အမျိုးသမီးနှစ်ဦး ပြည့်တန်ဆာလုပ်ခိုင်းပြီး လုပ်အားခေါင်းပုံဖြတ် နှိပ်စက်ခံရသည်ဆိုသည့်အမှု လိုပြသက်သေ စစစ်မည်

0
629

ကော့သောင်း၊ နိုဝင်ဘာ ၂

ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်ရှိ ပြည့်တန်ဆာလုပ်ငန်း ပူးတွဲလုပ်ကိုင်သည့် စားသောက်ဆိုင်တွင် အမျိုးသမီးနှစ်ဦးအား အလိုမတူဘဲ ပြည့် တန်ဆာအဖြစ်စေခိုင်းပြီး လုပ်အားခေါင်းပုံဖြတ် နှိပ်စက်ခဲ့သည်ဆိုသည့် အမှုတွင် တရားလိုပြသက်သေကို စတင်စစ်ဆေး ရန် နိုဝင်ဘာလ ၁၃ ရက်ကို ချိန်းဆိုထားကြောင်း ကော့သောင်းမြို့နယ်တရားရုံး ထံမှ သိရသည်။

ကော့သောင်းတွင် အဝတ်လျှော်၊သန့်ရှင်းရေးအလုပ်လုပ်ရမည်ဟုဆိုကာ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေ အမျိုးသမီးနှစ်ဦးကို ချိတ်ဆက် ခေါ်ယူကာ အလိုမတူဘဲ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း တို့အပြင် အမျိုးမျိုးနှိပ်စက်သည်ဟု ဆိုကာ စွဲဆိုထားသည့်အမှု ဖြစ်သည်။

အထက်ပါအမှုနှင့် ပတ်သက်၍ ကော့သောင်းမြို့နယ်တရားရုံးက ရာဇဝတ် ကြီးမှုအမှတ် ၁၉၅၄/၂၀၁၉ ဖြင့် စက်တင်ဘာလ ၂၀ ရက်တွင် လက်ခံခဲ့ကြောင်း မြို့နယ်တရားသူကြီးဦးကိုကိုက ဆို သည်။

ဆိုင်ရှင် အမျိုးသမီးအပါအဝင် လေးဦးကို ရာဇသတ်ကြီးပုဒ်မ- ၃၂၆/ ၃၄၂/ ၅၀၆/ ၃၂၄တို့ဖြင့် စွဲတင်ထား ကြောင်း အထက်ပါတရားရုံးထံမှ သိရ သည်။

လက်ရှိတွင် ရုံးချိန်း ၃ ကြိမ်မြောက် စစ်ဆေးပြီးဖြစ်ကာ နိုဝင်ဘာလ ၁၃ ရက်တွင် တရားလိုပြသက်သေစစ်ဆေးရန် ချိန်းဆိုထားကြောင်း ဦးကိုကိုက ဆိုသည်။

ဆိုင်ရှင်အပါအဝင် လေးဦးကို အထက်ပါ ပုဒ်မများအပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေဖြင့်ပါ တရားစွဲ နိုင်ရန် ဥပဒေအကြံတောင်းတင်မည်ဖြစ်ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် ဇင်ဘိုထူးက ဆိုသည်။

ယင်းလူကုန်တားဥပဒေဖြင့် တရားစွဲတင်ပါက ခရိုင်တရားရုံးကို စွဲတင် ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟုဆိုသည့် ဆိုင်ရှင်အပါအဝင် ငါးဦးရှိသည့်အနက် တစ်ဦးမှာ စတင်ဖမ်းဆီးချိန်ကပင် ထွက် ပြေးလွတ်မြောက်နေကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးကို တစ်ရက်လျှင် ထမင်းတစ်ကြိမ်သာကျွေးပြီး လစာ မပေးဘဲ အချိန်လေးလခန့်အတွက် နှစ်ဦးပေါင်း ငွေကျပ်ခုနစ်သောင်းသာပေးသည်ဟု ပြောကြောင်း လူကုန်တားရဲတပ်ဖွဲ့မှ ဒုရဲမှူးအောင်ဆန်းဝင်းက ပြောဆိုထားသည်။

နောက်ပိုင်းတွင် ဆိုင်ရှင်က ပြည့်တန်ဆာလုပ်ခိုင်းရာ ငြင်းဆန်သဖြင့် အမျိုးမျိုးနှိပ်စက်ခဲ့သည့်အတွက် ဆိုင်မှ ထွက်ပြေးလာကာ ကော့သောင်းမြို့မရဲ စခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့သည်။

ကော့သောင်းမြို့တွင် ပြည့်တန်ဆာလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်သည့် စားသောက်ဆိုင် ၃၀ ခန့်ရှိကြောင်း မြို့ခံအချို့ ထံမှ သိရသည်။

Dawei Watch