ကန်ချနဘူရီ – ထားဝယ် ရထားလမ်းဖောက်လုပ်ရန် ညှိနှိုင်းသည့် အဆင့်သာရှိဟုဆို

0
659

ထားဝယ်၊ နိုဝင်ဘာ ၇

ထိုင်းနိုင်ငံ နန်ထရာပန်ထိ ဒရန်းဖိုး မှတဆင့် ကန်ချနဘူရီနှင့် ထားဝယ် ရထားလမ်းဖောက်လုပ်ရန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် နှစ်နိုင်ငံညှိနှိုင်းနေဆဲအဆင့်သာရှိသေးသည်ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါစီမံကိန်း လုပ်ဆောင်ရန် အတွက် ပြီးခဲ့သည့် နှစ်နှစ်ခန့်က ကြိုတင် လေ့လာမှုများ ပြုလုပ်ထားပြီး အသေးစိတ် လေ့လာမှုများ မလုပ်ရသေးဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အထက်ပါကိစ်္စနှင့်ပက်သက်ပြီး ထိုင်း-မြန်မာ တွေ့ဆုံသည့် အစည်းအဝေးများတွင် ထိုင်းဘက်မှ ထည့်သွင်းပြော ကြားသည်များ ရှိကြောင်း တာဝန်ရှိသူက ပြောသည်။

“ဒီလုပ်ငန်းက လက်ရှိ လောလောဆယ် တိုင်းပြည်အတွက် အများကြီး အကျိုးမဖြစ်နိုင်သေးဘူးဆိုတော့  ချက်ချင်း ကြီး မဆက်ချင်သေးဘူး၊ ကျွန်တော်တို့ တိုင်းပြည် အကျိုးရှိတဲ့အခါကျမှပဲ ဆက် ချင်တယ်။ သူတို့က ပိုအကျိုးရှိတယ် ဆိုတော့ သူတို့က အရင်ဆက်ချင်တာပေါ့ဗျာ”ဟု တာဝန်ရှိသူက ဆိုသည်။

ထိုင်းဘက်မှ ကုန်ကျငွေဖြင့် အသေးစိတ်လေ့လာမှုများပြုလုပ်မည်ဆိုပါက အစိုးရထံတင်ပြပြီး ခွင့်ပြုချက်လုပ်ပေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲလို ညှိနှိုင်းထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျန်တာတော့ ဘာမှ မရှိသေးဘူး”ဟု တာဝန်ရှိသူက ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ဆက်စပ်သည့် ထိုင်း-မြန်မာ ကားလမ်းကို အရင်ဖောက်လုပ်ပြီးမှသာ ရထားလမ်းကို ဒုတိယအဆင့်အနေဖြင့် မြန်မာဘက်မှ စဉ်းစားရမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံဖြင့် ချိတ်ဆက်ရန် ပထမဆုံးစီမံကိန်းအဖြစ် မန္တလေး-မူဆယ်ရထားလမ်းကို တရုတ် နိုင်ငံက ဖောက်လုပ်ရန် လေ့လာမှုများ စတင်ပြုလုပ်နေ သည်ဟု မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီမှ ထားဝယ် မြို့သို့ ဘုရားသုံးဆူတောင်ကြားလမ်းမှတစ်ဆင့် ရထားလမ်းချိတ်ဆက်ဖောက်လုပ်ရန် စီစဉ်နေသည်ဟု ထိုင်းအစိုးရပိုင် ရထားလုပ်ငန်း၏  ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုဝင်ဘာလ ၄ ရက်ထုတ် 7 Days သတင်းစာတွေ ဖော်ပြသည်။

အဆိုပါရထားလမ်းသည် ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ရထားလမ်း စီမံကိန်း ငါးခုအနက် တစ်ခုအပါအဝင် ဖြစ်ပြီး ယင်းစီမံကိန်း အဆိုပြုလွှာကို မြန်မာနှင့် ညှိနှိုင်းဆောင်ရွက်နေသည်ဟု အဆိုပါသတင်းတွင် ဖော်ပြသည်။

မိုးမြင့်