မြိတ်လျှပ်စစ် တင်ဒါအောင်ကုမ္ပဏီ ရွေးချယ်ပြီးဟုဆို

0
1286

မြိတ်၊ နိုဝင်ဘာ ၈

မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတင်ဒါအောင် ကုမ္ပဏီကို ရွေးချယ်ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

နိုဝင်ဘာလဆန်းက ကျင်းပသည့် အစိုးရအဖွဲ့အစည်အဝေးတွင် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တင်ဒါပြိုင်ထားသည့် ကုမ္ပဏီများကို အမှတ်ပေးစည်းမျဉ်းများနှင့်အညီ စိစစ်ပြီး တိုင်းအစိုးရအဖွဲ့ အစည်းအဝေးက ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆိုထားသည်။

မြိတ်မြို့နယ်လျှပ်စစ်တင်ဒါကို Petro & Trans ကုမ္ပဏီ၊ Green Power Myanmar Myeik Power Generation ကုမ္ပဏီ၊ Southern Power Grid ကုမ္ပဏီ၊ မြိတ် စိမ်းလန်းစွမ်းအင်ကုမ္ပဏီနှင့် ဖိုးသီးချိုကုမ္ပဏီတို့က ပြိုင်ထားသည်။

“(မြိတ်တင်ဒါကိစ္စကို) ကက်ဘိနက်က ဆုံးတော့ ဆုံးဖြတ်ပြီးပြီ”ဟု ဝန်ကြီး ဦးအောင်သူရက ပြောသည်။

တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ခရီးသွားနေသည့်အတွက် ၎င်းရောက်ရှိချိန်မှသာ လက်မှတ်ထိုးကာ တင်ဒါအောင် ကုမ္ပဏီကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

တင်ဒါအောင်ကုမ္ပဏီအနေဖြင့် ဒီဇယ်ဆီဖြင့် လျှပ်စစ်ထုတ်လုပ်မည် ဆိုပါက စာချုပ်ချုပ်ဆိုပြီးနောက် သုံးလ အတွင်း၊ အခြားအရင်းအမြစ်ဖြင့် ထုတ်လုပ်မည်ဆိုပါက ခြောက်လအတွင်း လုပ်ငန်းစလုပ်နိုင်ရမည်ဖြစ်သည်။

မြိတ်ခရိုင်လျှပ်စစ်သုံးစွဲမှုပမာဏမှာ ၁၀ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိတွင် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီက ယာယီလုပ်ကိုင်နေပြီး တစ်ယူနစ်လျှင် ၄၂၀ ကျပ် နှုန်းဖြင့် ကောက်ခံနေသည်။

ကိုဇော်