ခွင့်ပြုဧရိယာထက် ကျော်လွန်စိုက်ပျိုးထားသည့် ဆီအုန်းစိုက်ခင်းများအား စိစစ်ဆဲဟုဆို

0
390

ကော့သောင်း၊ နိုဝင်ဘာ 6

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် ခွင့်ပြုဧရိယာထက်ကျော်လွန်စိုက် ပျိုးထားသည့် ဆီအုန်းစိုက်ခင်းများအား စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

နိုဝင်ဘာလ ၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းပြီး ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ဦးခင်မျိုးဝင်းက တနင်္သာရီတိုင်းဒေသ ကြီး၊ ကော့သောင်းခရိုင်အတွင်းရှိ ခွင့်ပြု ချက်မရှိ လျှောက်ထားခြင်းမရှိသည့် ကျူးကျော်စိုက်ပျိုးထားသော ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီကြီးများအား တည်ဆဲ ဥပဒေ၊ နည်းဥပဒေများနှင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုဧရိယာထက် ကျော်လွန်စိုက် ပျိုးထားသည့် ဧရိယာများနှင့်စပ်လျဉ်းပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေနှင့်အညီ စိစစ်ဆောင် ရွက်နေဆဲဖြစ်သည်ဟု ဒုဝန်ကြီးက ဖြေဆိုခဲ့သည်။

ထို့အပြင် ဘုတ်ပြင်းမြို့နယ်နှင့် ကရသူရိမြို့အတွင်းရှိ တောင်ဒဂုံဆီအုန်း ကုမ္ပဏီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များခွင့်ပြုမိန့်ရရှိခဲ့သည့် ဧရိယာများနှင့် ပတ်သက်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေးဥပဒေပုဒ်မ (၁၇)နှင့် အညီ ဖွဲ့စည်းပေးထားသည့် အထူးအဖွဲ့၏ စိစစ်ချက်အရ စိုက်ပျိုးရန်ကျန်ရှိ သည့် ဧရိယာများကို ဗဟိုကော်မတီမှပြန်လည် သိမ်းဆည်းပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

Dawei Watch