ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်ဆေးရန် စီစဉ်နေဟုဆို

0
667

အရေးယူပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့ထံ အတိုင်ခံထားရသည့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအား စစ်ဆေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က ပြောသည်။

ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရာထူးတာဝန်ကို အလွဲသုံးစား ပြုခြင်း၊ မြေယာကိစ်္စများဆောင်ရွက်ရာတွင် ဒေသခံများဘက်မှရပ်တည်မှုမရှိဘဲ ကုမ္ပဏီများဘက်မှ ရပ်တည် ကာကွယ် ပေးခြင်း၊ ပြဿနာများ ဖြေရှင်းဆောင် ရွက်ရာတွင် တရားမျှတမှု မရှိခြင်း၊ လောင်း ကစားဝိုင်းများကိုမသိကျိုးကျွန်ပြုထားခြင်း စသည်တို့ကို လုပ်ဆောင်သည် ဟုဆိုကာ  ရွာသူရွာသား ၂၀ ဦးမှ လက်မှတ် ရေးထိုး၍ စက်တင်ဘာလ ၂၅ ရက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တိုင် ကြားခဲ့ကြသည်။

ယင်းသို့တိုင်ကြားခဲ့ပြီး ၁ လကျော် လာသည့်တိုင်အောင် သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်း စစ်ဆေးခြင်း မရှိသည့် အတွက် ယင်းတိုင်ကြားသူများအပါ အဝင် ရွာသား ၄၀ ဦးခန့်မှ နိုဝင်ဘာလ ၈ ရက်တွင်  မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု၊ တောရအောက်ကျောင်း ဓမ္မာရုံ တွင် စစ်ဆေးမှုနှောင့်နှေး ကြန့်ကြာနေခြင်း နှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။

ယင်းသတင်းစာရှင်းလင်းပွဲအပြီး တနင်္သာရီအပတ်စဉ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။

“မနက်ဖြန်လောက်ကစပြီး စစ်ဆေး မှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပါပြီ”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က ပြောသည်။

ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်ဆေးရန် ညွှန်ကြားသည့်စာမှာ နိုဝင်ဘာ ၈ ရက် နံနက်မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ရောက်ရှိကြောင်း ၎င်းက ပြောသည်။

“သူတို့က တိုင်းအထိတိုင်ထားတော့ ကြားထဲမှာ ကြန့်ကြာမှုလေး နည်းနည်းလေး ရှိသွားတာပေါ့”ဟု ရဲမှူးက ပြောသည်။

ရွာသားများမှ တိုင်စာတက်သည့် အပေါ်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခရိုင်ထွေအုပ်သို့ ပြန်လည်ချပေးပြီး ခရိုင်မှတစ်ဆင့် မြို့နယ်ထွေအုပ်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားပြီးဖြစ်ကာ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး အပြောင်းအလဲကြောင့် နှောင့်နှေးကြန့်ကြာနေသည်ဟု သိရှိရ ကြောင်း ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ရှင်းပြသည်။

“ခေါ်တဲ့စာက ကျွန်တော့်ဆီ ဒီကနေ့ အထိ မရောက်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ကလွင်ကျေးရွာအုပ်စုတွင် ရပ်ကွက် ၁၃ ခုရှိပြီး လောင်းကစားဝိုင်း အကြီး အကျယ်မရှိကြောင်းနှင့် မြေယာကိစ္စတွင်လည်း မိမိအားမလိုလားသည့် လူတစ်စုမှ လိုက်လံတိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။

တိုင်ကြားမှုနှင့်ပတ်သက်ပြီး နှောင့်နှေးကြန့်ကြာနေပြီး တိုင်ကြားသူများအား အမြန်ဆုံးခေါ်ယူစစ်ဆေးစေချင်ကြောင်း တိုင်ကြားရာတွင်ပါဝင်သူ ဦးဝင်းအောင်က ပြောသည်။

“မမှန်မကန်တိုင်ကြားတယ်ဆိုရင်လည်း ကျွန်တော်တို့ကို အမြန်ဆုံးအရေး လာယူပါ”ဟု ၎င်းက ပြောသည်။

 ကိုဆန်း