တိုက်ပွဲဖြစ်ခဲ့သည့်နယ်မြေ တည်ငြိမ်အေးချမ်းနေပြီဟု မွန်ပြည်သစ်နှင့် KNU ထုတ်ပြန်

0
395

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုး သားအစည်းအရုံးတို့အကြား ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပဋိပက္ခနှင့် ပတ်သက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းနေပြီဟု ယင်းအဖွဲ့နှစ်ခုက အောက်တိုဘာ ၃၀ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။


အောက်တိုဘာ ၁၇ ရက်က ဘုရား သုံးဆူမြို့နယ် ပလဲ့ဒွန်ဖိုက်ကျေးရွာတွင် မွန်ပြည်နယ်သစ်ပါတီနှင့် KNUအောက်ခြေတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုဖြစ် ပွားခဲ့သည်။


ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်နှင့် KNUခေါင်းဆောင်တို့ အောက်တိုဘာ ၂၃ ရက်တွင် တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဝန်းကျင်ဒေသနှင့် ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ ၆ တို့ ပူးတွဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။


ယင်းသဘောတူ ဆုံးဖြတ်ထားချက် အတိုင်း နှစ်ဖွဲ့ပူးပေါင်းကာ ကွင်းဆင်းစိစစ်မှုပြုလုပ်၍ မပေါက်ကွဲသေးသော ကျည်များ ရှင်းလင်းခြင်း၊ နယ်မြေရှိ ပြည်သူလူထုများအား ပြန်လည်နေရာချထားခြင်း၊ နှစ်ဘက်ရွာသားများအား ရှင်းလင်းဆွေး နွေးမှုပြုလုပ်ပြီးစီး၍ နယ်မြေတည်ငြိမ် အေးချမ်းနေပြီဖြစ်သည့် အပြင် ဆက်သွယ်ရေးလမ်းကြောင်း များကိုလည်း ယခင်အတိုင်းပြန်ဖွင့်ထားပြီးဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ပြောသည်။


“ကွင်းဆင်းစစ်ဆေးတယ်။ မပေါက် ကျည်တွေကို ဖယ်ရှားတာတို့ ပြည်သူလူထုကို ပြန်လည်နေရာချတာတို့ ဆယ်သွယ် ရေးလမ်းကြောင်းတွေကိုလည်း အရင်လိုပဲ ပြန်ဖွင့်ထားပြီဖြစ်တယ်” ဟု ၎င်းက ပြောသည်။


အခင်းဖြစ်ရာနေရာ၌ နှစ်ဘက် တပ်ဖွဲ့များ တပ်စခန်းချခြင်း၊ နေထိုင်ခြင်း၊ စစ်ဝတ်စုံနှင့် လက်နက်များ ကိုင်ဆွဲ၍သွားလာခြင်းမပြုရန်၊ အရေးကြီးကိစ္စ သွားလာပါက တစ်ဘက်နှင့် တစ်ဘက် အကြောင်းကြားပြီး သွားလာကြရန်၊ လူသွားလမ်းတွင် သွားလာလိုပါက ဆက်ဆံရေးရုံးမှတစ်ဆင့် ကြိုတင် အကြောင်းကြားပြီး သွားလာရန် စသဖြင့် နှစ်ဘက် ခေါင်းဆောင်တို့က သဘောတူထား ကြသည်။


ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာနေရာတွင် ဖြစ်ပွားခဲ့ သည့် မွန်ပြည်သစ်နှင့်KNUအကြား ပစ်ခတ်မှုကြောင့် ဒေသခံ မွန်နှင့် ကရင် တိုင်းရင်းသား ၁၀၀ ကျော် ဘုရားသုံးဆူ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။


မွန်ပြည်သစ်နှင့် KNUတို့အကြား ညီညွတ်မှုနှင့် ယုံကြည်ခိုင်မာစေရန် အတွက် သင့်လျော်သောဒေသများတွင် လည်း လူထုရှင်းလင်းဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်သွားရန် ညှိနှိုင်းလျက် ရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNUဘုရားသုံးဆူမြို့တာဝန်ခံထံမှ သိရသည်။


မွန်ပြည်သစ်ပါတီနှင့် KNUတို့ သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ် မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့် ကိစ္စ၊ သစ်ခိုးထုတ်သည့်ကိစ္စများကြောင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ဘက်နှင့် ရေးမြို့နယ်အတွင်း၌ ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ကြဖူးသည်။

Dawei Watch