ဒေါက်တာလဲ့လဲ့မော်အမှု လိုပြသက်သေအဖြစ် ဝန်ကြီးဦးကျော်မင်းကို စစ်မည်

0
964

ထားဝယ်၊ နိုဝင်ဘာ ၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှု တွင် တရားလိုပြသက်သေအဖြစ် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးကျော်မင်းကို စစ်ဆေးမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံးထံမှ သိရသည်။

အထက်ပါအမှု၏ ၃၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် နိုဝင်ဘာလ ၁၈ ရက်တွင် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်း တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သိန်းလေးထောင် အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခဲ့သည်ဆိုသည့် ၂/၂၀၁၉ အမှုအတွက် လိုပြသက်သေအဖြစ် စစ်ဆေးမည် ဖြစ်သည်။

ဝန်ကြီးဦးကျော်မင်းသည် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီးအဖြစ် ယခုနှစ်ဇူလိုင်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်က တိုင်းလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စိစစ်အကြံ ပြုရေးအဖွဲ့တို့တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

တိုင်းလွှတ်တော်တွင် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ချိန်က ထားဝယ် လေယာဉ်ကွင်းချုံရှင်းခ အဆမတန်များ ပြားနေကြောင်း တိုင်းလွှတ်တော်သို့ တင်ပြခဲ့ဖူးသူ ဖြစ်သည်။

၂/၂၀၁၉ အမှုတွင် တရားလိုပြ သက်သေအဖြစ် ဝန်ကြီးဦးကျော်မင်းအပြင် လေယာဉ်ကွင်းကို ချုံရှင်းခဲ့သည့် F 22 ကုမ္ပဏီမှ ဝန်ထမ်းဦးဖြိုးပိုင်အောင် တို့ကိုလည်း စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ထို့အပြင် အထက်ပါရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အမှုစစ်ဖြစ်သည့် ညွှန်ကြားရေးမှူး ဦးသန်း ဇော်ဝင်းကို အမှုလေးခုစလုံးအတွက် စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဂတိကော်မရှင်မှ ဦးသန်းဇော်ဝင်းကို ဧပြီလ ၂၂ ရက် ရုံးချိန်းကလည်း တရားလိုအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကာ ၎င်းင်းမှာ လက်ရှိစွဲဆိုထားသည့် အမှုလေးခုစလုံး၏ တရားလိုလည်း ဖြစ်သည်။

“(အရင်က) တရားလိုအနေနဲ့ စစ်တာ၊ အခုက အမှုစစ်အနေနဲ့ စစ်တာပါ”ဟု တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောသည်။

ယင်းအမှု၏  ၃၇ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် နိုဝင်ဘာလ ၄ ရက်တွင် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး(အငြိမ်းစား) ဒေါ်ကျင်ရီ၊ သဘောၤဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တလိုင်းမရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဌေးကိုလိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။

 ၃၈ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် နိုဝင်ဘာလ ၅ ရက်တွင်မူ ရေဖြူမြို့နယ် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိုက်အောင်နှင့် ထားဝယ်မြို့ နယ်တရားသူကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဦးကျော်မြင့်ကို လိုပြသက်သေအဖြစ် စစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခု အနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူ များ ပါဝင်သည်။

Dawei Watch