ရေးတွင် မူးယစ်ဆေးဝါးအန္တရာယ် လျော့ကျရေး စည်းရုံးလှုံ့ဆော်

0
574

မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျ စေရေးအတွက် မွန်လူငယ်များဦးဆောင် ကာ ရေးမြို့တွင် စည်းရုံးလှုံ့ဆော်ခဲ့ကြ သည်။


နိုဝင်ဘာလ ၁ ရက်က မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျရေးလှုပ်ရှားမှုကို မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး မဂဒူးမွန် ဒေသဖွံ့ဖြိုးရေး အရပ်ဘက်လူမှုအဖွဲ့ အစည်းနှင့် မွန်လူငယ်ကွန်ရက် (ရေး) အဖွဲ့တို့ ဦးဆောင်မှုဖြင့် မွန်လူငယ်အင်အား ၂၀၀ ခန့် ပါဝင်ခဲ့ကြသည်ဟု လှုပ်ရှားမှုကို ဦးဆောင်သူအဖွဲ့အစည်း တို့ထံမှ သိရသည်။


“ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေကို ပြည်သူလူထုတွေ သိရှိနားလည်ပြီးတော့ သတိထား မိလာစေဖို့နဲ့ မူးယစ်ဆေးဝါးအန္တရာယ် တွေ လျော့ကျလာနိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီလုပ်ရှားမှုကို ပြုလုပ်တာ ဖြစ်တယ်”ဟု မွန်လူငယ်ကွန်ရက် တာဝန်ခံ နိုင်မြင့်ထွန်းက ပြောသည်။


မူးယစ်ဆေးဝါးလှုပ်ရှားမှုအစီအစဉ် နံနက်ပိုင်းတွင် “မူးယစ်ကုန်သွယ်ဖြန့်ဖြူး သူကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူပေး”၊ “အနာဂတ်လူငယ်များ ပြန်လည်ထူထောင်ရေး ကူညီပေး”၊ “မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျဖို့ ဝိုင်းဝန်းကူညီကြပါစို့”၊ “မူးယစ်ဆေးကြောင့် ငြိမ်းချမ်းရေးမထိခိုက်ပါစေနှင့်” စသည့် စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ရေးမြို့ပေါ် လှည့်လည်လှုံ့ဆော်ခဲ့ကြသည်။


ညနေပိုင်းတွင်လည်း ရေးမြို့ရှိ မွန် ဓမ္မာရုံတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပညာပေးဟောပြောမှု၊ မူးယစ်ဆေးဝါး ပညာပေးဇာတ်လမ်း တင်ဆက်မှု၊ မူးယစ် ဆေးဝါးဆိုင်ရာ စကားရည်လုပွဲများကို လည်း ကျင်းပပြုလုပ်ခဲ့သည်ဟု ဦးဆောင် အဖွဲ့အစည်းတို့ထံမှ သိရသည်။


“မူးယစ်ဆေးဝါးပြဿနာက တစ် နေ့ထက်တစ်နေ့ ပိုပိုဆိုးလာနေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေမှာ တော်တော်လေးကို ကျယ်ပြန့်လာနေတာ တွေ့ရတယ်။ ဒီနောက်ပိုင်း မိန်းကလေးတွေပါ သုံးစွဲမှုရှိလာတဲ့အနေအထားဖြစ် လာတယ်။ ဒါကို ဘယ်လိုကိုင်တွယ် ဖြေရှင်းကြမလဲ။ ဖြန့်ဖြူးသူတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်”ဟု ရေးမြို့မှ မွန်လူငယ် မင်းချမ်းမွန်က ပြောသည်။


မွန်ပြည်နယ်တစ်ခုလုံးတွင် ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုများနက် ရေး မြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် အများဆုံးဖမ်းမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch