လုပ်အားခအပြည့်မရှင်းပေးဟုဆိုကာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုကို အလုပ်သမားများတိုင်ကြား

0
531

လုပ်အားခအပြည့် မရှင်းပေးဟုဆိုကာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ပန်းရန်အလုပ်သမားများက အလုပ်သမားနှင့်သက်ဆိုင်သည့်ဌာနများထံ တိုင်ကြားလိုက်သည်။


ထားဝယ်မြို့ ကမ်းနားလမ်းတွင် ဆောက်လုပ်နေသည့် တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ လေးခန်း တွဲ သုံးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခွင့်ရရှိထားသည့် ပန်တော်ဦး ကုမ္ပဏီတွင် ပုတ်ပြတ်လုပ်ကိုင်နေသည့် ပန်းရန်အလုပ်သမားများက တိုင်ကြားထားခြင်းဖြစ်သည်။


ထားဝယ်မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ် ဆေးရေးဦးစီးဌာန၊ ထားဝယ်မြို့နယ်အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ထံ အလုပ်သမား ၂၁ ဦး လက်မှတ်ထိုးကာ စက်တင်ဘာလ ၂၈ ရက်က တိုင်ကြားထားကြောင်း တိုင်ကြားသူများက ပြောသည်။


ကုမ္ပဏီသည် အလုပ်သမားများအားပေးရမည့် လုပ်အားခကျပ်သိန်းလေးရာကျော်အနက် ကျပ်သိန်းရှစ်ဆယ်ကို မရှင်းပေးဘဲထားသည်မှာ နှစ်လကျော်နေပြီ ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။


လုပ်အားခမရဟုဆိုကာတိုင်ကြားထားသည့် ပန်းရန်အလုပ်သမားများမှာ ပဲခူးနှင့် ဧရာဝတီတိုင်းမှ ထားဝယ်မြို့တွင် ရွှေ့ပြောင်းလာရောက်လုပ်ကိုင်ကြသူများ ဖြစ်သည်။


အချို့အလုပ်သမားများမှာ လုပ်အားခ မရသဖြင့် ယင်းအလုပ်မှထွက်ကာ နေရပ်ပြန်သွားကြပြီး နေရပ်မပြန်ဘဲ ကျန်နေသည့်အလုပ်သမားများမှာ စရိတ် ပြတ်လပ်သည့်အထိ ငွေကြေးခက်ခဲနေသဖြင့် အတိုးဖြင့် ချေးငှားကာ နေထိုင် စားသောက်နေရကြောင်း ယင်းအလုပ် သမားခေါင်းဆောင် ဒေါ်ဝေေ၀မိုးက ပြောသည်။


ကုမ္ပဏီထံမှ ရရန်ရှိသည့် ငွေကျပ် သိန်းရှစ်ဆယ်မရသဖြင့် စားဝတ်နေရေး ခက်ခဲနေကြောင်း ကုမ္ပဏီတာဝန်ရှိသူအား ပြောဆိုသော်လည်း ကုမ္ပဏီဘက်ကမူ လုပ်အားခငွေများ ရှင်းပေးရန် မကျန် တော့ဟုပြန်လည်ပြောဆိုခဲ့ကြောင်း ယင်းအလုပ်သမားများက ဆိုသည်။


“သူတို့က ပေးစရာမရှိတော့ဘူး ပြောလို့ကိုတိုင်လိုက်ရတာ။ အမှန်တကယ်ဆို ကျွန်မတို့က ထိန်းသိမ်းပြီးတော့ နေနေကြတယ်။ တိုင်လိုက်ရင် ကုမ္ပဏီ နာမည်ပျက်မှာစိုးလို့လေ” ဟု ဒေါ်ဝေေ၀မိုးက ဆိုသည်။


အလုပ်သမားများဘက်မှ လုပ်အားခ ကျပ်သိန်းရှစ်ဆယ် ရရန်ရှိသည်ဟုဆို သော်လည်း ကုမ္ပဏီဘက်ကမူ လုပ်အားခငွေ ဆယ့်ငါးသိန်းကျပ်ခန့်သာ ရှင်းပေးရန်ကျန်တော့သည်ဟု ဆိုသည်။


ယင်းကျန်ငွေများကိုလည်း လုပ်ငန်း ပြီးပြတ်ပါက အကုန်ရှင်းပေးမည်ဖြစ်ပြီး လက်ရှိတွင် ယင်းအဆောက်အအုံ ပြီးစီးရန် တစ်ဆယ်ရာခိုင်နှုန်းခန့်ကျန်နေသေးကြောင်း ပန်တော်ဦးကုမ္ပဏီ တာဝန်ရှိသူက ပြောသည်။


“အလုပ်မပြီးသေးခင်ငွေရှင်းပေးလိုက်လို့ သူတို့တွေထွက်သွားရင် ဘယ်လိုလုပ်မလဲ။ ပိုက်ဆံဆယ့်ငါးသိန်း လောက်နဲ့တော့ နာမည်ပျက်ခံမလား။ အလုပ်ပြီးရင်အကုန်ရှင်းပေးမှာပါ”ဟု ၎င်းက ဆိုသည်။


အလုပ်သမားများကမူ ၎င်းတို့ ရရန်ကျန်သည့် လုပ်အားခများကိုရှင်း ပေးပြီးမှသာ ကျန်နေသည့် ဆောက်လုပ် ရေးလုပ်ငန်းများကို ဆက်လုပ်ပေးမည်ဟု ပြောဆိုကြသည်။


အလုပ်သမားများ တိုင်ကြားထားသည့် ထားဝယ်မြို့နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တို့ကမူ ယင်း အလုပ်သမားများတိုင်ကြားသည့်ကိစ္စကို ဥပဒေအရ ဖြေရှင်းပေး၍မရဟု ပြောသည်။


၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေ ပုဒ်မ ၄ တွင်မူ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ် သို့မဟုတ် အလုပ်တစ်ခုခုအတွက်သော်လည်းကောင်း၊ ယာယီအလုပ်သို့မဟုတ် ပုတ်ပြတ်အလုပ် အတွက်သော်လည်းကောင်း၊ အလုပ်ပြီး ဆုံးသည့်အခါဖြစ်စေ၊ အလုပ်သမားနှင့် သဘောတူညီသည့်အချိန်ကာလတွင်ဖြစ်စေ အခကြေးငွေပေးချေရမည်ဟု ဖော်ပြထားသည်။


ယင်းဥပဒေ ပုဒ်မ ၁၂ တွင် အလုပ်ရှင်သည် အခကြေးငွေများကို ပေးချေရမည့် ကာလထက်ကျော်လွန်ပြီး ပျက်ကွက်ပါက ကိုယ်တိုင်တောင်းဆိုပိုင်ခွင့်ရှိကြောင်း ဖော်ပြထားပြီး ယင်းသို့ တောင်းဆိုသော်လည်း အလုပ်ရှင်က ဖြေရှင်းဆောင် ရွက်ပေးခြင်းမရှိပါက စစ်ဆေးရေးအရာရှိ ထံ ခြောက်လအတွင်းတင်ပြနိုင်ကြောင်း ဖော်ပြထားသည်။


အဆိုပါဥပဒေတွင် စစ်ဆေးရေး အရာရှိဆိုသည်မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးရေးအရာရှိကို ဆိုလိုသည်ဟု ပါရှိသည်။

Dawei Watch