တိုင်း သတ္တုဥပဒေနှင့် ထောက်ရှုဖွယ်များ

0
1967

ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ် လက်စားတူးဖော်ခွင့်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို လုပ်ပိုင်ခွင့်ပေးနိုင် ရေး ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းနေတဲ့ကာလ ဖြစ်ပါတယ်။


တနင်္သာရီတိုင်းဒေသကြီးလွှတ် တော်ကလည်း “တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တုအသေးစားနှင့် လက်လုပ် လက်စားဆိုင်ရာ ဥပဒေ(မူကြမ်း)”ကို ရေးဆွဲထားပြီး သတ္တုတွင်းလုပ်ငန်းစီမံ ကိန်းတွေ အများစုရှိတဲ့ ဒေသက ပြည်သူလူထုနဲ့ လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ပြီး အကြံဉာဏ်ရယူမှုတွေ ပြုလုပ်နေတာကို လည်း တွေ့ရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ နဲ့ ၂၄ ရက်တွေက နေပြည်တော်မှာ “မြန်မာ့ သတ္တုတွင်းကဏ္ဍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲ”တစ်ခုကို ကျင်းပ ခဲ့ပါတယ်။

ပြည်ထောင်စု သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက သက်ဆိုင်ရာဝန်ကြီး ဌာနဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ သတ္တုကဏ္ဍ အမြဲတမ်းအတွင်း ဝန်၊ သတ္တုတွင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ဘူမိဗေဒလေ့လာရေးနဲ့ ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန တာဝန်ရှိသူ တွေ၊ အမှတ် ၁ နဲ့ ၂ သတ္တုတွင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းညွှန်ကြားရေးမှူးချုပ်နဲ့ ဦးဆောင် ညွှန်ကြားရေးမှူးတွေ၊ တိုင်းနဲ့ပြည်နယ် သတ်္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးတွေ၊ အထွေထွေ မန်နေဂျာတွေ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ်၊ တိုင်းနဲ့ပြည်နယ်ဦးစီးမှူးတွေ အစရှိသည်ဖြင့် သတ္တုကဏ္ဍအတွက် နိုင်ငံတော်အဆင့် အရေးပါတဲ့ တာဝန်ရှိ ပုဂ်္ဂိုလ်အများ အပြား တက်ရောက်ပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံ သယံဇာတတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း -MEITI ရဲ့ လုပ်ငန်းစဉ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ဒီဆွေးနွေးပွဲမှာ စာရေးသူအနေနဲ့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့-MATA၊ တနင်္သာရီ တိုင်းဒေသကြီးအလုပ်အဖွဲ့ကို ကိုယ်စားပြုပြီးတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။


အထက်က နောက်ခံအကြောင်းအရာ တွေကို ရှင်းပြနေရတာက အကြောင်း အရင်း နှစ်ခုရှိလို့ ဖြစ်ပါတယ်။ တစ်ကြောင်း က ဒီဆွေးနွေးပွဲဟာ တနင်္သာရီတိုင်း ဒေသကြီးအတွက် ဘယ်လောက်အရေး ကြီးသလဲဆိုတာကို လှစ်ဟပြချင်တာ ဖြစ်ပြီး နောက်တစ်ကြောင်းက စာရေးသူ အနေနဲ့ ဘာကြောင့် ဒီကိစ္စတွေကို ခုလို စာတစ်တန်ပေတစ်ဖွဲ့ ဆွေးနွေးနေရသလဲ ဆိုတာကို မိတ်ဆက်လိုတာကြောင့်ပါ။


ဒီနေရာမှာ အပေါ်က မိတ်ဆက်စာ မှာပါတဲ့ တိုင်းရဲ့ ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ်လက်စား ဥပဒေအကြောင်းကို အနည်းငယ် ပြန်ကောက်လိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ လူထုတွေ့ ဆုံပွဲတွေ စတင်ပြုလုပ်ခဲ့တဲ့ ဒီဥပဒေကြမ်းဟာ တိုင်းအတွင်း အသေးစားနဲ့လက်လုပ် လက်စား လုပ်ကိုင်လိုသူတွေကို တကယ်ပဲ အထောက်အပံ့ဖြစ်စေမလား၊ အပေါ်မှာ ပြောခဲ့တဲ့ သတ္တုကဏ္ဍ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ဖြစ်စဉ်ကို မြေပြင်မှာ အမှန် တကယ် အကောင်အထည်ဖော်လို့ ရလောက်တဲ့ အခင်းအကျင်းမျိုးကို ယူဆောင်လာပေးမယ့် ဥပဒေလား၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လုနီးပါး ဖြစ်နေတဲ့ သတ္တုတူးဖော်မှုလုပ်ငန်း တွေကို အဖတ်ပြန်ဆယ်ပြီး တိုင်းရဲ့လူမှုစီးပွားဘဝတိုးတက်မှုအတွက် အပြောင်း အလဲကောင်းတွေ ဖော်ဆောင်ပေးနိုင် မလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ရှိနေ ပါတယ်။


ဒီနေရာမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချ ခြင်းဆိုတဲ့အကြောင်းကို ဦးစွာဆွေးနွေးလို ပါတယ်။


ဗဟိုချုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဆွေးနွေးစရာတွေ များစွ ထဲက ဓာတ်သတ္တုအသေးစားနဲ့ လက်လုပ်လက်စား ခွင့်ပြုမယ့်ဇုန်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ များစွာ ရှိနေပါ တယ်။ ၂၃ နဲ့ ၂၄ ရက်နေ့ အလုပ်ရုံဆွေး နွေးပွဲမှာ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် တင်ပြတဲ့ အချက်အလက်များ အရ အသေးစားနဲ့လက်လုပ်လက်စားလုပ် ကွက်လုပ်ကိုင်ခွင့် ထုတ်ပေးမယ့် ဓာတ်သတ္တုဇုန်တွေကို ပြည်ထောင်စု အစိုးရကသာ သတ်မှတ်မှာ ဖြစ်ပါတယ်။ တိုင်းအစိုးရမှာ အဲဒီလို သတ်မှတ်ပိုင် ခွင့်ရှိမနေတာကို တွေ့ရပါတယ်။


ဒီထက် အရေးကြီးတာက အဲဒီလို အသေးစားနဲ့လက်လုပ်လက်စားလုပ် ကွက်တွေကို လုပ်ကိုင်ခွင့်ပြုမယ့် ဇုန် တွေကို ပြည်ထောင်စုအစိုးရက သတ်မှတ် ထားပြီး ဖြစ်ပါတယ်။

ဖော်ပြပါပုံမှာ ကြည့်ရင် တနင်္သာရီတိုင်းဒေသကြီး အတွင်း အသေးစားနဲ့ လက်လုပ်လက်စား လုပ်ကွက်တွေ ချထားပေးမယ့် ဇုန်ဧရိယာ အဖြစ် ထားဝယ်မြို့အရှေ့ဘက်ပိုင်း (မေတ္တာမြို့နယ်အတွင်း)မှာ ဧကပေါင်း တစ်သိန်းလေးသောင်းကျော်ကို သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ တိုင်း ဒေသကြီးအစိုးရက ထပ်မံပြီး ထားဝယ်နဲ့ ရေဖြူမြို့နယ်များတွင်း ဧက သုံးသောင်း ကျော်၊ သရက်ချောင်းနဲ့ပုလောမြို့နယ်အကြားမှာ ဧက ခြောက်ထောင်နီးပါးနဲ့ တနင်္သာရီမြို့နယ်အတွင်းမှာ ဧက နှစ်သောင်းနီးပါးကို အသေးစားနဲ့လက် လုပ်လက်စား လုပ်ကိုင်ခွင့်ပြုနိုင်မယ့် ဇုန်တွေအဖြစ် သတ်မှတ်ပေးနိုင်ဖို့ ခွင့်ပြုချက် တောင်းခံခဲ့ပေမယ့် ခွင့်ပြုပေးနိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။


တိုင်းဒေသကြီးအစိုးရက ထပ်မံခွင့် ပြုချက်တောင်းခံခဲ့တဲ့ ပုလောမြို့နယ်အနီး ဧက ငါးထောင်ကျော်၊ မြိတ်နဲ့ တနင်္သာရီ မြို့နယ် အကြားအရှေ့ဘက်ပိုင်းမှာ ဧကပေါင်း လေးထောင်နီးပါးနဲ့ ဘုတ်ပြင်း မြို့နယ်မြောက်ဘက်ပိုင်းမှာ ဧကပေါင်း ရှစ်ထောင်ကျော်ကိုတော့ အသေးစားနဲ့ လက်လုပ်လက်စား လုပ်ကိုင်ခွင့်ပြုနိုင် တဲ့ဇုန်အတွင်း ထပ်မံထည့်သွင်းပေးဖို့ ပြည်ထောင်စုက သဘောတူခဲ့တာကို တွေ့ရပါတယ်။

ခုလို ဇုန်သတ်မှတ်ခြင်း ကိစ္စမျိုးမှာ ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ထားတာကို ကြည့်ရတာက သိပ်တော့ အဆင်မပြေလှပါဘူး။ ဒါက မြေပြင် အခြေအနေနဲ့ ဘယ်လောက် ကိုက်ညီမှုရှိသလဲ။ သက်ဆိုင်ရာမဲဆန်္ဒနယ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ အသေးစားနဲ့ လက်လုပ်လက်စား အမှန်တကယ်လုပ် ကိုင်နေသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။


နောက်ထပ်အရေးကြီးတဲ့အကြောင်း တစ်ခုက အထက်မှာ ဖော်ပြခဲ့တဲ့အချက် တွေကို ထောက်ချင့်ကြည့်လိုက်ရင် ထားဝယ်နဲ့ ရေဖြူမြို့နယ် အနောက် မြောက်ဘက်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ ကလုံးထာ၊ ကံပေါက်၊ အုန်းပင်ကွင်း၊ တောင်ရင်းအင်း၊ ဖားချောင်း၊ ဂန့်ဂေါ်တောင် အစရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ လူထုတွေဟာ တိုင်းလွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုလိုက်သော် လည်း သူတို့ဒေသမှာ အသေးစားနဲ့လက် လုပ်လက်စားလုပ်ကိုင်ခွင့် ရရှိကြမှာ မဟုတ်တော့ပါဘူး။

အကြောင်းက အပေါ်မှာ ပြောခဲ့တဲ့ ဗဟိုအစိုးရက အသေးစားနဲ့လက်လုပ်လက်စားလုပ်ကိုင်ခွင့်ပြု မယ်ဆိုတဲ့ ဧကတစ်သိန်းလေးသောင်း ကျော်ဟာ သူတို့နေထိုင်ရာနေရာမှာ မဟုတ်နေလို့ပါပဲ။ အဲဒီဒေသတွေက ဒေသခံတွေအနေနဲ့ အသေးစား သော် လည်းကောင်း၊ လက်လုပ်လက်စားသော် လည်းကောင်း လုပ်ကိုင်လိုက ပြည်ထောင် စုအစိုးရက သတ်မှတ်ပေးမယ့် ဇုန်တွေမှာ သွားရောက်လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။


ဒါ့အပြင် လက်ရှိအချိန်မှာ လက်လုပ်လက်စားလုပ်ကိုင်နေသူအားလုံး မှတ်ပုံမတင်ရင် (လုပ်ကိုင်ခွင့်မလျှောက် ထားကြရင်) ဒီဥပဒေအရ အရေးယူခံရတော့မှာ ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင် ဒဏ်အထိကျခံရဖို့ ရှိနေပြန်ပါတယ်။


ဒါကြောင့်မို့ စီးပွားဖြစ်မဟုတ်ဘဲ မိသားစုစားဝတ်နေရေးအတွက် လက်လုပ်လက်စား လုပ်ကိုင်ကြသူတွေအတွက် လွယ်ကူလျင်မြန်ပြီး ကုန်ကျစရိတ်နည်း နည်းနဲ့ လုပ်ကိုင်ခွင့်လျှောက်ထားလို့ရမယ့် နည်းလမ်းမျိုးတွေ မဖြစ်မနေရှိဖို့ လိုအပ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ လုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားတဲ့နေရာမှာ ကုန်ကျစရိတ်များတာ၊ ဌာနဆိုင်ရာတွေကို သွားရလာရများတာ၊ အချိန်ကြန့်ကြာပြီး ပေးဆောင်ရတဲ့အခွန်အခ တွေများနေရင်တော့ ဒေသခံတွေအတွက်လည်း အဆင်မပြေ သလို အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု ကို အကောင်အထည်ဖော်တဲ့နေရာမှာ လည်း အခက်အခဲများစွာ ကြုံလာရနိုင်ပါတယ်။ နောက်ဆုံး တရားမဝင်တူးဖော်မှုတွေသာ ပိုများလာပြီး တိုင်းပြည်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေလည်းမရဘဲ သယံဇာတစီမံအုပ်ချုပ်မှုပြုလုပ်ရတာ လက်ရှိအခြေအနေထက် ခက်ခဲသွားနိုင်ပါတယ်။


အသေးစားနဲ့လက်လုပ်လက်စား တွေကို တိုင်းအစိုးရက လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးပြီး ခွင့်ပြုလိုက်ရင် နောက်ထပ် မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်ရမှာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ တွေ ဖြစ်ပါတယ်။ ဥပဒေအရ အသေးစား နဲ့ လက်လုပ်လက်စားတွေဟာ ကနဦး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် Initial Environment Examination IEE ကို ဆောင်ရွက်ရဖို့ ရှိနေပါတယ်။ ဒီအချက်ဟာ ရွာတွေမှာ မျိုးရိုးစဉ်ဆက် သတ္တုတူးဖော်လုပ်ကိုင် စားသောက်လာတဲ့ ရွာသူရွာသားတွေအတွက် သတ္တုတူး ပြီးထမင်းစားခြင်းအလုပ်ကို စွန့်လွှတ်ဖို့ တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။


နေပြည်တော်ဆွေးနွေးပွဲမှာတော့ အသေးစားနဲ့လက်လုပ်လက်စား လုပ်ကွက် (ဇုန်) တွေအတွက် လိုအပ်တဲ့ ကနဦး ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် Initial Environment Examination IEE နဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် Environmental Management Plan EMP တွေကို အစိုးရက ဦးဆောင်ပြီးပြု လုပ်ပေးဖို့ကို ဆွေးနွေးကြတယ်။ ကုန်ကျစရိတ်များပြီး အချိန်ကြန့်ကြာနိုင်တဲ့ ဒီလုပ်ငန်းစဉ်မှာ ဒေသခံပြည်သူတွေ လုပ်သာကိုင်သာရှိမယ့် အစီအစဉ်မျိုး တွေဖြစ်ဖို့ အစိုးရက ဦးဆောင်ပေးဖို့ကို ဇောင်းပေးဆွေးနွေးခဲ့ကြတယ်။


ဒါကြောင့်မို့ လက်ရှိအခြေအနေမှာတော့ လက်လုပ်လက်စားတွေကို အဲဒီ သတ်မှတ်ချက် တွေအစား လွယ်လင့်တကူ လိုက်နာနိုင်မယ့် ပတ်ဝန်းကျင် ဆိုင်ရာစည်းမျဉ်းတချို့နဲ့ထိန်းချုပ်နိုင်ဖို့ အရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက စည်းကမ်းချက်တွေ စတင်ရေးဆွဲနေတယ် လို့လည်း သိရပါတယ်။ ဒါပေမယ့် အသေး စားတူးဖော်သူတွေကတော့ ကနဦးပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ချက် Initial Environment Examination IEE ကို ဆောင်ရွက်ဖို့ လိုနေပြန်ပါသေးတယ်။


လက်ရှိအချိန်မှာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနရဲ့ ဝန်ထမ်းအင်အား မလုံလောက်မှုနဲ့ အခြားနည်းပညာ အခက်အခဲ တွေကြောင့် သတ္တုတွင်းတွေအပါ အဝင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေက တင်သွင်းလာတဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် အစီရင်ခံစာ Environmental Impact Assessment EIA တွေ နေပြည်တော်က ရုံးချုပ်မှာ စောင်ရေ ထောင်ပေါင်းများစွာ သောင်တင်နေပြီး အတည်ပြုပေးနိုင်ခြင်းလည်း မရှိသေး ပါဘူး။

အကယ်၍များသာ ဓာတ်သတ္တု အသေးစားလုပ်ကွက်တွေက တင်ပြလာမယ့် IEE တွေကိုပါ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ အတည် ပြုချက်ကိုစောင့်ရမယ်ဆိုရင် လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ အလွန့်အလွန်ကို ကြာ မြင့်သွားမယ့်အခြေအနေမျိုးကို မြင်တွေ့ နေရပါတယ်။ ဒီမှာဆွေးနွေးချက်က အဲဒီလို ကနဦးပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် Initial Environment Examination IEE ကို တိုင်းဒေသကြီး အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနက အတည်ပြုချက်ပေးနိုင်ရင် ပိုမြန် သွားမယ့်အကြောင်းပါ။

ဒါပေမယ့် အဲဒီ လိုလုပ်နိုင်ဖို့ အတွက်ဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေ ကိုပါ ထပ်မံပြင်ဆင်ရမယ့်အနေအထားကို ရောက်နေပြန်ပါတယ်။


ခြုံပြောရရင် ဓာတ်သတ္တု ကဏ္ဍဗဟို ချုပ်ကိုင်မှုလျှော့ချနိုင်ရေး သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေကို အခွင့်အာဏာခွဲ ဝေပေးတယ်လို့ ဆိုသော်ငြား အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ပြည်ထောင်စုက ချုပ်ကိုင်ထားဆဲဖြစ်နေပါသေးတယ်။

ဒီမှာ ပိုမိုရှင်းလင်းတဲ့ ဗဟိုချုပ်ကိုင်မှုကို ပြပါဆိုရင် တိုင်းနဲ့ပြည်နယ် (အသေးစား နဲ့လက်လုပ်လက်စား) လုပ်ကွက်စိစစ်ချ ထားပေးရေးအဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ ပြည်ထောင်စု အစိုးရရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက် မျိုးဖြစ်ပါတယ်။


ဒီစာစုဟာ “မြန်မာ့သတ္တုတွင်းကဏ္ဍ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးအလုပ် ရုံဆွေးနွေးပွဲ”က ဆွေးနွေးချက်အချို့နဲ့ တိုင်းဒေသ ကြီး လွှတ်တော်က ရေးဆွဲထားတဲ့ ဓာတ်သတ္တုအသေးစားနဲ့လက်လုပ်လက်စား ဥပဒေမူကြမ်းအပေါ်မှာ အကြမ်းဖျဉ်း သုံးသပ်ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။ သတ္တုတူးဖော်မှုနဲ့ဆက်စပ် ပတ်သက်နေ တဲ့ အခွန်ကောက်ခံမှုနဲ့ သုံးစွဲမှု၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ အခြားသောအကြောင်း အရာတွေကို အခွင့်ကြုံရင် ထပ်မံဆွေးနွေး ပါဦးမယ်။


ကောင်းမွန်ပြီးတာဝန်ယူမှုရှိတဲ့၊ ပြည်သူကို ဗဟိုပြုပြီး ဒေသလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သယံဇာတစီမံအုပ်ချုပ်မှုမျိုး ဖြစ်ဖို့အတွက် အခြေခံဖြစ်တဲ့ ဥပဒေရေး ဆွဲပြဋ္ဌာန်းရေးကိစ္စတွေမှာ တိုင်းအတွင်း တာဝန်ရှိသူတွေအနေနဲ့ သတ္တိရှိရှိနဲ့ ဦးဆောင်မှု ပေးနိုင်ကြပါစေကြောင်းဆန္ဒ ပြုလျက်။


အောင်လွင်(ကံပေါက်သား)