ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” အရှိန်ကြောင့် လှိုင်းကြီးနိုင်

0
435

ထားဝယ်၊ နိုဝင်ဘာ ၈

အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) အရှိန်ကြောင့် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သဖြင့် ရေလုပ်ငန်းလုပ်ကိုင်သူများ သတိထားရန်လိုအပ်ကြောင်း တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်ပြီး မြောက်ဘက်သို့ ရွေ့လျားကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက် ပိုင်းသို့ ရောက်ရှိခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီခွဲ ထုတ်ပြန် ချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းသည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်ဘက် ရေမိုင် ၂၉၀ မိုင်ခန့်နှင့် မောင်တောမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၇၀ မိုင် ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါမုန်တိုင်းအရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ရခိုင်ကမ်းရိုးတမ်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများ သတိပြုသင့်သည်ဟု အထက်ပါဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်မိုးနိုင်က နိုဝင်ဘာ ၈ ရက်က သတိပေးပြောကြားသည်။

မုန်တိုင်းအရှိန်ကြောင့် တနင်္သာရီတိုင်းကုန်းတွင်းဒေသများတွင် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင် ကြောင်း ဦးကျော်မိုးနိုင်က ပြောသည်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၅၅ မိုင်မှ မိုင် ၆၀ အထိတိုက်ခတ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၁၀) ပေ မှ (၁၅) ပေအထိနှင့်မြစ်၀ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် (၇) ပေမှ(၉)ပေအထိ ရှိနိုင်၍ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Dawei Watch