အမှိုက်နဲ့ ပင်လယ်ရွာ

0
821

ဂေဟဗေဒ စနစ်ကို ပျက်စီးစေတတ် သည့် အမှိုက်များ စနစ်တကျ စွန့်ပစ်ဖို့ ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာတွင် ဒိန်းမတ်-မြန်မာ ရေရှည်တည်တံ့သော ငါးသယံဇာတ ထိန်းသိမ်းရေး ကော်မတီ နှင့် သက်ဆိုင်ရာ အစိုးရဌာနများ ပူးပေါင်းလျက် အသိပညာပေးဆိုင်းဘုတ်၊ ဗီနိုင်းပိုစတာများ ထောင်ခြင်း၊ စွန့်ပစ်အမှိုက် များစနစ်တကျ စွန့်ပစ်ရေးအတွက် လမ်းဆုံလမ်းထောင့်များတွင် အမှိုက်ပုံး အလုံးရေ ၉၀ခန့်ထားရှိပေးပြီး ယာယီအမှိုက်ကန် တစ်ခု ပြုလုပ်ထားကာ ရေရှည်အတွက် အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း စခန်းသစ် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်ကို ကိုးကားဖော်ပြသည့် တနင်္သာရီဂျာနယ်ပါ သတင်းတစ်ပုဒ်ကို ပြီးခဲ့သည့် အပတ်က ဖတ်ရသည်။

ထိုသတင်းက ကျွန်တော့် စိတ်အစဉ်ကို ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုသို့ ပြန်ခေါ် သွားသည်။

၂၀၀၅ နိုဝင်ဘာမှာ ကျွန်တော်သည် ပင်လယ်ရွာလေးသို့ တိုက်နယ်တာဝန်ခံ ဆရာဝန်အဖြစ် တာဝန်ကျသည်။

၂၀၀၆၊ ၂၀၀၇မှာ မိမိမူလတာဝန်ဖြစ် သော ဆေးရုံ ဆေးဝါးကုသရေးနှင့် ဝန်ထမ်းများ စည်းလုံး ညီညွတ်ရေးကို လုပ်သည်။ ဆေးရုံစည်းရိုး၊ နယ်နိမိတ် လုံခြုံအောင် လုပ်သည်။ ပတ်ဝန်းကျင် ကျေးရွာများမှ အားကိုးအားထားပြုနိုင်သော ဆေးရုံ တစ်ရုံအဖြစ် လည်ပတ်နိုင်အောင် ကြိုးစား အားထုတ်သည်။ သည်နောက်မှာ အရေး ပါသော ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းတွေကို မြှင့်တင်နိုင်ဖို့ ကြိုးစား ရသည်။ ကိုယ့်အခြေခံ ကျန်းမာရေးဝန် ထမ်းများဖြစ်သော ဘက်စုံသားဖွားဆရာမ များ၏တာဝန်နှင့် သူတို့ လုပ်ဆောင်ချက် လေးတွေကို ဆန်းစစ်ပြီး ကူညီပေးသည်။ သင်ကြားပေးသည်။ ဖြည့်ဆည်းသင်ကြား ပေးသည်။ သည့်ပြင် နှစ်စဉ် ကိုယ့်တိုက်နယ် ကျန်းမာရေးဌာနမှာ စီမံချက်အသေးလေး တွေ ကိုယ့်ဘာသာကိုယ် ရေးဆွဲပြီး အကောင်အထည်ဖော်သည်။ သည်အထဲ ကျေးရွာအလိုက် အမှိုက်ကင်းစင်ရေး စီမံချက် (၂၀၀၈)၊ ကျေးရွာအလိုက် ယင်လုံ အိမ်သာ ဆောက်လုပ်သုံးစွဲရေး စီမံချက် (၂၀၀၉)၊ ကျေးရွာချင်းဆက် လမ်းများ ဖောက်လုပ်ရေး စီမံချက် (၂၀၁၀)တို့ဖြင့် မိမိတာဝန်ကျနေစဉ် ကာလတွေမှာ မိမိ အစီအစဉ်ဖြင့် ကြိုးစားကာ လုပ်ခဲ့သည်။

စီမံချက်တွေ စလုပ်မည်ဆိုသည်နှင့် အမှန်အရေးပါပြီး မလုပ်မဖြစ် လုပ်သင့် လုပ်ထိုက်သည့် အရေးအရာတွေကို ဦးစား ပေး စဉ်းစားရသလို အမှန် မိမိအင်အားနှင့် လုပ်နိုင်မည့်အရာတွေကို လုပ်ဖို့ ကြိုးစား ရသည်။ အဲသည် Situational analysis ဆိုသည့် လက်ရှိအခြေအနေကို ဆန်းစစ် ခြင်းသည် အရေးပါသည်။ ပင်လယ်ရွာ တွေဖြစ်သည့် အားလျော်စွာ ရေနှင့် သယံဇာတတွေကို မှီခိုနေကြရသည်။ ထို့အတွက် ပင်လယ်ပြင်ကြီးသည် အရေးပါ သည်။ သည်ပင်လယ်ပြင်ကြီး ကျန်းမာပါ မှ ရေနှင့် သယံဇာတတွေ အဓွန့်ရှည် တည်တံ့မည်။ သည်ပင်လယ်ပြင်ကြီးရဲ့ ကျန်းမာရေးကို ကျွန်တော်တို့တွေကပဲ ပျက်စီးအောင် လုပ်နေကြသည်။ ထိုပျက်စီး စေသည့်အချက်တွေက အမှိုက်နှင့် စွန့်ပစ်အညစ်အကြေးတွေကို ပင်လယ်ထဲသို့ ပရမ်းပတာ စွန့်ပစ်ကြခြင်း ဖြစ်သည်။

အမှိုက်နဲ့ အညစ်အကြေးတွေက ပင်လယ်ပြင်ကို ညစ်နွမ်းစေကာ ပြည်သူ့ ကျန်းမာရေးကို ထိပါးစေသည်။ သည့် အတွက် အမှိုက်နှင့် ပင်လယ်တွင်း တိုက်ရိုက် စွန့်သည့် အိမ်သာတွေအစား ဒေသနှင့် ကိုက်ညီသော ယင်လုံအိမ်သာတွေ ဖြစ်လာ ဖို့ အရေးပါသည်။ ဆေးရုံသို့ အရောက် အများဆုံး ရောဂါတွေကိုဆန်းစစ်တော့သည်ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပတ်သက်သော တစ်ကိုယ်ရေ သန့်ရှင်းမှု နှင့်ပတ်သက်သော ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး ရောဂါတွေက အများဆုံး ဖြစ်သည်။ ထို့အတွက် သည်ရောဂါများ ကာကွယ်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အဓိက အာရုံစိုက်ကြရသည်။

ကိုယ့်မှာရနိုင်သည့် အင်အားကို ချင့်ချိန်သည်။ ကိုယ့်ကျန်းမာရေးဝန်ထမ်း အင်အား၊ ပေးနိုင်သောအချိန်၊ စုစည်းနိုင်မည့် လူအင်အား စတာတွေကို ချိန်ဆကာ ရပ်ရွာ အုပ်ချုပ်သူတွေနှင့် တိုင်ပင်ညှိနှိုင်းကြ ရသည်။ ကိုယ့်ဘက်က အဲသည် အမှိုက် ကင်းစင်ရေးသည် ဒေသအတွက်၊ ရွာအတွက်၊ ပင်လယ်ကြီးအတွက် အရေးပါ ပုံ၊ အဖြစ်များသောရောဂါများနှင့် သည် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆက်စပ်နေပုံ၊ ကိုယ့်ဘက်က လုပ်နိုင်မည့်နည်းလမ်းများနှင့် အားသာချက်၊ အားနည်းချက်များကို တင်ပြဆွေးနွေးကြသည်။ အနုစိတ် စီမံချက် တွေ ရေးဆွဲကာ အကောင်အထည်ဖော်ကြသည်။

အပတ်တိုင်း ဗုဒ္ဓဟူးနေ့ မနက်မှာ ရွာလုံးကျွတ် ပါဝင်လျက် သန့်ရှင်းရေး လုပ်ဆောင်ကြဖို့၊ အမှိုက်တွေ ဘယ်လို စုစည်း ဖျက်ဆီးကြလျှင် အကောင်းဆုံး ဖြစ်မည် စသဖြင့် ဘက်ပေါင်းစုံမှ သုံးသပ် ကာ အမှိုက်ကန်တွေ ယာယီ တူးဖော်ကာ အပတ်စဉ် အမှိုက်သိမ်းစနစ်တစ်ခု ဖြစ်လာဖို့ အားထုတ်သည်။ စနစ်မပေါ်ပေါက် လာခင် ကာလမှာ တစ်ပတ်နှစ်ကြိမ် ကိုယ့်အားကိုယ်ကိုးကာ အရန်မီးသတ်၊ စေတနာ့ဝန်ထမ်း အဖွဲ့တွေနှင့် ပူးပေါင်း ကာ အမှိုက်ကောက်ကြသည်။ အမှိုက်သိမ်း ကြသည်။

တစ်နေ့တာ ဆေးခန်းထိုင်လို့ ရသမျှ ကိုယ့်ကိုပူးပေါင်းကူညီကြသည့် အဖွဲ့တွေ ကို အအေး၊ မုန့်တို့ဖြင့် ကျွေးမွေးကြသည်။ ပျော်စရာပင်။ တစ်ချိန်တည်းမှာ အမှိုက်နှင့် ကျန်းမာရေး ဆက်နွှယ်ပုံတွေကို ကျန်းမာ ရေး ပညာပေးဟောပြောပွဲတွေ လုပ်ပေး သည်။ အတက်ကြွဆုံးက ရွာက အမျိုး သမီးထုကြီးတွေ ဖြစ်သည်။ ကိုယ်က စည်းရုံးရေး ကောင်းသမျှ သူတို့တွေက လည်း တက်တက်ကြွကြွ ရှိကြသည်။ နောက် ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးကာ အကူအညီတောင်းဖြစ်တာက အဲသည်ရွာ မှာ ရှိနေသော ကျေးရွာလုံခြုံရေး တပ်ခွဲ၊ အဲသည်က တပ်ခွဲမှူးတွေကလည်း တက် တက်ကြွကြွ ပါဝင်ကူညီကြသလို အားလုံးက လည်း ပျော်ပျော်ရွှင်ရွှင်။

ကျွန်တော့် ရည်မှန်းချက်က ရှင်းသည်။ ကျန်းမာသန့်ရှင်းသော ဝန်းကျင်မှာမှ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နိုင်ကြမည်။ ရေတိုအားဖြင့်သာ ကိုယ့်အားကိုယ်ကိုး အမှိုက်သိမ်းနေသော်လည်း ရေရှည် အမှိုက်စွန့်ပစ်နိုင်ဖို့အတွက် အစီအစဉ်ရှိ လာဖို့ လိုအပ်သည်။ သည့်အတွက် ငွေ၊ လူအင်အား၊ နည်းပညာတို့ လိုအပ်သည်။ ကိုယ်တိုင် အမှိုက်လိုက်သိမ်းပြနေခြင်း သည် စံ တစ်ခုအဖြစ် အလုပ်လုပ်ကာ ဆရာဝန်သော်မှ ကိုယ့်ရွာသားမဟုတ်ပါ ဘဲ ကိုယ့်ရပ်ရွာအတွက် ကြိုးစားပေးနေ တာရယ်လို့ အသိမျိုးရှိလာကာ တက်တက် ကြွကြွ ပူးပေါင်းပါဝင်လာဖို့ လူငယ်တွေ ကို စည်းရုံးလိုသည်။ ပါလာတာက ရပ်ရွာ က အမျိုးသမီးထုကြီးက အဓိက။ ထမင်း ဟင်းချက်ချိန်တွေ လစ်ဟင်းလာသော အခါ သူတို့ အမျိုးသားတွေ မကြည်လင်ကြတော့။

မြို့မှာနေသော အမေနဲ့အဖေကို ရပ်ရွာကအချို့ သွားပြောပြသည်။ ကိုယ့်သား ဆရာဝန်က ဆေးရုံမှာ စတိုင်နဲ့ မနေဘဲ ရပ်ရွာထဲ အမှိုက်သိမ်းနေသတဲ့။ ကိုယ် ဖြစ်စေချင်သော ရလဒ်မဖြစ်လာဘဲ နည်းနည်း လွဲသည်။

တစ်ခါတလေ ကိုယ်က သည်လမ်းဆုံ က အမှိုက်သိမ်းလာချိန် ကိုယ့်ကို အာကျယ် ကျယ်နှင့် လက်ယပ်ပြ လှမ်းခေါ်ကာ သည် မှာ အမှိုက်တစ်ထုပ် ကျန်သေးတယ်။ သိမ်းသွားပါဦးဟု ပြောတာလည်း ခံရဖူး သည်။ ကျွန်တော် အရေးမစိုက်။ အမှိုက် နဲ့ပတ်သက်ပြီး အသိလေးတွေ ကိုယ်စီမှာ ရသွားလျှင် ကျွန်တော်တို့ အလုပ်လုပ်ရကျိုး နပ်ပြီ။ အမေနှင့် အဖေ့ကိုတော့ ကျွန်တော် ဖြေပါသည်။

“အဖေနဲ့ အမေရာ ကိုယ့်သားရဲ့ ခံယူ ချက်နဲ့ စိတ်ဓာတ် အဖေတို့ သိတယ်မဟုတ်လား၊ ကျွန်တော် မဟုတ်တာ မလုပ်ပါဘူး။ ခုလည်း သူတို့ရပ်ရွာမှာ အစပြုလို့ သူတို့ ရွာကလေး အမှိုက်ကင်းလာမယ်။ သူတို့ ရွာကို စံပြုလာရင်း ပတ်ဝန်းကျင်က ရွာ တွေ အမှိုက်ကင်းလာမယ်။ အဲသည် ကစလို့ ကျွန်းစုမြို့နယ်၊ အဲသည်က တိုင်း၊ သည်ကနေ နိုင်ငံအထိ ရည်မှန်းပြီး ကျွန်တော် လုပ်ချင်တာ အဖေရယ်၊ သည်အထိ မျှော်မှန်း ချင်တာ။ အဲသည်အတွက် ဘယ်သူမှ တားမယ်မထင်ပါဘူး အဖေရာ”လို့ ပြန် ဖြေတော့ သားရဲ့ ခုက သူတို့ မိန်းမတွေ သားခေါ်ပြီး စည်းရုံးထား ခိုင်းထားလို့ တက်ကြွနေကြတာနဲ့ အမျိုးသားတွေက အိမ်မှာ သူတို့မိန်းမတွေ ထမင်းဟင်း မချက်လို့ လာတိုင်ပြောကြတာဆိုတော့ ကျွန်တော် ပြုံးရပြန်သည်။

တစ်လ၊ နှစ်လမှသည် လေးငါးလ အထိ အမှိုက် ကင်းစင်ဖို့ ကျွန်တော်တို့ တွေ အလုပ်လုပ်ခဲ့ကြသည်။ အားလုံးလည်း တက်ညီလက်ညီ ပူးပေါင်းကြသည်။ အိမ်တွေအောက်မှာ အမှိုက်တွေ ကင်းကာ သန့်ရှင်းလာသည်။ ရေဝပ်တာတွေလည်း နည်းလာသည်။ ရေတက် ရေကျတိုင်း အမှိုက်တွေ သိပ်မပါလာတော့ပါ။ သို့သော် သည်အလုပ်ကို ရေရှည် တည်မြဲဖို့ ဆိုတာ က ရပ်ရွာဒေသခံတွေကိုယ်တိုင် အသိစိတ် ဓာတ်ရှိရှိ ပူးပေါင်းပါဝင်လာဖို့ လိုသည်။ အသိရှိလာကြပါမှသာ  အမူအကျင့်တွေ ပြောင်းလာမည်။ အစီအစဉ်တွေ ရှေ့ဆက် ထိန်းသိမ်းကြရမည်။ အဲသည်ကမှ လက်တွေ့ လိုက်နာကျင့်သုံးလာပြီး အမှိုက်ဆိုတာ ကို စနစ်တကျ စွန့်နိုင်မည့် နေရာ၊ သန့်ရှင်းသည့် နေရာ ကျန်းမာပျော်ရွှင်မည့် နေရာ ရပ်ရွာ ဖြစ်လာမည်။ ဒါ ကျွန်တော့် မျှော်လင့် ချက် ဖြစ်သည်။

အဲသည်မှာ တန်ဆောင်တိုင်ပွဲတော် ကာလ အချိန်ရောက်လာသည်။ ပွဲတော် အတွက် ရပ်ရွာလူကြီးတွေ အချိန်ပေး လိုတော့ ကျွန်တော်တို့ စီမံချက်လေးကို ခေတ္တခဏ (စကားလှလှ) သုံးကာ ရပ်ထားဖို့ တင်ပြသည်။ အဲသည်က စီမံချက် အရှိန်ပျက် ကာ ရပ်သွားသည်။ ကျွန်တော် ပြောခဲ့သော စကားကို ကျွန်တော်မမေ့ပါ။

ပွဲတော် ရှိလည်း ရှိပေါ့ ဦးတို့ရယ်။ ကျွန်တော်တို့တွေ နေ့တဓူ၀ ထမင်းစားနေ ကြတာ၊ အမှိုက်ဆိုတာ ထွက်နေမှာပဲ။ ပွဲတော်အတွက် အမှိုက်စွန့်တာ ဘယ်သူ ကမှ ရပ်မထားတာ။ သည့်အတွက် သည် စီမံချက်လေးတော့ ဆက်ထိန်းသိမ်းထားဖို့ အင်အားနဲ့အချို့ အချိန်လေးတွေ ထားကြ ရအောင်ဆိုတော့ ဘယ်သူကမှ မထောက် ခံကြ။ ပျော်ပွဲရွှင်ပွဲအတွက်သာ အာရုံ ထားရင်း  ကိုယ့်စီမံချက်လေးလည်း ခေတ္တ ခဏမှသည် ဆက်မလုပ်နိုင်ခဲ့တော့ပါ။ ပွဲတော် ပြီးလည်း ဆက်မလုပ်ဖြစ်တော့ပါ။

ဆယ်စုနှစ် တစ်ခုအကြာ ခုစခန်းသစ် ရွာလေးမှာ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ် ရေး လှုပ်ရှားမှုအကြောင်း တနင်္သာရီ ဂျာနယ်တွင် ပြီးခဲ့သည့်အပတ်က ဖတ်ရ သည့်အခါ ကျွန်တော့်စိတ်အစဉ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုသို့ ပြန်အောက်မေ့ သတိရသည်။

အမှိုက်နှင့် ဂေဟဗေဒစနစ် ဆက်စပ် နေမှုနှင့် ပြည်သူ့ကျန်းမာရေး တိုးတက်မှု အတွက် အရေးပါရုံ သာမက ငါးနှင့် ပင်လယ်သယံဇာတ စောင့်ရှောက်ရေးအတွက်ပါ အရေးပါလှသည်ဖြစ်ရာ သည်အလုပ်လေးကို ရေရှည် အမြော်အမြင်ကြီးစွာဖြင့် ဆက်လက်ဆောင်ရွက် အကောင်အထည်ဖော် ထိန်းသိမ်းနိုင်ကြပါစေကြောင်း ရင်တွင်းစကား ဆိုလိုလှပါသည်။

ကိုရိုးဆေး