Speed Boat လိုင်စင်လုပ်ပေးမည်

0
588
Speed Boat

ကျွန်းနှင့် ကမ်းခြေများသို့ ခရီးသည် ပို့ဆောင်နေသည့် လိုင်စင်မဲ့ Speed Boat များကို ယခု နိုဝင်ဘာလ နောက်ဆုံးထား လိုင်စင်ထုတ်ပေးသွားမည်ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီး ဦးအောင်သူရက ပြောသည်။

တိုင်းအတွင်း လက်ရှိပြေးဆွဲနေသည့် Speed Boat အများစုမှာ လိုင်စင်မဲ့ များဖြစ်နေပြီး ယခုတစ်ကြိမ်သာ လိုင်စင် ပြုလုပ်ပေးမည်ဟု ဝန်ကြီးက ဆိုသည်။

“ဒီတစ်ကြိမ် နောက်ဆုံးအနေနဲ့ လိုင်စင်ထုတ်ပေးမှာပါ။ နောက်ထပ် ဝင်လာတာတွေဆိုရင် သူ့လုပ်ထုံးလုပ် နည်းတွေအတိုင်း သွင်းကုန်လိုင်စင်တွေလုပ်ပြီး တင်သွင်းရမယ်ပေါ့”ဟု ဝန်ကြီးက ပြောသည်။

Speed Boat လိုင်စင်ကို တိုင်းအစိုးရအစီအစဉ်ဖြင့် ပြုလုပ်ပေးမည် ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် အပျော်စီးရေယာဉ်လိုင်စင် ပြုလုပ်ရေးအဖွဲ့များကို ဖွဲ့စည်းကာ သက်ဆိုင်ရာ ခရိုင်အလိုက် လိုင်စင်မဲ့ Speed Boat စာရင်းကောက်ယူ ပြုစုနေကြောင်း ဝန်ကြီးက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်၊ စမ်းလှမ်းကမ်းခြေမှလည်းကောင်း၊ မြိတ် မြို့နှင့် ကော့သောင်းမြို့တို့မှလည်းကောင်း ပင်လယ်ကျွန်းများ၊ ဆလုံရွာများသို့ ခရီးသွားများကို Speed Boat များ ဖြင့် ပို့ဆောင်နေကြသည်။

ကျွန်းခရီးစဉ် အများဆုံး ပြေးဆွဲနေသည့် မြိတ်မြို့ရှိ Speed Boat ၉၀ ရာခိုင်နှုန်းမှာ လိုင်စင်မဲ့များဖြစ်နေပြီး ယခု ကဲ့သို့ တိုင်းအစိုးရက လိုင်စင်လုပ်ပေး မည်ဆိုက လိုင်စင်လုပ်မည်ဖြစ်ကြောင်း မြိတ်အခြေစိုက် Mergui Dolphin ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့(အစိုးရ) လုပ်ပေးတာ ဘောင်ဝင်အောင် လုပ်ပေးတာပေါ့နော်။ ကျွန်တော်တို့က လက်ခံပါတယ်”ဟု ၎င်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

Dawei Watch