သထုံတွင် အစာအဆိပ်သင့်ပြီး ဆရာမတစ်ဦးနှင့် ကျောင်းသားခြောက်ဆယ်နီးပါး ဆေးရုံရောက်

0
460

သထံု၊ ႏို၀င္ဘာ ၈

မွန်ပြည်နယ် သထုံမြို့နယ် တံတားဦး ကျေးရွာအုပ်စု ငါးပြေမကျေးရွာ အ.မ.က ကျောင်း မွေးနေ့အလှူတွင် ကျွေးမွေး သည့် အစားအသောက်များ စားမိရာမှ ဆရာမတစ်ဦးနှင့် ကျောင်းသူကျောင်းသား ခြောက်ဆယ်နီးပါး အစာအဆိပ်သင့်ခဲ့ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်း သထုံခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ အမက ငါးပြေမကျောင်းတွင် နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခန့် က မွေးနေ့အလှူအဖြစ် ကျွေးမွေးသည့် ရေခဲမုန့်နှင့် မွေးနေ့ကိတ်များ စားမိကြ ရာမှ အစာအဆိပ်သင့်ခဲ့ခြင်းဖြစ်ပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံနှင့် သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်။

ဆေးရုံသို့ တက်ရောက်ဆေးကုသခံ နေရသည့် လူနာများသည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း စောင့်ကြည့် နေရသေးကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သင်းသင်းအိက ပြောသည်။

“အစာအဆိပ်သင့်သူတွေက ရေခဲမုန့် နဲ့ မွေးနေ့ကိတ်ကို မွန်းလွဲ ၁ နာရီ လောက်မှာ စားထားကြတယ်။ ဆေးရုံကို ရောက်လာကြတာရှိသလို ကြားမှာ ဆေးခန်းကို သွားတာတွေလည်းရှိတယ်”ဟု ဒေါက်တာသင်းသင်းအိက ပြောသည်။

အစာအဆိပ်သင့်မှု အဖြေမှန်သိရှိ နိုင်ရေးအတွက် လူနာ၏အန်ဖတ်များကို နမူနာယူကာ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးနေကြောင်း သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ဆက်ပြောသည်။

ကျောင်းတွင် ကျွေးမွေးသည့်မွေးနေ့ ကိတ်၊ ရေခဲမုန့်တို့ကို စားပြီးနောက် ကလေးများ အော့အန်လာသဖြင့် မိဘများက ဆေးရုံသို့ ပို့ဆောင် ဆေးကုသခဲ့သည်ဟု ကျောင်းသားမိဘတို့က ပြောသည်။

“ရေခဲမုန့်စားပြီး ကလေးက အန်တယ်။ မွေးနေ့ကိတ်ကတော့ အယောက်တိုင်း မစားပါဘူး။ ရေခဲမုန့်ပဲ စားကြတာ အန်တာတစ်ခုပဲ ဖြစ်တယ်။ ကျန်တာ ဘာမှမဖြစ်ဘူး။ ကလေးတွေ အန်တော့ မိဘတွေ လာပြန်ခေါ်ကြပြီး ဆေးရုံပို့လိုက် ကြတယ်”ဟု အစာအဆိပ်သင့်ခဲ့သည့် ကလေးတစ်ဦး၏ အဘွားဖြစ်သူ ဒေါ်မြင့်ကြည်က ပြောသည်။

အောက်တိုဘာလကလည်း ကျိုက်ထိုမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုမှ နန်းကြီးသုပ်၊ ကြက်ဆီထမင်းနှင့် ရေခဲမုန့် ဆွမ်းဘုန်းသည့် သံဃာတော်နှင့် သာမဏေ အပါး ၆၀ ကျော် အစာအဆိပ်သင့်ကာ သိပ်ဇရပ်တိုက်နယ်ဆေးရုံ သို့ ဆေးကုသမှု ခံယူခဲ့ရဖူးသည်။

ယဉ်စနိုင်း