“လာတဲ့ရဲ၊ အုပ်ချုပ်ရေးမှူး အကုန်လုံးကို ကြောက်နေရတယ်”

0
1140

ဥပဒေဘောင်အတွင်းမှ ရောင်းချလိုကြကြောင်း အရက်ဘီယာ ဆိုင်ပိုင်ရှင်များပြော

နိုင်ငံ့အခွန်ဆောင်ကာ ဥပဒေဘောင် အတွင်းမှ ဆိုင်ရောင်းခွင့် ရချင်သူ အများစု အတွက် အခွင့်အလမ်းမဲ့နေဆဲ ဖြစ်သည်။

တနင်္သာရီတိုင်းတွင်းမှ ထောင်ချီသောလိုင်စင်မဲ့ အရက်ဘီယာဆိုင်တို့ လိုင်းကြေးပေးကာ ခိုးရောင်းခိုးဝယ်စနစ်ကို ကျင့်သုံးနေရဦးမည့်အခြေအနေမှ လွတ်လမ်း မမြင်ရသေးပေ။

တနင်္သာရီတိုင်းအတွင်း အရက် ဘီယာ လက်လီလက်ကား ရောင်းချခွင့် ယစ်မျိုးလိုင်စင် ၁၆၁ ဆိုင် ချထားပေးရန် ပြည်ထောင်စုသို့ တင်ပြထားကြောင်း တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

“အရက်ဆိုင်တွေ ဘယ်လိုအမျိုး အစား တိုးသင့်လဲလို့ ရုံးချုပ်က မေးလာ လို့ပါ”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ခေတ်ကာလအရ လူဦးရေ တိုးပွား လာခြင်း၊ ဟိုတယ် များလာခြင်း၊ နိုင်ငံခြား ခရီးသွားလည်း များလာခြင်းတို့အတွက် ခရိုင်များက ထောက်ခံပြီးတင်ပြလာသည့် ဆိုင်များကို တိုင်းအစိုးရအဖွဲ့၏ သဘော ထားမှတ်ချက်ရယူကာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်သို့ ပေးပို့ ထားကြောင်း ၎င်းက ပြောသည်။

ထိုသို့ ယစ်မျိုးလိုင်စဉ် တိုးမြှင့်ချ ထားမည့်ကိစ္စကို တိုင်းအတွင်းရှိ လိုင်စင်မဲ့ အရက်ဘီယာဆိုင်အများစုက သိခွင့်ပင် မရလိုက်ကြပေ။

အရက် ဘီယာရောင်းသည့် ဟိုတယ် နှင့် စားသောက်ဆိုင် ၆၀ ကျော် ရှိပြီး အရက်ဘီယာ လိုင်စင်ရဆိုင် ၆ ဆိုင်ခန့် သာရှိသေးသည့် မောင်းမကန်ကဲ့သို့ နာမည်ကြီး ကမ်းခြေမှ ဆိုင်းအားလုံးကလည်း သိခွင့် မရလိုက်ကြဟု ဆိုင်ပိုင်ရှင်တို့ က ပြောကြသည်။

“မသိရဘူး။ လိုင်စင် လုပ်ချင်လား စာရင်း လာတောင်းတာမျိုး မရှိဘူး။ ဥပဒေ ဘောင်ထဲက ရောင်းချင်လို့။ လိုင်စင် လုပ်ချင်လွန်းလို့ တာဝန်ရှိသူတွေကို တွေ့ တိုင်း တင်ပြခဲ့တယ်။ ခုထိ လုပ်ခွင့် မရ သေးဘူး”ဟု စားသောက်ဆိုင်ရှင်တစ်ဦး ဖြစ်သူ ကိုလေးဝင်းက ပြောသည်။

ယစ်မျိုးလိုင်စင်လုပ်ပေးမည်ဆိုက မလုပ်ချင်ဟု ငြင်းသူ မရှိပါ။

ရပ်ရွာ အခြေအနေ၊ ဧည့်သည်အဝင် အထွက်အခြေအနေနှင့် သင့်တင့်သော ဆိုင်အရေအတွက်ကို လိုက်နာရမည့် စည်းကမ်းများသတ်မှတ်ချထားပေးပါက နိုင်ငံ့အခွန်လည်းဝင်ကာ ရောင်းသူများက ဥပဒေဘောင်အတွင်းမှ ရောင်းချနိုင်မည် ဖြစ်ကြောင်း ပြောကြသည်။

“လာတဲ့ရဲ၊ အုပ်ချုပ်ရေးမှူး အကုန်လုံး ကို ကြောက်နေရတယ်။ လိုင်စင်မရှိတော့ ပိုတောင်ကုန်သေးတယ်။ ရပ်ကွက်ရုံးမှာ စာသွားတင်ဖူးတယ်။ နှစ်တွေသာ ကုန်သွား တယ်။ လိုက်စင်က မရဘူး”ဟု မြိတ်၊ အင်းလေးမြိုင်ရပ်မှ အရက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

အရက်ဘီယာရောင်းချခွင့် လိုင်စင် ကြေးမှာ လိုင်စင်အမျိုးအစားအလိုက် ၁ နှစ်အတွက် ကျပ် ၁ သိန်း၊ ၅ သိန်း၊ ၈ သိန်း အစားစား ရှိကြောင်း လိုင်စင်ရှိသူ များက ပြောကြသည်။

၎င်းလိုင်စင်ရထားသူများက နှစ်စဉ် သက်တမ်းတိုးခွင့် ရကြပြီး ယင်းလိုင်စင် တစ်စောင်၏ ပြင်ပပေါက်ဈေးမှာ ကျပ် သိန်း တစ်ရာ၏ အထက်တွင်ရှိကြောင်း ကိုယ်တိုင်ဝယ်ထားသူတို့က ပြောကြ သည်။

တချို့ကလည်း လိုင်စင်မရှိဘဲ အရက်ရောင်းရသည်ကို စိတ်ညစ်မခံနိုင်သဖြင့် ယင်းလိုင်စင်ကို မရမက လိုက်ဝယ် ကြသည်။

“လျှောက်တယ်၊ မရဘူး။ လိုင်စင် မရှိတော့ ဟိုလူ့ကြောက်ရ ဒီလူ့ကြောက်ရ ဘယ်သူ့ကို အဖေ ခေါ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ နောက်ဆုံး ဆယ်သိန်းလောက်ပဲ ကုန်မှာကို (လိုင်စင်)စာရွက် ၁ ရွက် သိန်း တစ်ရာ့ငါးဆယ်နဲ့ ဝယ်လိုက်ရတယ်။ ဆိုင်မှာ ရင်းနှီးရမယ့်ငွေတွေ ကုန်သွား တယ်ပေါ့”ဟု ယခင်နှစ်က လိုင်စင်ဝယ် လိုက်သည့် ထားဝယ်မြို့ပေါ်ရှိ အရက်ဆိုင် ရှင်တစ်ဦးက ပြောသည်။

ယင်းသို့ မဝယ်နိုင်သူတို့က သက် ဆိုင်ရာမှ လာတောင်းသမျှကို ပေးကာ ခိုးရောင်းကြရရင်းမှ အချို့က အဖမ်းခံရသည်။ ယင်းသို့ အဖမ်းခံရလျှင် ဒဏ်ငွေ ကျပ် ၁၀ သိန်းအထိ ကျခံကြရသည်။

“နယ်မြေရဲကလည်းလာသလို၊ မြို့ နယ်ရဲကလည်းလာတယ်။ လိုင်စင်မရှိတော့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ခဏခဏ သူတို့ ငွေလာကောက်တာပေါ့။ ဒီကြားထဲလွန်ခဲ့တဲ့ ၃ လလောက်က အဖမ်းခံ ရသေးတယ်”ဟု မြိတ်မြို့ အင်းလေးမြိုင် ရပ်ကွက်အတွင်း စားပွဲ ၃ လုံးဖြင့် အသေးစား အရက်ဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကမူ ယစ်မျိုး လိုင်စင် တိုးမြှင့်ချထားပေးရေးမှာ ရှုထောင့် အမျိုးမျိုးမှ ချိန်ဆနေရကြောင်း ပြောသည်။

“အဘက်ဘက်က တွေးဆနေရတာပါ။ ဖောဖောသီသီ ပေးလိုက်ပြန်ရင်လည်း အရက်သောက်သုံးမှုကို အားပေးတဲ့ပုံစံမျိုး မူးယစ်စေမှုကို အကန့်အသတ်မဲ့စေတဲ့ ပုံစံမျိုး ဖြစ်သွားမှာပေါ့နော်”ဟု ဦးမြင့်မောင်က ပြောသည်။

လက်ရှိတွင် လိုင်စင်ပေးသင့်သည့် ဆိုင်များ၊ ဟိုတယ်များကို စိစစ်ကာ လိုင် စင်ချပေးနိုင်ရေး ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် အရက်ဘီယာ ရောင်းချခွင့် လိုင်စင်ရဆိုင် ကိုးရာကျော် (၉၅၄ ဆိုင်)ရှိကာ ထားဝယ်ခရိုင်တွင် ၂၅၈ ဆိုင်၊ ကော့သောင်းခရိုင်တွင် ၁၇၁ ဆိုင်ရှိပြီး ကျန်ဆိုင်များက မြိတ်ခရိုင်မှ ဖြစ် သည်။

ယင်းကိန်းဂဏန်း မပြောင်းလဲသည်မှာ နှစ်များစွာ ကြာနေပြီဖြစ်ပြီး ယခုနှစ် တွင်မှ လိုင်စင်အသစ်ထပ်တိုးခွင့်ရရန် လမ်းစပေါ်ခြင်း ဖြစ်သည်။

တိုင်းအတွင်း ရပ်ကွက်ပေါင်း ၉၀၊ ကျေးရွာပေါင်း ၁၃၁၇ ရှိရာ လိုင်စင်ရ အရက်ဘီယာဆိုင်မှာ တစ်ရွာ တစ်ဆိုင်နှုန်းပင် မပြည့်ပေ။

တနင်္သာရီတိုင်းတွင် အိမ်ခြေထောင်ချီ၊ လူဦးရေ သောင်းချီရှိသည့် ရပ်ကွက်/ကျေးရွာ များစွာရှိနေသည်။

ရပ်ကွက်/ကျေးရွာအသီးသီးတွင် လူဦးရေအချိုးအစား၊ နယ်မြေအနေအထား၊ ဧည့်သည်ဝင်ရောက်မှု အနေအထား များအရ ဆိုင်အရေအတွက် သတ်မှတ် လိုင်စင်ပေး ရောင်းချစေခြင်းဖြင့် အစိုးရမှ ဆိုင်များကို ကောင်းစွာကိုင်တွယ်နိုင်ခြင်း၊ လာဘ်ပေးလာဘ်ယူ ပပျောက်ကာ နိုင်ငံအခွန် တိုးလာခြင်း၊ ရောင်းသူရော ဝယ်သူ တို့ပါ ဂုဏ်သိက္ခာ ရှိခြင်းတို့ ပေါ်ပေါက်လာမည်ဟု ဆိုင်ရှင်တို့နှင့် ဒေသခံအချို့က ပြောကြသည်။

ထို့ပြင် တနင်္သာရီတိုင်း၏ စီးပွား ရေးကို ခရီးသွားလုပ်ငန်းဖြင့် ဆွဲတင်မည်ဟု တိုင်းအစိုးရက မူဝါဒချထားရာလာသည့်ခရီးသွားများက ဥပုသ်စောင့်ရန် လာရောက်ခြင်းမဟုတ်ဟု စားသောက် ဆိုင်ရှင်များက ပြောဆိုကြသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ကိုင်တွယ်သည့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေးကမူ ခရီးသွားများထဲတွင် ဘီယာ၊ အရက် သောက်တတ်သူလည်း ပါနိုင်သကဲ့သို့ မသောက်တတ်သူလည်း များစွာပါနိုင်သည်ဟု ဆိုသည်။

“အရက်ဘီယာရောင်းချမှု ရှိခြင်းမရှိ ခြင်းဟာ ခရီးသွားလုပ်ငန်းအပေါ် ဘယ် လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲ ဆိုတာကတော့ သုံးသပ်ရဦးမှာပေါ့”ဟု ဦးလှထွေးက ပြောသည်။

ကော့သောင်းခရိုင်ကမူ ရပ်ကွက်/ကျေးရွာ ဆိုင်အသီးသီးမှ ယစ်မျိုးလိုင်စင် လျှောက်ထားလာမှုကို စိစစ်ကာ ချထား ပေးသင့်မှု ဦးစားပေး အဆင့် ၃ ဆင့်ခွဲ တင်ပြထားသည်ဟု ကော့သောင်းခရိုင် ထွေ/အုပ်ရုံး တာဝန်ရှိသူများက ပြောသည်။

ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးကမူ ဟိုတယ်လိုင်စင် ရရှိပြီးသား ဟိုတယ်များကိုသာ ယစ်မျိုးလိုင်စင် ချထားပေးရန် တင်ပြထားကြောင်း ပြောသည်။

“ဟိုတယ်တစ်ခုရဲ့ အဆင့်အတန်း အရ သူတို့ကလည်း ရောင်းချင်တယ်။ ဒါကြောင့် ဟိုတယ်လိုင်စင်ရှိတဲ့လူတွေကို ချပေးသင့်တယ်ဆိုပြီး အဆိုပြုတာပါ”ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်ရှိတွင် ရပ်/ရွာတိုင်းတွင် လိုင်စင်မဲ့ အရက်ဘီယာဆိုင် အနည်းဆုံး တစ်ဆိုင်နှင့် အထက် ရှိနေရာ ယင်းဆိုင် များ ပပျောက်ရေး၊ အရက်သောက်သူ လျော့နည်းလာရေး မလုပ်နိုင်သည့်တစ်ဘက်တွင် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးနစ်နာနေရပြီး အစိုးရ၏ မူဝါဒက လိုင်းကြေးပေး ခိုးရောင်း ခိုးဝယ်စနစ်ကို အားပေးသကဲ့သို့ ဖြစ်နေကြောင်း အရက်ဆိုင်ရှင်များနှင့် ဒေသခံအချို့က ပြောကြသည်။

တနင်္သာရီတိုင်းအတွင်းက လိုင်စင်မဲ့ အရက်ဘီယာဆိုင်များကမူ ဈေးကွက်၏ တောင်းဆိုချက်အရ ခိုးရောင်းခိုးဝယ်လုပ် နေကြဦးမည်သာ ဖြစ်သည်။

မောင်းမကန်ကမ်းခြေမှ ယစ်မျိုးလိုင် စင်မဲ့ စားသောက်ဆိုင်အချို့သည်လည်း အရက်ဘီယာ ရောင်းချလိုခြင်း မရှိသော် လည်း ထောင်ကျနိုင်၊ ဒဏ်ငွေဆောင်ရနိုင် သည်ကို သိလျက်နှင့် ဧည့်သည်များ၏ တောင်းဆိုချက်အရ မလွှဲမရှောင်သာ ရောင်းချနေရကြောင်း စားသောက်ဆိုင် ပိုင်ရှင် ကိုလေးဝင်းက ပြောသည်။

“ဥပဒေဘောင်ထဲကပဲ နေချင်တယ်။ အလျော်အစားကြီးတယ်လေ။ အရဲစွန့် ရောင်းနေရတာပါ။ လိုင်စင်ကတော့ ပေါ်လစီ(ယစ်မျိုးမူဝါဒ)အရ တိုးမချပေး ဘူးပြောတယ်။ အရက်အမျိုးအစားပေါင်းစုံ ကတော့ ထုတ်ခွင့်ပေးနေတယ်။ ပေါ်လစီ နဲ့ ကိုက်ရဲ့လားလို့ မေးချင်တယ်”ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုအစိုးရသည် အရက် သောက်သုံးခြင်းအလေ့အထ ပြန့်ပွားခြင်း ကို အားပေးခြင်းမရှိစေရေး မူဝါဒ ချမှတ် ထားသည်။

“သေချာ ခြုံငုံကြည့်ရင် ပေါ်လစီ (ယစ်မျိုးမူဝါဒ)က အမှားကြီးလို့ ကျွန်တော် ပြောချင်တယ်” ဟု ကိုလေးဝင်းက ဆိုသည်။

Dawei Watch