အဂတိကော်မရှင်မှ တိုင်ကြားစာ ၁၆ စောင် တိုင်းအစိုးရထံ ပြန်လွှဲ

0
642

အဂတိလိုက်စားသည်ဟုဆိုကာ တိုင်ကြားမှုများအနက် အဂတိလိုက်စား မှုတိုက်ဖျက်ရေး ကော်မရှင်(ACC) မှ တိုင်းအစိုးရထံ ပြန်လွှဲသည့် တိုင်ကြားစာ အရေအတွက်မှာ နှစ်နှစ်ကျော်ကာလ အတွင်း ၁၆ စောင်ရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရ သည်။

၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ပြန်လွှဲသည့် တိုင်ကြားစာအရေအတွက်ဖြစ်သည်။

ACC မှ ပြန်လွှဲသည့် တိုင်ကြားစာ အများစုမှာ မြေယာကိစ္စတိုင်ကြားမှု အများဆုံးဖြစ်ပြီး လူပုဂ္ဂိုလ်အချင်းချင်း တိုင်ကြားမှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို တိုင်ကြားမှုနှင့် လျှပ်စစ်/စွမ်းအင်ဝန်ကြီးဟောင်းကို တိုင်ကြားမှုများလည်း ပါဝင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

ACC မှ ပြန်လွှဲသည့် တိုင်ကြားစာ အများစုကို စစ်ဆေးပြီးဖြစ်ကာ အရေးယူခဲ့ရသည့်ဖြစ်စဉ်မျိုးမရှိဘဲ တိုင်ကြားသူကို ခေါ်ယူရှင်းပြရသည့် တိုင်ကြားမှုက များကြောင်း ၎င်းက ပြောသည်။

“တော်တော်များများတော့ ကာယကံ ရှင်ကိုခေါ်ပြီးတော့ ရှင်းပြပြီးတော့ ဆောင်ရွက်ပြီးတဲ့ အနေအထားတွေပေါ့။ ဒါတွေများတယ်”ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ဆိုသည်။

လက်ရှိတွင် မြေယာကိစ္စတိုင်ကြား စာ ၂ စောင်နှင့် ကော့သောင်းလျှပ်စစ် ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီးဟောင်းကို တိုင်ကြားထားသည့် စိစစ်ဆဲတိုင်ကြားစာ ၃ စောင် ကျန်ရှိနေသေး ကြောင်း ၎င်းက ပြောသည်။

ACCအနေဖြင့် ပေးပို့လာသည့် တိုင်ကြားစာအားလုံးကို အသေအချာစိစစ်ပြီး တိုင်ကြားသည့်အကြောင်းအရာက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင် ငြိစွန်းပါက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ ခြင်း၊ စစ်ဆေးခြင်းနှင့် တရားစွဲဆိုအရေး ယူခြင်းများ လုပ်ဆောင်နေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ဆိုသည်။

ပေးပို့လာသည့် တိုင်ကြားစာက အဂတိဥပဒေနှင့် ငြိစွန်းခြင်းမရှိသော် လည်း ကာယကံရှင်ဘက်က နစ်နာနေသည့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ မြေယာကိစ္စများကိုမူ သက်ဆိုင်ရာတိုင်း ဒေသကြီးအစိုးရထံ ပြန်လည်လွှဲပြောင်း ပေးနေကြောင်း ၎င်းက ရှင်းပြသည်။

“ငါတို့ဥပဒေနဲ့မဆိုင်လို့ ငါတို့ မလုပ်ဘူးဆိုပြီး ဒီအတိုင်းချောင်ထိုး ထားတာ မရှိဘူးပေါ့နော်။ လွှဲပေးသင့်တဲ့ ကိစ္စဆို လွှဲပေးတယ် ခင်ဗျား။ အကြံပြုချက်တွေပေးလို့ရရင် အကြံပြုချက်လေးတွေ ပေးပြီးတော့မှ (အကြောင်း) ပြန်တယ်”ဟု ဦးကျော်စိုးက ပြောသည်။

တိုင်းအစိုးရထံ ပြန်လွှဲလိုက်သည့် အတွက် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့ကို စုံစမ်းစစ်ဆေးစေပြီး တိုင်ကြားသူကို လျှို့ဝှက်ခြင်း မရှိဘဲ ခေါ်ယူစစ်မေးစေ ခြင်းမှာ တိုင်ကြားသူမရှိအောင် လုပ်နေ သကဲ့သို့ဖြစ်နေကြောင်း ACC ထံ တိုင်ကြားခဲ့ဖူးသည့် ရေဖြူမြို့နယ်၊ ရလိုင် ကျေးရွာနေ ဦးလေးလွင်က ဆိုသည်။

“တိုင်ကြားသူတွေကိုဖော်ထုတ်ပြီး ပြန်မေးတာမျိုးတွေ မလုပ်အပ်ဘူးလေ”ဟု ဦးလေးလွင်က ပြောသည်။

တိုင်ကြားစဉ်ကပင် သက်သေ အထောက်အထားနှင့် တိုင်ကြားစာတွင် လက်မှတ်ထိုးထားပြီးဖြစ်သည့်အတွက် ယင်းကဲ့သို့ခေါ်ယူမေးမြန်းခြင်းမှာ တိုင်ကြားသူအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ထောက်ပြသည်။

တိုင်းအစိုးရထံ လွှဲလိုက်သည့် တိုင်ကြားစာများအပေါ် သက်ဆိုင်ရာ တိုင်း အစိုးရ၏ ဖြေရှင်းဆောင်ရွက်ချက်များကို ပေးပို့ရပြီး ACC တွင် အစည်းအဝေးလုပ်ကာ ဖြေရှင်းချက်မှန်ကန်ပါက တိုင်ကြားသူထံ ပြန်လည်အကြောင်းပြန်ပေးကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ တနင်္သာရီတိုင်းအတွင်းမှ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားစာ ၈၉ စောင် ပေးပို့တိုင်ကြား ထားကြောင်း ACC ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းမှ တိုင်ကြားစာ ၈၉ စောင်ပေးပို့ခဲ့သည့်အနက် ကျန်သည့် တိုင်ကြားစာများကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားကြောင်း အသေးစိတ် ပြုစုနေဆဲဖြစ်ကာ လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်သာ ထုတ်ပြန်နိုင်သေးကြောင်း ဦးကျော်စိုးက ပြောသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီမှ တာဝန်ရှိသူသုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၁၉ ခုနှစ် မတ်လတွင် တရားစွဲဆိုထားသည်။

Dawei Watch