တာဝန်မကျေသလိုခံစားမိလာသောအခါ

0
216

ဘဝမှာ တစ်ခါတစ်ရံ၌ မိမိကိုယ်မိမိ တာဝန်မကျေသူတစ်ယောက်အဖြစ် ခံစားမိသည့်အချိန်မျိုး ရှိသည်။ ကျွန်တော့် အနေဖြင့် စာသင်သည့်အလုပ်ကို လုပ်ကိုင် လာခဲ့သည်မှာ အခုဆိုလျှင် ၁၇နှစ်ခန့်ရှိလာ ပြီ။ ထိုစာသင်သက်အတွင်း အထက်ပါ ခံစားချက်မျိုး ခဏခဏပေါ်ဖူးသည်။ အထူးသဖြင့် မိမိသင်ကြားရသည့် ဘာသာ ရပ်တွင် တပည့် တစ်ဦးတစ်လေကိုမျှ ဂုဏ်ထူးထွက်အောင် မစွမ်းဆောင်နိုင်သည့် အခါ ကိုယ့်ကိုကိုယ် တာဝန်မကျေသလို ခံစားလာရသည်။ ကြိုးစားအားထုတ်မှု မရှိသူတစ်ယောက်လို ခံစားလာရသည်။ ထို့အပြင် အကျအရှုံးများပြီဆို ကိုယ်သင်ရ သည့် ဘာသာရပ်က ထိပ်ဆုံးမှာ အမြဲရှိနေ တတ်သည်။ နောက်ဘဝမှာများ လူပြန် ဖြစ်ပြီး စာသင်သည့်အလုပ်ကို လုပ်ရမည် ဆိုလျှင် အင်္ဂလိပ်စာသင်သည့်ဆရာ မဖြစ် လိုတော့ပါဟု ဆုတောင်းရမလို ဖြစ်နေသည်။

အင်္ဂလိပ်စာကို သူငယ်တန်း၊ ယခုKG တန်းမှ စတင်ကာ သင်ကြရသည့်နိုင်ငံ တွင် အဘယ့်ကြောင့် အင်္ဂလိပ်စာ ညံ့ကြ သည်ကို စဉ်းစားမရအောင်ပင်။ သင်ကြား ပြသကြသည့် ဆရာတွေကပဲ ညံ့လို့လား။ သို့တည်းမဟုတ် သင်ကြားရေး စနစ်ကပဲ လွဲမှားနေ၍လားဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ သင်ယူကြသည့် ကလေး တွေမညံ့သည်ကတော့ သေချာသည်။ ကလေးဆိုသည်မှာ ခွက်အလွတ်တစ်လုံး နှင့်တူသည်။ ဘာထည့်ထည့် အကုန်လက် ခံသည်။ ခွက်အလွတ်တစ်လုံးထဲကို ရေထည့် ချင်လည်း ရသည်။ အချိုရည်ထည့်ချင် လည်း ရသည်။ မိမိထည့်ချင်သည့်အရာကို ထည့်နိုင်သည်။ ကလေးဆိုသည်မှာလည်း ခွက်အလွတ်တစ်လုံးကဲ့သို့ပင် သူတို့ကို ကျွန်တော်တို့ဘာသင်သင် အကုန်လက်ခံ သည်။ သင်ကြားပုံ သင်ကြားနည်း မှန်ဖို့ သာ အရေးကြီးသည်။

တချို့ဆရာကြီးတွေကတော့ ကျွန်တော်တို့နိုင်ငံတွင် အင်္ဂလိပ်စာသင် ကြားရာတွင် အောင်မြင်မှုမရခြင်းအပေါ် ဘာသာစကား(Language)နှင့် ဘာသာရပ် (Subject) မကွဲပြားသောကြောင့်ဟု သုံးသပ်ကြသည်။ ဘာသာစကားကို ဘာသာစကားပုံစံသင်မှ သင်ယူတတ် မြောက်လွယ်မည်ဟု ဆိုသည်။ အခု ကျွန်တော်တို့ သင်နေသည့်ပုံစံက စာမေးပွဲ အောင်ဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းဖို့ အတွက် ဘာသာရပ်ဆန်ဆန် တွန်းပြီး သင်နေကြရသဖြင့် ကလေးတွေမှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့ အခက်အခဲရှိနေသည်။

ယခုလက်ရှိ ကျွန်တော်တို့ ကြုံတွေ့ နေရသည့် ကလေးအများစုမှာ English 4 Skill ကို မဆိုထားနှင့် အခြေခံ သဒ္ဒါကိုပင် ကောင်းကောင်းမသိဘဲလျှက် တက္ကသိုလ် ဝင်တန်းရောက်လာကြသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ကလေးတွေ ညံ့လို့လားဟု မေးလာလျှင် ဆရာ၊ ဆရာမတွေ ညံ့လို့ပါ ဟုသာ ပြန်ဖြေရမည် ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ကလေးတွေကို တတ်မြောက် အောင်သင်ကြားပေးဖို့ ကျွန်တော်တို့ တာဝန်ပျက်ကွက်နေကြသည်။ ကလေးတွေ စိတ်ပါဝင် စားလာအောင် သင်ကြား ပြသပေးနိုင်မည့်နည်းကို ကျွန်တော်တို့ မရှာဖွေနိုင်ကြသေးဘဲ ဖြစ်နေကြသည်။ ကျွန်တော်တို့ ဆရာ၊ ဆရာမများအနေဖြင့် လမ်းဟောင်းမှ ခွဲထွက်ဖို့ တွန့်ဆုတ်နေကြ သောကြောင့်လည်း ဖြစ်နိုင်သည်။ ဖောက်ထွက်ဖို့ ကြိုးစားကြရပေမည်။ လက်ရှိပြဋ္ဌာန်းစာအုပ်များမှာ ကျွန်တော်တို့ အတွက် သင်ခန်းစာအနည်းငယ်များ နေသကဲ့သို့ နည်းစနစ်ပြောင်းလဲသင်ကြား ဖို့အတွက်လည်း အနည်းငယ်အခက်အခဲ ဖြစ်နေမည်။ အသစ်ထွက်လာမည့် ပြဋ္ဌာန်း စာအုပ်များကတော့ ထိုအခက်အခဲများကို လျော့ကျစေလိမ့်မည် ထင်ပါသည်။

ကျွန်တော်တို့ ဆုံးဖြတ်ရမည့်အချက်က ဘာသာစကားကို ဘာသာစကားလို သင်မလား။ သို့တည်းမဟုတ် ယခုလက်ရှိ အနေအထားအတိုင်း ဘာသာရပ်ဆန်ဆန် ဆက်သင်ကြမလား ဆိုသည့်အချက်ဖြစ် သည်။ ဘာသာစကား ဆန်ဆန်သွားမည် ဆိုလျှင်တော့ ဆရာကြီးတွေ ပြောနေကြ သည့်အတိုင်း English to English သင်မှ ရပေမည်။ သို့မှသာလျှင် English 4 Skill ကို ပိုပြီးတီးမိခေါက်မိ ရှိလာပေမည်။ ထိုကဲ့သို့ E to E သင်ကြရမည် ဆိုပါက ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါ့မလား။ လက်ရှိအနေအထားအရ ကျွန်တော်တို့ ဒေသခံဆရာ၊ ဆရာမ အများစုမှာ ဗမာစကားပြောပြီးသင်ဖို့ကိုတောင်မှ အတော် အားထုတ်နေကြရသည်။ ဆိုတော့ အင်္ဂလိပ်လိုပြောပြီး သင်ကြရမည်ဆိုပါက ပိုများဆိုးနေမလား တွေးပူမိသည်။ ကျွန်တော်ကိုယ်တိုင်လည်း E to E သင်ရ မည်ဆိုလျှင် အဆင်သင့်ဖြစ်ပါ့မလား တွေးနေမိသည်။

ယောမင်းကြီးဇရပ် အစီအစဉ်တွင် ဓာတ်သင်ပုန်းပဲ့ကိုင်ရှင် ဆရာမဒေါ်လှလှဝင်း ၏ ဆွေးနွေးချက်များကို နားထောင်မိတော့ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်ဝင်လာမိ သလို၊ တာဝန်မကျေသလို ခံစားရသည့် စိတ်က ပြန်ပေါ်လာ မိသည်။ ၂၀၅၀ခုနှစ် ရောက်သည်အထိ မြန်မာနိုင်ငံ၏ပညာရေး က ပြောင်းလဲမှုရှိမလာနိုင်သေးဟု ခန့်မှန်း ပြောဆိုနေကြသည်။ ဖွံဖြိုးတိုးတက်ပြီး သည့် နိုင်ငံအများစုကသွားနေသည့် ပညာရေးစနစ်ထက် ကျွန်တော်တို့နိုင်ငံ၏ ပညာရေးစနစ်က အများကြီးခေတ် နောက်ကျ ကျန်နေခဲ့ပြီ။ ကျွန်တော် တို့မှာ အလွတ်ကျက်သည့် စနစ်ကကို မတက်နိုင် ဖြစ်နေသည်။

လက်ရှိအနေအထားမှာ အိမ်မှာ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့ကဲ့သို့သော နည်းပညာပစ္စည်းများနှင့် အကျွမ်းတဝင် ရှိနေသည့် ကလေးများကို စာအုပ်ကြီး ကိုင်ပြီး အလွတ်ကျက်မှတ်ခိုင်းနေရခြင်းက ကျွန်တော်တို့၏ အားနည်းချက်လို ဖြစ်နေ သည်။ နည်းပညာ၏အားသာချက်ကို သိထားသည့်ကလေးများကို စာအုပ်ကြီး ကိုင်ပြီး လိုက်ကြည့်၊ လိုက်ဆို၊ လိုက်ရေး ခိုင်းနေရသည်က ကလေးတွေကို ငရဲခန်း ထဲပို့နေရသလိုပင်။ ကျောင်းသွားချိန် လက်ပ်တော့လေး တစ်လုံးလောက် သယ်သွားလျှင်ပင် အဆင်ပြေနေနိုင်သည့် အနေအထားတွင် ငါးပိဿာလောက်လေး သည့် စာအုပ်ထုပ်ကြီးကို နေ့စဉ်ထမ်းပိုးပြီး သွားနေရသည့် ဒုက္ခက ကလေးတွေ အတွက် မသေးလှ။

ကျွန်တော်တို့နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအတွက် အထက်ပါအတိုင်း နည်းပညာကို အသုံးချပြီးသင်ကြားပေးနိုင် ဖို့ နိုင်ငံတော်အစိုးရအနေဖြင့် ဖြည့်ဆည်း ပေးနိုင်စွမ်းရှိသည့် အနေအထားမျိုး မတွေ့ရ သေး။ မိဘအများစုသည်လည်း မဖြည့် ဆည်းနိုင်သေးသည့်အနေအထား။ အစိုးရ အနေဖြင့်လည်း ကျောင်းဆောင်ကဲ့သို့သော အခြေခံအဆောက်အဦများကိုပင် နိုင်ငံ တစ်ဝှမ်းပြည့်ပြည့်စုံစုံ မဆောင်ရွက်ပေးနိုင် သေး။ နောက်တစ်ချက်က နည်းပညာ ပစ္စည်းများကို အသုံးချပြီး သင်ကြမည် ဆိုပါက လျှပ်စစ်ဓာတ်အားကို နိုင်ငံတစ်ဝှမ်း ရာနှုန်းပြည့်ရရှိနေဖို့ လိုသည်။ ထိုအချက် ကလည်း နိုင်ငံ၏ အဓိက အားနည်းချက် များထဲက တစ်ခုဖြစ်နေသည်။ ဆိုတော့ ကျွန်တော်တို့ စာအုပ်ကလွတ်ဖို့ လမ်းမမြင်သေး။

ကျွန်တော်တို့တစ်တွေ မျိုးဆက် သစ်ကလေးများကို အမွေပေးနေသည့်ပညာရေးက သူတို့၏အနာဂတ်အတွက် အာမခံ ချက် ရှိနိုင်ပါ့မလား။ သူများတွေ ကားစီး နေချိန်မှာ ကိုယ်ကလှည်းစီးနေသလိုမျိုး ဖြစ်နေမလား။ ကလေးတွေက ထောပတ် စားချင်နေချိန်မှာ ကျွန်တော်တို့တစ်တွေက ငါးပိကျွေးနေမိသလား။ ကလေးတွေက အုန်းသီးဟာ မျက်ရည်ကျ စေတတ်တယ် တွေးနေချိန်မှာ ကျွန်တော်တို့က ကြက်သွန်နီ သာ မျက်ရည်ကျစေတတ်တယ်ဆိုပြီး အတင်းပိတ်ဆို့ တားဆီးထားသလို ဖြစ်နေ မလား။ မေးခွန်းပေါင်းများစွာကို တွေးမိ ချိန်တွင်တော့ ပြောင်းလဲဖို့အတွက် ကြိုးပမ်း နေသည့် ကျွန်တော်တို့၏ လက်ရှိပညာရေး စနစ်ကိုပင် အားမလိုအားမရဖြစ်လာ မိသည်။

ကျွန်တော့်အတွက်မူ လက်ရှိအလုပ် သာ ဂိမ်းတစ်ခုဖြစ်မည်ဆို နားလိုက်တာ ကြာပြီ ဖြစ်သည်။ မိမိအနေဖြင့် စာသင်သည့် အလုပ်တွင် ဝါသနာမပါလွန်းလှသော် လည်း သံယောဇဉ်က ကြီးလွန်းနေလေတော့ အကောင်းဆုံးကြိုးစား လုပ်ဆောင်နေရပေ ဦးမည်။ ကိုယ်တတ်အားသလောက် ဖောက်ထွက်နိုင်ဖို့ ကြိုးစားကြည့်နေရပေဦး မည်။ ကျွန်တော်တို့အနေဖြင့် ပိတ်လှောင် ထားသည့်အခန်း ကျဉ်းလေးထဲမှ ရုန်းထွက် ကြည့်ကြရမည်။ မြန်မာကြည့်မကြည့်ဘဲ ကမ္ဘာကြည့် ကြည့်နိုင်အောင် ကြိုးစားကြရ မည်။

ပညာရေးအကြောင်း အတွေးမဆုံး ခင်မှာပင် အချိန်ပြောင်းခေါင်းလောင်းထိုး နေလေပြီ။ အတန်းဝင်ပြီး စာသင်ရဦးမည်။ ကျောင်းသားလေးများနှင့်အတူ စာသင် လိုက်လျှင်တော့ စိတ်ပျက်အားလျော့နေ သည့်စိတ်များ ခဏတော့ပျောက်တန် ကောင်းပါရဲ့။ ဆရာတစ်ယောက်အတွက် စိတ်ပင်ပန်းနွမ်းနယ်သမျှကို ကုသဖို့ အတွက် အကောင်းဆုံးသောကုထုံးမှာ စာသင်ကြားခြင်း ဖြစ်သည်။

ဆိုတော့ ကျွန်တော် စာဆက်သင် လိုက်ပါဦးမည်။

သန်းဇော်ဦး(ရလိုင်)