အသက် ၂၅ နှစ်အောက် အမျိုးသမီး၊ အမျိုးသား ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပမည်

0
1075

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် ၁၀ ခုမှ အသက် ၂၅ နှစ်အောက် အမျိုးသမီး အမျိုးသား ပြေးခုန်ပစ်ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ တိုင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ပြေးခုန်ပစ်ပြိုင်ပွဲတွင် အလျားခုန်၊ အမြင့်ခုန်၊ တုတ်ထောက်ခုန်၊ သံပြားပစ်၊ သုံးဆင့်ခုန်၊ လှံတံပစ်၊ မီတာ ၁၀၀ မှ မီတာ ၁၀၀၀၀ စသဖြင့် ပြေးခုန်ပစ် ကစားနည်းပေါင်း ၁၇ မျိုးခန့် ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

တစ်မြို့နယ်လျှင် အမျိုးသား ၁၃ ဦး အမျိုးသမီး ၁၃ ဦးနှုန်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ယခု ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ကိုလာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် အသက် ၂၅ နှစ်အောက် တိုင်းနှင့် ပြည်နယ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲအတွက် လူရွေးပွဲအဖြစ် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု ဦးစိုးမိုးနိုင်က ပြောသည်။

တနင်္သာရီတိုင်းသည် အသက် အလိုက် ပြည်နယ်နှင့်တိုင်း ပြေးခုန်ပစ် အားကစားပြိုင်ပွဲများနှင့် လက်ဝှေ့ အားကစားပြိုင်ပွဲများတွင် သုံးနှစ် ဆက်တိုက် တံခွန်စိုက်ဆုရရှိဖူးပြီး အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်အားကစား ပြိုင်ပွဲတွင် ဒုတိယဆုကို နှစ်နှစ် ဆက်တိုက် ရရှိခဲ့ဖူးသည်ဟု အထက်ပါ ဌာနမှ သိရ သည်။

မိုးမြင့်