တနင်္သာရီတိုင်း လမ်းတံတားတည်ဆောက်ရေးအတွက် ကျပ် ၄၄ ဘီလီယံခန့် သုံးမည်

0
1947

တနင်္သာရီတိုင်းအတွင်း လမ်းတံတားတည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လက်ရှိဘဏ္ဍာ နှစ်တွင် ငွေကျပ် ၄၄ ဘီလီယံခန့် အသုံးပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။


အဆိုပါ လုပ်ငန်းများအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသ ကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရထံမှ ဘတ်ဂျက်ငွေ ၄၃ ဒသမ ၈၅ ဘီလီယံ ချထားပေးကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ (တစ်ဘီလီယံသည် သန်းပေါင်းတစ်ထောင်နှင့် ညီမျှသည်။)


အထက်ပါ ဘတ်ဂျက်ငွေများဖြင့် တံတားများတည်ဆောက်ခြင်း၊ AC (နိုင်လွန်ကတ္တရာ) လမ်းခင်းခြင်းနှင့် ကတ္တရာလမ်းသားချဲ့ခြင်း အစရှိသည့် လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသက်ဇော်ဝင်းက ဆိုသည်။


ယင်းအပြင် ကျွန်းစု၊ ရေဖြူ၊ တနင်္သာရီ၊ လောင်းလုံး၊ ဘုတ်ပြင်း၊ ပုလောမြို့အဝင် နေရာများတွင် Welcome To ဆိုင်းဘုတ်များ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


“လောလောဆယ်အထိကတော့ တင်ဒါခေါ်ယူပြီးပြီ၊ တချို့အဖွဲ့တွေဆို စာချုပ်ချုပ်ဖို့ ပြင်ဆင်နေပြီ”ဟု ဦးသက်ဇော်ဝင်းက ဆိုသည်။


လမ်းဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်က တိုင်းဒေသကြီးနှင့် ပြည်ထောင်စုမှ ဘတ်ဂျက် ၅၂ ဘီလီယံကျော် ရရှိခဲ့သည်။

Dawei Watch