ပန်းဒလဲကျေးရွာတွင် ဂျာမနီနိုင်ငံသားနှစ်ဦး စာရေးကိရိယာများ လှူဒါန်း

0
445

ထားဝယ်၊ နိုဝင်ဘာ ၈

လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ တွင် ဂျာမနီနိုင်ငံသား အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးက ကျောင်းသူ၊ ကျောင်းသား ၆၀ ခန့်ကို စာရေးကိရိယာများ လာရောက်လှူဒါန်းခဲ့သည်ဟု ပန်းဒလဲ အုပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ပြောသည်။

ကျောင်းသူကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ်တစ်အုပ်စီနှင့် ရောင်စုံခဲတံတစ်အုပ်စီ၊ ခဲဖျက်၊ ခဲတံ၊ ဦးထုပ်စသည်တို့ကို လှူဒါန်းခြင်း ဖြစ်သည်။

“သွားရင်းလာရင်းနဲ့ ဝယ်ပြီးလှူတာ ဖြစ်မယ်။ သူတို့က ကလေးတွေကို စိတ်ဝင်စားလို့ ပျော်စေချင်လို့ လာလှူတယ်လို့ ပြောတယ်။ လှူရင်းနဲ့လည်း ကလေးတွေ ကို ပျော်လား ပျော်လားနဲ့ မေးတယ်”ဟု ဦးမင်းသိန်းက ဆိုသည်။

ဂျာမနီနိုင်ငံသားနှစ်ဦးမှာ ကျောင်းသို့ ရောက်လာကာ အငယ်ဆုံးကျောင်းသူ ကျောင်းသားကလေးငယ်များကို ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းချင်သည်ပြော သော်လည်း KG တန်းမှာ ကျောင်းလွှတ် ပြီးနေပြီဖြစ်သဖြင့် Grade 1 နှင့် Grade 2 ရှိ ကျောင်းသူ၊ ကျောင်းသားများကို ရွေးချယ်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

မိုးမြင့်