မောင်းမကန်တွင် မီးလောင်၊ အိမ် ၈ လုံး မီးသင့်

0
557

မောင်းမကန်ကမ်းခြေတည်ရှိရာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ အုပ်စု ၁၂ ရပ်ကွက်တွင် အောက်တိုဘာလ ၃၁ ရက်က မီးလောင်ခဲ့ပြီး လူနေအိမ် ၈ လုံး မီးထဲ ပါသွားသည်။


မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် မီး စလောင်ခဲ့ပြီး မိနစ်နှစ်ဆယ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မောင်းမကန် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ပြောသည်။


မီတာပုံးနေရာမှ မီးစလောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။


မီးထဲပါသွားသည့် အိမ် ၈ လုံးမှာ ဓနိမိုး ထရံကာအိမ်များဖြစ်ကြပြီး ယင်းအနက် ၆ လုံးမှာ ပျဉ်ခင်းဖြစ်ကာ ၂ လုံးမှာ ဝါးခင်းဖြစ်ကြောင်း သိရသည်။


မီးလောင်သည့်အချိန်တွင် လေငြိမ်နေပြီး ရွာသားများနှင့် မီးသတ်ကားများ လက်ဦးမှုရယူငြိမ်းသတ်သဖြင့် ထိုမျှနှင့် မီးငြိမ်းသွားသည်ဟု မောင်းမကန်ရွာသား များက ပြောကြသည်။


“အရင်နေ့တွေလို လေတိုက်နေရင် မတွေးရဲစရာပဲ။ အဲဒီနားတစ်ဝိုက်က အိမ်ခြေစိပ်တယ်လေ”ဟု မောင်းမကန် ရွာသားတစ်ဦးက ပြောသည်။


မောင်းမကန်တွင် ယာယီမီတာများ တပ်ဆင်မှု ရှိနေဆဲဖြစ်ပြီး မီတာများသို့ ကြိုးသွယ်တန်းရာတွင် စံမမီဟု ရွာသားများက မှတ်ချက်ပြုကြသည်။


၂၀၁၈ ခုနှစ် နိုဝင်ဘာလကလည်း ထိုရပ်ကွက်၌ တီဗွီ ပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပွားကာ နေအိမ် ၂ လုံး မီးထဲ ပါဖူးသည်။

Dawei Watch