မြိတ်ငါးဈေးကိစ္စ လူထုအသံ

0
1067

မြိတ်မြို့ပေါ်ရပ်ကွက် တစ်ခုပြီးတစ်ခု ရွှေ့ပြောင်းရောင်းချလာခဲ့ရသည့် မြိတ်ငါးဈေးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်ကစပြီး အင်းလေးမြိုင် စက်မှုဇုံရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသို့ ဈေးသည်များဆန္ဒအရ ပြောင်းရွှေ့ခဲ့ကြသည်။ ယင်းသို့ပြောင်းရွှေ့ရောင်းချပြီး ၃ ရက်အကြာ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မူလရောင်းချခဲ့သည့် နေရာသို့ ပြန်လည်ပြောင်းရွှေ့ရန် ဈေးကောက်ခွင့်လိုင်စင်ရသူအား ညွှန်ကြားစာပေးပို့ခဲ့သည်။

စည်ပင်က ဈေးပြန်ပြောင်းရန် ညွှန်ကြားမှုနှင့်ပတ်သက်၍ ဈေးသူဈေးသားများ၊ ဈေးကောက်လိုင်စင်ရသူ၊ စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူနှင့် မူလဈေးနေရာရေနံမြေရပ်ကွက်တွင်နေထိုင်သူတို့၏ အသံများကို စုစည်းဖော်ပြလိုက်ပါသည်။ 

မနီလာသန်း (ဈေးရောင်းချသူ)

ဒီဘက်ကပိုအဆင်ပြေတာပေါ့။ သပ်သပ်ရပ်ရပ်နဲ့ ကောင်းကောင်းမွန်မွန်လေး ရောင်းရတယ်။ မိုးလုံလေလုံလေးပေါ့နော်။ အစစအရာရာ အားလုံးအဆင်ပြေတယ်။ အရင်လိုအိပ်ရေးတွေလည်း မပျက်တော့ဘူးပေါ့။ ဟိုမှာကတော့ ည ၂ နာရီမှ အိမ်ပြန်ရ တယ်။ (ရေနံမြေငါးဈေးတွင် ည ၁၂ နာရီကျော်မှ ရောင်းချခွင့်ပြုသည်ဟုဆိုသည်။) ဒီမှာက ည ၉ နာရီဆို ရောင်းကုန်လို့ အိမ်ပြန်ပြီ။ အချိန်မှန်လည်း အိမ်ပြန်ရတယ်။ သွားလာရလည်းလင်းလင်းရှင်းရှင်းမို့ အဆင်ပြေတယ်။ နေရာထိုင်ခင်းကအစ ဒီမှာက အားလုံးအတွက် အဆင်ပြေနေတဲ့ နေရာလေးပါ။

ဒေါ်ချိုမာဝင်း (ဈေးရောင်းသူ)

အရင်နေရာထက် ဒီနေရာက မိုးလည်းလုံလေလည်းလုံ သန့်လည်းသန့် ရှင်းတာမို့ ဒီမှာရောင်းချတာ အားလုံးအတွက်အဆင်ပြေတယ်။ ဟိုမှာက ရေကြီးတဲ့ အပတ်ဆို ဈေးကိုပင်လယ်ရေတွေတက်လာတာမို့ ငါးခြင်းချလို့မရဘူး။ ၄ ရက်လောက်အထိ တစ်ညကို ၃ နာရီလောက် မတ်တပ်ရပ်ပြီးဈေးရောင်းရတယ်။ ဒီကြားထဲ သင်္ဘောကြီးတွေ လာဆိုက်တဲ့အခါ ကုန်တင်ကုန်ချကားတွေနဲ့လည်း အဆင်မပြေဘူး။ နေရာကကျဉ်းတော့ မိုးရာသီဆို ဈေးရောင်းရတာ အပင်ပန်းဆုံးပဲ။

ဒေါ်စန်းမြကြည် (ဈေးရောင်းသူ)

ဒီမှာရောင်းရတာ စိတ်ချမ်းသာတယ်။ ဒေါ်ဒေါ်တို့ ဖောက်သယ်အားလုံးလည်း ဒီကိုပဲလိုက်လာပြီး လာဝယ်ကြတယ်၊ သယ်ရနည်းနည်းဝေးပြီး စရိတ်နည်းနည်း ပိုသွားတာလောက်ပဲ။ မိုးတွင်းဆို ဟိုမှာ ရောင်းရတာ တအားပင်ပန်းတယ်။ ဒီမှာက မိုးရောနွေရော အဆင်ပြေတယ်။ ဈေးပြန်ပြောင်းခိုင်းတယ်လို့ ကြားရတယ်။ ဒေါ်ဒေါ် တစ်ဦးတည်းအနေနဲ့ ပြောရရင် ပြန်မပြောင်းချင်ဘူး။ ဒါပေမယ့်အများက ပြောင်းရင် ဒေါ်ဒေါ်တစ်ဦးတည်း ကျန်ရစ်လို့မရဘူး။ အများဆန်္ဒပဲ။ ဒီမှာက ညဦးရောင်းတယ်။ တစ်ညလုံး အိပ်ပစ်လိုက်တယ်။ အိပ်ရေး ဝတယ်။ ဟိုမှာက အိပ်ရေးမဝဘူး။ အရောင်း အဝယ်လည်း အတူတူပဲဆိုတော့ ဒီမှာရောင်းရတာ စိတ်ချမ်းသာတယ်။

ဦးကြည်စိုး (ဒုတိယညွှန်ကြားရေးမှူး၊ မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့)

ငါးလေလံဈေးမှာလည်း ဈေးဖွင့်တာက တစ်ပိုင်းပေါ့။ ကျွန်တော်တို့က (C)လိုင်စင် အပေါ်မှာပဲ သတ်မှတ်ထားတဲ့နေရာမှာပဲ မူတည်ပြီးတော့ စည်ပင်သာယာရေးအဖွဲ့က လိုင်စင် ထုတ်ပေးထားတဲ့ အတွက်ကြောင့်မို့ ဒီအပေါ်မှာပဲ ကျွန်တော်တို့က စည်းမျဉ်းစည်း ကမ်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားမှာပါ။ လိုင်စင်(C)ဆီကနေပြီးတော့ တခြားနေရာကိုသွားပြီးတော့ ရောင်းတာချတာတွေနဲ့ပတ်သက်ပြီးတော့ စည်းမျဉ်း စည်းကမ်းမှာတော့ ခွင့်ပြုပေးတာမရှိဘူး ဆိုတာကိုပဲ ကျွန်တော်တို့ကပြောချင်တယ်။

ဦးတင်အောင် (ဈေးကောက်လိုက်စင်ရသူ)

ပြန်ပြောင်းခိုင်းတဲ့အပေါ်မှာ ကျွန်တော့် အနေနဲ့ကတော့ ဈေးသည်တွေရဲ့ဆန္ဒပဲ။ သူတို့ကို ချုပ်ပိုင်ခွင့်မရှိဘူး။ သူတို့ရဲ့လွတ်လပ် ခွင့်ပဲ။ လမ်းဘေးမှာရောင်းလာ တဲ့ဈေးသည် ဆိုတော့ ဟိုကိုပြန်ပြောင်းချင်လည်းပြောင်း။ ဒီမှာရောင်း ချင်လည်းရောင်း သူတို့ဆန္ဒပဲ။ ဟိုမှာလည်းဈေးက ဖွင့်ပေးထားတယ်။  ကျွန်တော်ကအမိန့်သွားပေးလို့မရဘူး။ ပြောင်းချင်တဲ့သူ ပြောင်းပေါ့။

စာတစ်စောင်ထုတ်တဲ့ကိစ္စနဲ့ ခုဆိုရင် ဈေးသယ်တွေ တစ်ထိတ်တလန့် ဖြစ်နေကြ တယ်။ ဒါနဲ့ပတ်သက်ပြီး ပြန်ဖြေလျော့ပေး စေချင်တယ်။ ဈေးသည်တွေဆန္ဒရှိတဲ့ အခု နေရာမှာ ရောင်းနေတာ အဆင်ပြေတယ် ဆိုတာလည်း သူတို့စည်ပင်က သိထား ပြီးပြီ။ ဒီအတွက်သူတို့အနေနဲ့ ဒါကိုလည်း ပဲ ဈေးသည်တွေရဲ့ဆန္ဒအတိုင်းပဲ ရောင်းချ ကြပါ ဆိုတဲ့စာတစ်စောင် ထပ်ထုတ်ပေး မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေသွားတာ ပေါ့။ အားလုံးလည်း အေးအေးဆေးဆေး လည်းဖြစ်သွားမှာပေါ့။ ဈေးဝယ်ဈေး ရောင်းသူအားလုံးလည်း စိတ်ချမ်းချမ်း သာသာနဲ့ ပုံမှန်လည်ပတ်သွားနိုင်တာပေါ့။

ဦးထွန်းထွန်းဦး (ယခင်ငါးဈေးရှိရာ ရေနံမြေရပ်ကွက်)

အရင်နေရာကို ပြန်ပြောင်းခိုင်းရင် ရပ်ကွက်နေသူတွေလည်း ဆူညံသံတွေပြန် ကြားရမယ်။ အနံ့အသက်လည်း ပြန်ခံ စားရမယ်။ ဒီကကန့်ကွက်လို့ ထွက်သွားရ တဲ့ငါးဈေး ပြန်လာမှာကို ဘယ်သူမှ မလိုကြဘူး။ ခုငါးလေလံမှာရောင်းနေတဲ့ ဈေးသယ်အကုန်လုံးက တော်တော်လေး ကျေကျေနပ်နပ် ရှိနေကြပါတယ်။ ပျော်လည်းပျော်နေကြတယ်။ ဒီနေရာမှာတသက်လုံး ရောင်းချင်ပါတယ်လို့လည်း ပြောနေကြပါတယ်။ ပိုင်ရှင်က လည်းအခိုင်အမာလုပ်ပေးဖို့ စီစဉ်နေတယ်။ ငွေကြေးလည်းမကုန် ဆင်းရဲသားပြည်သူတွေ အဆင်ပြေနေတဲ့ အနေထားတစ်ခုကို ဘာကြောင့် မို့စည်ပင်က နေရာပြန်ပြောင်းခိုင်းနေရသလဲ ဆိုတာ ပြည်သူတစ်ယောက်အနေနဲ့ နားမလည်နိုင်အောင်ကိုပဲ ဖြစ်နေပါတယ်။ ပြီးတော့ NLD အစိုးရအနေနဲ့လည်း ရွေးကောက်ပွဲ နီးလာနေတဲ့ အချိန်မှာ ဘာပဲလုပ်လုပ် ဒေသခံပြည်သူလူထုရဲ့ သဘောထားမေးမြန်း လေ့လာသုံးသပ်ပြီးမှ လုပ်စေချင်ပါတယ်။

Dawei Watch