မြိတ်ကျွန်းစု ပင်လယ်ကြမ်းပြင်မှ စွန့်ပစ်ငါးဖမ်းပိုက် ကီလိုတစ်ထောင်ကျော် ဆယ်ယူရရှိ

0
1726

မြိတ်၊ နိုဝင်ဘာ ၆

မြိတ်ကျွန်းစုဟုခေါ်သည့် တနင်္သာရီတိုင်း၊ မြိတ်နှင့် ကော့သောင်းခရိုင်အတွင်း ရှိ ကျွန်းများအနီးတွင် အကြောင်းအမျိုး မျိုးကြောင့် ပင်လယ်ကြမ်းပြင်ရောက် နေသည့် ငါးဖမ်းပိုက် ကီလိုတစ်ထောင်ကျော်ကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာ အိုးရှင်းစီမံကိန်း ဒါရိုက်တာက ပြောသည်။

မြန်မာအိုးရှင်းစီမံကိန်းဖြင့် မြိတ်ကျွန်းစုအတွင်းရှိ ခရီးသည်သွားလာမှု များသည့် ကျွန်းများအနီး ရှားပါးရေနေ သတ္တဝါများနှင့် ပတ်သက်သည့် သုတေသနတစ်ခု ပြုလုပ်ချိန်တွင် တွေ့ရှိခဲ့သည့် စွန့်ပစ်ငါးဖမ်းပိုက်များကို ဆယ်ယူခဲ့ကြခြင်း ဖြစ်သည်။

ယခုနှစ်ဇန်နဝါရီလမှ လက်ရှိအချိန်အထိ ငါးဖမ်းပိုက် ကီလို ၁၂၀၀ ကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာအိုးရှင်းစီမံ ကိန်းဒါရိုက်တာ ဒေါ်သန္တာကိုကြီးက ပြောသည်။

ယင်းပိုက်ကွန်များကြောင့် ပင်လယ် ပြင်အတွင်း ကျက်စားသည့် ရေနေသတ်္တဝါ အများအပြား သေဆုံးနေသည်ကို တွေ့ ရှိရကြောင်း ၎င်းက ဆိုသည်။

“ရေငုပ်တဲ့သူတွေမရှိကြတော့ ရေအောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး”ဟု ဒေါ်သန္တာကိုကြီးက ဆိုသည်။

စည်းကမ်းမရှိသည့် လူတစ်ချို့က သုံးမရသည့် ပိုက်အစုတ်များ ပစ်ချသည် မျိုးရှိသကဲ့သို့ ပိုက်ဆွဲရင်း ရေအောက် ကျောက်ဆောင်များနှင့် ငြိ၍ ပြတ်ကျန် ခဲ့ခြင်း၊ ဝါလတ်များ တိုက်ဖြတ်မိသော ကြောင့် ပါသွားကာ ပင်လယ်အောက်တွင် ကျန်ခဲ့ခြင်းများလည်း ရှိကြောင်း မြိတ်မြို့နေ ရေလုပ်သား ကိုစိုးနိုင်က ပြောသည်။

“တစ်ပိဿာ ၃၀၀ ပဲ ရတယ်ဆိုတော့ နဲနဲပါးပါးဆို ယူမလာကြတော့ဘူး ပင်လယ်ထဲ ပစ်ချလိုက်ကြတာမျိုးလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

ရေအောက်ရှိသန္တာကျောက်တန်း များတွင် ငြိတွယ်နေသည့် ငါးဖမ်းပိုက် အများစုသည် နိုင်လွန်ဖြင့် ပြုလုပ်ထား သည်ကို တွေ့ရှိရပြီး ယင်းပိုက်များသည် ရေအောက်တွင် အနည်းဆုံးနှစ်ပေါင်း ၅၀၀ အထိ မပျက်စီးဘဲ ရှိနေနိုင်ကြောင်း ၎င်းက ဆိုသည်။

ငါးဖမ်းပိုက်ကွန် အစုတ်အဟောင်းများအား ငါးဖမ်းလှေများမှ ပင်လယ်အတွင်းသို့ ပစ်ချလျှင် ဖြစ်ပေါ်နိုင်သည့် အကျိုးအဆက်များကို သိရှိမှုရေလုပ်သား များတွင် အားနည်းနေပြီး ရေအောက်သဘာဝအလှ သန္တာကျောက်တန်းများနှင့် ငါးသယံဇာတများ မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမှ ဦးဆောင်ကာ စနစ်တကျလုပ်ဆောင်သင့်ကြောင်း ဒေါ်သန္တာကိုကြီးက ပြောသည်။

ကိုဆန်း