နာကျင်ခံစားရတဲ့အခါ

0
645

လူအတော်များများဟာ လုပ်ငန်းခွင် မှာဖြစ်စေ၊ မိသားစုထဲမှာဖြစ်စေ၊ ရပ်ရွာ မှာဖြစ်စေ မကြာခဏဆိုသလို စိတ်ထဲမှာ နာကျင်ခံခက် ဖြစ်ရတဲ့ ကိစ္စတွေ မကြာခဏဆိုသလို ကြုံရလေ့ ရှိပါတယ်။

ကြုံလေ ဘုံပွေဆိုတဲ့အတိုင်း တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် ကြုံရတာ ပုံမှန် လိုကို ဖြစ်နေပါပြီ။

ဒါပေမယ့် အဲလို ကြုံရတာတွေကို သေချာ စနစ်တကျ အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်ပြီလားလို့ မေးရင်တော့ လူ အတော်များများက ခေါင်းခါပါလိမ့်မယ်။

စိတ်မှာ နာကျင်ခံစားရမှုနဲ့ ပတ်သက် ရင် လူတွေက ကိုယ်တိုင် ပဲ့ကိုင်နိုင်တာ မျိုးနည်းပြီး အတော်များများက ရေစုန်မှာ မျောပါသွားကြတာ များပါတယ်။

တကယ်တော့ စိတ်ခံစားမှု ဆိုတာ ရွေးချယ်မှုပါပဲ။

ဝမ်းနည်းစရာလို့ ပြောကြတဲ့ကိစ္စ တစ်ခုကို ကြားရ ကြုံရတဲ့အချိန်မှာ ကိုယ် ကလည်း လိုက်ဝမ်းနည်းတယ်ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။

ထို့အတူပဲ ပျော်ရွင် ကြည်နူးစရာလို့ ပြောကြတဲ့ ကိစ္စတစ်ခုကို ကြားရ ကြုံရတဲ့ အချိန်မှာ ပျော်ရွင် ကြည်နူးလိုက်တာက လည်း ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ဒီလိုပါပဲ ဘဝမှာ ကြုံရတဲ့ စိတ်မှာ နာကျင်ခံစားရမှုတွေကလည်း ရွေးချယ် မှုပဲ ဖြစ်ပါတယ်။

ကိုယ်က အဲလို ခံစားဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။ ဆိုတော့ စိတ်ခံ စားမှု ရေစုန်မှာ မမျောအောင် ဘယ်လိုလုပ် မလဲ။

၁) ရှုမြင်မှုကို ပြောင်းပါ။

လူတစ်ယောက်က ဒေါသထွက်ပြီး ကိုယ့်ကိုတစ်စုံတစ်ရာ တုံ့ပြန်တာဟာ သူရဲ့ ပြဿနာ၊ သူ့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပြီး ကိုယ်က သူ့ရဲ့ တုံ့ပြန်မှုကြောင့် ဒေါသထွက်တာ၊ တစ်စုံတစ်ရာ နာကျင်ခံစား ရတာမျိုးဆိုရင် ကိုယ့်ရဲ့ရွေးချယ်မှု ကိုယ့်ရဲ့ ပြဿနာဖြစ်သွားပါတယ်။

သူဒေါသတကြီးဖြစ်နေတာကို ပြုံးပြုံးလေး ကြည့်နေတာမျိုးကလည်း ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

သူ့ပြဿနာကို ကိုယ့်ပြဿနာ မဖြစ်ဖို့၊ သူက ကိုယ့်စိတ်ခံစားမှုအတွက် ရွေးချယ်ပေးလိုက်သလိုမျိုး မဖြစ်ဖို့ဆိုရင် ခုနက သဘောကို နားလည် လက်ခံဖို့ လိုပါတယ်။

၂) အကောင်းမြင်စိတ်ထားပါ

ဘဝမှာ အကျပ်အတည်းတွေရင်ဆိုင် ရတဲ့အခါ ဖြစ်စေ၊ ပြဿနာတွေကြားထဲ ရောက်နေတဲ့အချိန်ဖြစ်စေ၊ အဲဒါတွေထဲ မြုပ်မသွားဖို့ အရေးကြီးတဲ့ နောက်တစ် ချက်က အကောင်းမြင်စိတ်ထားဖို့ ဖြစ်ပါ တယ်။

အကောင်းမြင်စိတ်ထားတယ်ဆိုတာ ကြုံရတဲ့ အခက်အခဲတွေကြားထဲမှာ နစ်မွန်း မသွားဘဲ၊ လက်မလျှော့ဘဲ အဖြေရှိမှာပါ ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ သွားတာမျိုးပါ။

အခါတော်တော်များများမှာ ကျွန်တော်တို့တွေဟာ ကြုံရတဲ့ စိတ်ခေါ်မှု တွေနဲ့ ပတ်သက်ပြီး ပြင်ပအကြောင်းတရား များကိုပဲ အလေးပေး ထည့်သွင်းစဉ်းစားပြီး လုပ်လို့ မရလောက်တော့ဘူးဆိုပြီး ကိုယ့် ဟာကိုယ် ဂျက်ချ တံခါးပိတ်လိုက်ပြီး တုံ့ပြန်တာမျိုး လုပ်တတ်ကြပါတယ်။ အချို့ကလည်း ထွက်ပြေးတတ်ပါတယ်။ တကယ်တော့ ဒါက အဖြေမဟုတ်ပါဘူး။

နေရာတိုင်းမှာ ပြဿနာတွေ စိန်ခေါ် မှုတွေ ရှိနေတတ်ပါတယ်။ အကြီးအသေး၊ အနီးအဝေး၊ အပြင်းအပျော့၊ အလေးအပေါ့ သာ ကွာပါတယ်။ ဒီသဘောကို နားလည် ပြီး တကယ့်ပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ၊ ဖြစ်နိုင်ချေ အဖြေက ဘာလဲ ဆိုတာကို တည်တည်ငြိမ်ငြိမ် တွေးဆ တာမျိုး ဖြစ်သင့်ပါတယ်။

၃) အနာဂတ်အမြင်ကို မမေ့ပါနဲ့။

လူတစ်ယောက်မှာ အနာဂတ်အမြင် ရှိတယ်ဆိုရင် ဘဝရဲ့ အခိုက်အတန့်တွေ မှာ ကြုံရတဲ့ ကိစ်္စတိုင်းအတွက် ဆုံးဖြတ် ချက်တွေချတဲ့အခါ၊ တုံ့ပြန်မှု ပြုတဲ့အခါ အင်မတန် အကျိုးရှိပါတယ်။

ဘဝမှာ သတိလက်လွတ် နာကျင်ခံစား ရတာမျိုးကြုံရင်တောင် ကိုယ့်ရဲ့ အနာဂတ် အမြင်ကို လှမ်းဆုပ်ကိုင်ပြီး ကျော်ဖြတ် ရမှာ ဖြစ်ပါတယ်။

သတိလက်လွတ်ဖြစ်သွားတဲ့ အတွက် နာကျင်ခံစားရရင်တောင်မှပဲ ကိုယ်သွား ချင်တဲ့လမ်း ကိုယ်မြင်ချင်တဲ့ အနာဂတ် အတွက် ဖြတ်သန်းရမယ့် အခိုက်အတန့် တွေ ဖြစ်တယ်ဆိုတာမျိုး နှလုံးသွင်းပြီး ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။

အနာဂတ်အမြင်ရှိခြင်းက အခိုက် အတန့် အဖြစ်အပျက်တွေကြားမှ စုံးစုံးမြုပ် မသွားဖို့အတွက် အင်မတန်အရေးကြီး ပါတယ်။

တခြားအချက်တွေလည်း အများကြီး ရှိပါသေးတယ်။

မက်အိမ်