကျယ်ကို ၄ပေ×၃ပေ သတ်မှတ်ထား ရာမှ လက်ရှိဈေးရုံအသစ်တွင် ၅ပေ၃ပေ သတ်မှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်ပြောနိုင်တာကတော့ ပွဲရုံမျိုး လာလုပ်လို့တော့မရဘူး”ဟု ဦးလှဦးက ဆိုသည်။

ထိုကဲ့သို့ ကန့်သတ်လိုက်သည့် အတွက် ပိုထွက်လာမည့် ဆိုင်ခန်းနေရာ များတွင် မည်သူမဆို လာရောက်ရောင်း ချနိုင်ပြီး ဈေးရုံအတွင်းရှိ မည်သည့်ဆိုင်ခန်းကိုမျှ အရောင်းအဝယ်လုပ်ခွင့်မရှိကြောင်း ၎င်းက ပြောသည်။

ဈေးဆိုင်ခန်းများ ပြန်လည်နေရာ ချထားချိန်တွင် ငွေကြေးမကောက်ခံ ခြင်းကို ကြိုဆိုသကဲ့သို့ ဆိုင်ခန်းများစွာ ကို လက်ဦးမှုယူကာ ပစ္စည်းသိုလှောင် နေမှုများကိုလည်း ကြပ်မတ်နိုင်ရန် လိုအပ်ကြောင်း ကမ်းနားဈေးတွင် ရောင်းချ နေသည့် ပျံကျဈေးသည် အမျိုးသမီး တစ်ဦးက ဆိုသည်။

“အရင် (ဈေးရုံအဟောင်း)က ပစ္စည်း သိုလှောင်ရုံလိုဖြစ်နေတာ”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယင်းအပြင် ကမ်းနားဈေးအပြင်ဘက် လမ်းမပေါ်တွင် လုံး၀ရောင်းချခွင့် ပြုမည်မဟုတ်ဟု ဦးလှဦးက ဆိုသည်။

လက်ရှိ ဈေးရုံအသစ်တည်ဆောက် နေချိန်တွင် ပျံကျဈေးသည်များကို ဆိပ်ကမ်း သာပန်းခြံတစ်ဝိုက်၌ ယာယီနေရာချထားသည်။

ကမ်းနားဈေးတွင် ယခင်ပျံကျ ဈေးရုံအတွင်း ရောင်းချနေသည့် ပျံကျဈေးသည် ၄၈၃ ဦးနှင့် ဈေးရုံအပြင်ဘက်တွင် ရောင်းချသူ ၃၀၀ ဦး ခန့်ရှိကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ကိုဇော်