ကျိုက်ထီးရိုးတောင်ပေါ်က ပျံကျဈေးသည်များကို ဂေါပကအဖွဲ့ တရားစွဲ

0
690
ကျိုက်ထီးရိုးတောင်ပေါ်တစ်နေရာ။
ကျိုက်ထီးရိုးတောင်ပေါ်တစ်နေရာ။

ကျိုက်ထို၊ နိုဝင်ဘာ ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် စည်းကမ်း ထိန်းသိမ်းရေးဝန်ထမ်းများအား ရိုက်နှက်သည့် ပျံကျဈေးသည်များကို ဘုရားဂေါပကအဖွဲ့က တရားစွဲဆိုလိုက်သည်။

ကျိုက်ထီးရိုးဘုရားတောင်ပေါ်တွင် ဈေးရောင်းရန် ကန့်သတ်ထားသည့်နေရာများ၌ ပျံကျဈေးသည် ၈၀ ဦးခန့်တို့က ဈေးဆက်လက်ရောင်းချနေမှုကြောင့် နိုဝင်ဘာ ၄ ရက်က ဘုရားစည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းတို့မှ သွားရောက်တားမြစ်ရာ ပျံကျဈေးသည်များနှင့် ဘုရားစည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

ထိုသို့ နှစ်ဘက် ပဋိပက္ခဖြစ်ပွား ကြရာတွင် ပျံကျဈေးသည်များအုပ်စုမှ ဘုရားစည်းကမ်းထိန်းသိမ်းရေးဝန်ထမ်း များအား ဝင်ရိုက်နှက်ခဲ့ခြင်းကြောင့် လုံခြုံရေးဝန်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဘုရားဂေါပကအဖွဲ့က ပြောသည်။

“အဲဒီနေရာက ဈေးမရောင်းဖို့ တားမြစ်ထားတဲ့နေရာ။ ဈေးမရောင်းဖို့ ပြောထားတာ ကြာပြီ။ ဒါကို တန်းစီပြီး ရောင်းနေတော့ သွားပြောတယ်။ ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် လုပ်တယ်။ ဝန်ထမ်း ၁၂ ဦး ထိခိုက်ဒဏ်ရာရလို့ ရဲစခန်းမှာ ဥပဒေအရ အမှုဖွင့်တာ”ဟု ဘုရားဂေါပကအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောသည်။

ယမန်နှစ်က ကျိုက်ထီးရိုးဘုရား ပွဲတော်ကာလ လူစည်ကားသည့် ဒီဇင်ဘာလက ဘုရားပေါ်တက်သည့် လမ်းဘေး နှစ်ဘက်တွင် ပျံကျဈေးသည်များကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ခဲ့သည့်အတွက် ယခုနှစ်တွင် လမ်းပိတ်ဆို့မှုမဖြစ်ပွားအောင် Mountain Topဟိုတယ်အနီးမှ ခြသေ့ၤနှစ်ကောင်မုခ်ဝအထိ လမ်းပိုင်း တွင် ဈေးရောင်းခွင့် တားမြစ်ထားသည်။

ပျံကျဈေးသည်များဘက်က နှစ်ဘက်အငြင်းပွားနေသည်ကို ဝိုင်းဆွဲခြင်းသာဖြစ်ပြီး ၎င်းတို့ဘက်တွင်လည်း ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟုလည်း ပြောသည်။

“သူတို့က (စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က) သိမ်းရင်သိမ်း မသိမ်းရင် ပစ္စည်းသိမ်းမယ် မှောက်မယ်လုပ်တော့ ကျွန်မတို့က ဝိုင်းဆွဲတာကို စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ကျွန်မတို့ကို ဝိုင်းထိုးကြတယ်။ ကျွန်မခေါင်းကွဲသွား တယ်။ တခြားဈေးသည်တွေလည်း ဖူးရောင်ဒဏ်ရာရတာ ရှိတယ်။ ဘုရားပေါ်မှာ ဈေးမရောင်းရဘူး တားမြစ်ထား လို့ ဘုရားနဲ့ လွတ်တဲ့နေရာမှာ ရောင်းတာပါ”ဟု ဈေးသည် မသဇင်က ပြောသည်။

ပျံကျဈေးသည်များဘက်ကလည်း ဂေါပကအဖွဲ့ကို တရားစွဲသွားရန် စီစဉ် လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ပျံကျဈေးသည်များအတွက် နေရာ သတ်မှတ်ပေးထားသော်လည်း အဆိုပါ နေရာသည် ဘုရားဖူးများ အသွားအလာ နည်းသည့်နေရာဖြစ်သည့်အတွက် ဈေးသည်တို့က ဘုရားဖူးများ စည်ကားရာနေရာတွင်ပင် ရောင်းချနေခြင်းကြောင့် ယခုလို ပြဿနာဖြစ်ပွားနေခြင်း ဖြစ်သည်။

ဘုရားဂေါပကအဖွဲ့မှ ပျံကျဈေးသည်များအား သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅၊ နာကျင်စေမှု ပုဒ်မ ၃၃၇၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၃၈ နှင့် ညစ်ညမ်းစွာဆဲဆို မှု ပုဒ် ၅၀၆ ၊၂၉၄ တို့ဖြင့် အမှုဖွင့်ထားသည်ဟု ကင်မွန်းချောင်းနယ်မြေရဲစခန်းထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း အလားတူပြဿနာမျိုးဖြစ်ပွားခဲ့သဖြင့် ပျံကျဈေးသည် ၁၄ ဦးကို ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ယဉ်စနိုင်း