ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါအောင်ကုမ္ပဏီနှင့် တိုင်းအစိုးရ လာမည့်အပတ် သဘောတူစာချုပ် ချူပ်မည်

0
763

ထားဝယ်၊ နိုဝင်ဘာ ၈

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းသဘောတူစာချုပ်ကို တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် လာမည့်အပတ်တွင် ချုပ်ဆိုမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်နှုန်း ဖြင့် တင်ဒါအောင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် တိုင်းအစိုးရတို့ နိုဝင်ဘာလ ၁၃ ရက်တွင် စာချုပ်ချုပ်ဆို မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စာချုပ်သက်တမ်းကိုမူ တင်ဒါခေါ်ယူစဉ်က ထုတ်ပြန်ခဲ့သည့် တင်ဒါ စည်းမျဉ်းများအတိုင်းပင် ချုပ်ဆိုမည် ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ပြောသည်။

တိုင်းအစိုးရ ထုတ်ပြန်ခဲ့သည့် တင်ဒါစည်းမျဉ်းတွင် လုပ်ကိုင်ခွင့်ကို မူအားဖြင့် ငါးနှစ်သတ်မှတ်ထားသော် လည်း  ယင်းကာလအတွင်း မဟာဓာတ်အား လိုင်းရောက်လာပါက လုပ်ငန်းရပ်နား ရမည်ဟု ဖော်ပြထားပြီး ဆက်လက် လုပ်ကိုင်လိုပါက ပြည်ထောင်စု လျှပ်စစ်/ စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“လုပ်ကိုင်ခွင့်ကတော့ တင်ဒါစည်းမျဉ်း စည်းကမ်းထဲမှာ ကြေညာထားတဲ့အတိုင်း ပဲ”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

တင်ဒါစည်းမျဉ်းအရ Petro & Trans ကုမ္ပဏီက ၂၀၂၀ ခုနှစ် ဇန်နဝါရီ လတွင် စတင်လုပ်ကိုင်ရမည်ဖြစ်သည်။

အထက်ပါကာလမတိုင်မီ ထားဝယ် ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို GGSကုမ္ပဏီက ယာယီလုပ်ကိုင်နေပြီး တစ်ယူနစ်လျှင် ၂၅၀ ကျပ်ကောက်ခံနေသည်။

ဝန်ကြီးချုပ်ဟောင်းဒေါက်တာ လဲ့လဲ့မော် လက်ထက်က ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက် တင်ဒါ အောင်မြင်ခဲ့သည့် GGSကုမ္ပဏီ နှင့် ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်တွင် ကွက်လပ်များ ချန်ထားသည့်အတွက် လူထုကြားတွင် ဝေဖန်မှု မြင့်တက်ခဲ့ဖူး သည်။

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးတင်ဒါခေါ်စဉ်က ရန်ကုန်အခြေစိုက် Petro & Trans ကုမ္ပဏီက လျှပ်စစ်တစ်ယူနစ်လျှင် ၂၃၈ ကျပ်ဖြင့် အဆိုပြုခဲ့ပြီး စင်ကာပူအခြေစိုက် မြန်မာ နိုင်ငံသားပိုင်Staller Powerhouse Pte လိမီတက်က လျှပ်စစ်တစ်ယူနစ်လျှင် ၂၄၀ ဒသမ ၁၆ ကျပ်ဖြင့် အဆိုပြုခဲ့သည်။

Dawei Watch