အသံချဲ့စက် ကိစ္စ ပညာပေးရမည့်သူ

0
119

အသံချဲ့စက်နှင့် ပတ်သက်ပြီး ညည်းတွားကြ ပေါက်ကွဲကြသည်ကို  အခါမလပ်ကြားနေရသည်။

မင်္ဂလာဆောင်များတွင်လည်း မင်္ဂလာဆောင်အလျှောက်၊ အသုဘတွင်လည်း အသုဘအလျှောက်၊ ကထိန်တွင်လည်း ကထိန်အလျှောက် ဆူညံ ပွက်လောရိုက်အောင် ဖွင့်ကြသည်။

အိမ်တံခါးတွေ တဒီးဒီးတုန်ခါသွားသည်အထိ ဖွင့်ကြသည်။

မည်သူမျှလည်း နားမခံသာ။

သို့သော် ဖွင့်နေကြသည်။

အသံချဲ့စက်ကို ထိုသို့ အကျယ်ကြီး ပြင်းပြင်းထန်ထန်ဖွင့်တိုင်း သက်ဆိုင်ရာ အိမ်ရှင် သို့မဟုတ် ကာယကံရှင်ကို အသံတိုးခိုင်းရန် ပြောကြည့်ဖူးသည်။

ထုံးစံဟုဆိုကာ သိပ်မပြောချင်ကြ။

တခါတရံ ရှားရှားပါးပါး ကာယကံရှင်က တိုးခိုင်းသော်လည်း စက်ဆရာက သိပ်မတိုးပေးချင်၊ တိုးပေးလျှင်လည်း ခဏသာ၊ ပြီးလျှင် ပြန်ကျယ်လာသည်။ ယင်းမှာလည်း ဖြစ်ခဲသည့် ဖြစ်စဉ် ဖြစ်သည်။

အခါတော်တော်များများတွင်တော့ အမုန်းမခံချင်ကြသည့်အတွက် ဓလေ့ ဟူသည့် ခေါင်းစဉ်ကို ယူသုံးပြီး ခေါင်းရှောင်ကြသည်။

လက်ရှိအခင်းအကျင်းတွင် ဖြစ်နိုင်ချေအများဆုံး ဖြေမှာ စက်ဆရာများကို ပညာပေးရန် ဖြစ်သည်။ တလောကလုံးကို ပညာပေးရန် မဖြစ်နိုင်သည့်အတွက် တလောကလုံးကို ဆူညံပွက်လောရိုက်စေသည့် အသံချဲ့စက်များကို ကိုင်သည့် စက်ကိုင်ဆရာများကို ပညာပေးခြင်းက ပိုကောင်းမည်ဟု ထင်ပါသည်။

အသံ၏ သဘော၊ ဆူညံသံ၏ သဘော၊ လူ့နား၊ သတ္တဝါတို့၏ နား၏ ခံနိုင်ရည်၊ အသံကြောင့် ဖြစ်နိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုးကျိုးများ စသဖြင့် အထွေထွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပညာပေးလျှင် အနည်းငယ် သက်သာမည်ဟု မြင်ပါသည်။

စက်ဆရာများကို ပညာပေးစေချင်ပါသည်။

အယ်ဒီတာ(နိုဝင်ဘာ ၉၊ ၂၀၁၉)