ကျေးရွာသုံးစက်သုံးဆီ အရောင်းဆိုင် လိုင်စင် လျှောက်ထားနိုင်ပြီ

0
2040
ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်။ ဓာတ်ပုံ - ဝေယံစိုး

ထားဝယ်၊ နိုဝင်ဘာ ၈

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ကို နိုဝင်ဘာလ ၄ ရက်မှ စတင်လျှောက်ထားနိုင် ပြီဖြစ်ကြောင်း မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း သိုလှောင်ဖြန့် ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၏ မြေဧရိယာအကျယ်အဝန်း စတုရန်းပေ ၂၀၀၀ နှင့် မျက်နှာ စာအဖွင့်အကျယ် အနည်းဆုံး ပေ ၄၀ ရှိရမည်ဖြစ်ပြီး လျှပ်စစ်ပန့်ဖြင့်ရောင်းချပါက ဓာတ်ဆီကို မြေအောက်သိုလှောင်ကန်၊ ဒီဇယ်ကို မြေပေါ် မြေအောက် သိုလှောင်ကန်များဖြင့် သိုလှောင်ရမည် ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် အရောင်းဆိုင်နယ်နိမိတ်ကို အလွယ်တကူ မီးမလောင်နိုင်သည့် ပစ္စည်းများအသုံးပြု၍ ခြံစည်းရိုးကာရံ ထားရမည်ဖြစ်ပြီး ဂါလံ ၁၀၀၀ ထက်ပို၍ သိုလှောင်ခြင်းမပြုရ စသည်ဖြင့် စည်းကမ်း သတ်မှတ်ချက်များ ပါဝင်သည်။

သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူ၏ (၂ လက်မ၊ ၁လက်မခွဲ) ဓာတ်ပုံ၊ အမည်၊ မှတ်ပုံတင်မိတ္တူ၊ အရောင်းဆိုင် အမည်၊ မြေပိုင်ဆိုင်ကြောင်း အထောက်အထား၊ တည်ဆောက်မည့်အကွက်ချပုံစံ၊ အသေးစိတ် ဒီဇိုင်းပုံစံ သိုလှောင်ရောင်းချ မည့် စက်သုံးဆီအမျိုးအစား၊ သိုလှောင် ကန်အရေအတွက်၊ ဝင်ဆန့်ဂါလံပမာဏ စသည့် အချက်အလက်များနှင့်အတူ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်ကို လျှောက်ထားလိုသူများ သည် သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းအစိုးရ၊ တိုင်းသတ္တုတွင်းဦးစီးဌာန၊ တိုင်းလျှပ်စစ် နှင့်စွမ်းအင် စသဖြင့် သက်ဆိုင်ရာဌာနများ ၏ ထောက်ခံချက်များရယူကာ မြန်မာ့ ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွင် လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း အထက်ပါရုံးမှ တိုင်းရောင်းဝယ်ရေးအရာရှိ ဦးသန်းထွေးက ပြောသည်။

“အမိန့်ကြေညာစာမှာပါတဲ့အတိုင်း အချက်အလက်ပြည့်စုံရင် လာလျှောက်ရုံပဲ။ အချက်အလက်တွေ ပြည့်စုံရင်တော့ ကျွန်တော်တို့က ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးပြီးရင် ရုံးချုပ်ကို တင်ပေးတယ်”ဟု ဦးသန်းထွေးက ဆိုသည်။

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်၏ လိုင်စင်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။

ကျေးရွာသုံးစက်သုံးဆီအရောင်းဆိုင်၏ သိုလှောင်ကန်၊ ဂိုဒေါင်များသည် အခြားအရောင်းဆိုင်၏ သိုလှောင်ကန်၊ ဂိုဒေါင်များနှင့် အနည်းဆုံး ပေ ၁၀၀ အကွာအဝေးရှိရမည်ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်ကြီးများနှင့် ၂ မိုင်ခန့် အကွာတွင် ရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် တရားဝင်လိုင်စင်ရှိသည့် စက်သုံးဆီဆိုင် ၂၉ ဆိုင်ရှိပြီး ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖြန့်ဖြူးရောင်းချ ခွင့်လိုင်စင်လျှောက် ထားခွင့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စတင်ခွင့်ပြုပေးခဲ့သည်။

မိုးမြင့်