အထက်တန်းကျောင်းဆောင် ဝရန်တာပြိုကျ၊ ကျောင်းသူ၊ ကျောင်းသား၂၆ ဦး ဒဏ်ရာရ

0
642

မွန်ပြည်နယ် သထုံမြို့နယ် မရမ်းကုန်းကျေးရွာ အထက်တန်းကျောင်း ဝရန်တာပြိုကျမှုကြောင့် ကျောင်းသူ၊ ကျောင်းသား ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်က အထက (မရမ်းကုန်း) ကျောင်းတွင် ကျောင်းကထိန်နှင့် ဆရာမ နှုတ်ဆက်ပွဲရှိပြီး နေ့လယ် အချိန်ခန့်တွင် ဆရာ၊ ဆရာမများအား ကန်တော့ရန် ကျောင်းသူ၊ ကျောင်းသား များ စောင့်ဆိုင်းနေစဉ် အမြင့် ၁၅ ပေခန့် ရှိ ကျောင်းဆောင်ဝရန်တာပြိုကျခဲ့ခြင်း ဖြစ်သည်။

ကျောင်းဆောင်ဝရန်တာပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများကို ဆေးရုံသို့ ပို့ဆောင် ဆေးကုသခံယူခဲ့ရသည်ဟု သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

“ဖြစ်ဖြစ်ချင်း ကလေး ၂၆ ယောက် ဆေးရုံတင်လိုက်ရတယ်။ လက်ရှိမှာ ဆေးရုံမှာ ၁၂ ယောက်ပဲ ကျန်တယ်။ ၁၂ ယောက်စလုံးက စိုးရိမ်စရာမရှိဘူး။ ကြီးကြီးမားမား ထိခိုက်တာတော့ မရှိဘူး။ ကျောင်းက အရင်က ဆောက်ထားတဲ့ ကျောင်းဆိုတော့ မခိုင်တော့တဲ့သဘော ပါ”ဟု ဦးအောင်ကျော်သူက ပြောသည်။

ထိခိုက်ဒဏ်ရာရသည့် ကျောင်းသူ၊ ကျောင်းသားများသည် ဒသမတန်းနှင့် နဝမတန်းမှ ကျောင်းသူ၊ ကျောင်းသားများ ဖြစ်ကြောင်း တချို့မှာ ဆေးရုံတွင် ဆေးဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း သထုံမြို့နယ် ပညာရေးမှူး ဒေါ်ခင်အေးမော်က ပြောသည်။

“ဒဏ်ရာရ ကလေးတွေ အားလုံးက စိုးရိမ်စရာတော့ မရှိဘူး။ ကျောင်းက နှစ်ကြာနေပြီဆိုတော့ ဟောင်းနေပြီ”ဟု မရမ်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက ပြောသည်။

မရမ်းကုန်းကျေးရွာ အထက်တန်း ကျောင်းသည် ၁၉၇၃ ခုနှစ်က တည်ဆောက်ခဲ့သည့်ကျောင်းဖြစ်ပြီး သစ်သားအုတ်ညှပ် နှစ်ထပ်ကျောင်းဆောင်အမျိုးအစား ဖြစ် သည်။

ယဉ်စနိုင်း