ထိုင်း – မြန်မာ နယ်စပ်ဂိတ်အချို့တွင် FDA ရုံးခွဲဖွင့်ရန်ပြင်

0
853

တနင်္သာရီတိုင်းအတွင်းရှိ ထိုင်း-မြန်မာနယ်စပ်ဂိတ်အချို့တွင် FDA ရုံးခွဲ ဖွင့်နိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံမှ သိရသည်။


နယ်စပ်ဂိတ်များမှတစ်ဆင့် စားသောက်ကုန်ပစည်းများ ဝင်ရောက်နေသဖြင့် ခွင့်မပြုဓာတုပစ္စည်း၊ ဆိုးဆေး၊ ချွတ်ဆေး၊ ဖော်မလင် ပါဝင်မှုနှင့် သတ်မှတ် ပမာဏထက်ကျော်လွန်မှုရှိ/မရှိ စစ်ဆေး နိုင်ရန်အတွက်ဖြစ်ကြောင်း FDA ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန်းနိုင်က ဆိုသည်။


အဆိုပါရုံးခွဲများဖွင့်နိုင်ရန် တိုင်းဒေသကြီးအစိုးရနှင့် FDA ရုံးချုပ်ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


FDA ရုံးခွဲဖွင့်ပြီးပါက ခွင့်မပြုဓာတုပစ္စည်း၊ ဆိုးဆေး၊ ချွတ်ဆေး၊ ဖော်မလင် ပါဝင်မှုကို ချက်ချင်းစစ်ဆေးနိုင်မည့် စစ်ဆေးရေး ကိရိယာများဖြင့် စစ်ဆေး နိုင်မည်ဖြစ်ကြောင်း ဒေါ်မေသန်းနိုင်က ဆိုသည်။


“သတ်မှတ်ပမာဏထက်ကျော်လွန် ခြင်းရှိ/မရှိကို စစ်ဆေးပြီး ချက်ချင်းတား မြစ်နိုင်မယ်”ဟု ဒေါ်မေသန်းနိုင်က ပြောသည်။


လက်ရှိတွင် ခရိုင်မြို့ကြီးများတွင် FDA ရုံးခွဲများ ဖွင့်လှစ်ထားပြီး ဝန်ထမ်း အင်အား၊ အဆောက်အအုံ၊ ပစ္စည်းကိရိယာ မပြည့်စုံသေးသဖြင့် နယ်စပ်ရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။


တိုင်းဒေသကြီးအတွင်းရှိ ဈေးနှင့် ဆိုင်များတွင် ရောင်းချနေသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအချို့ကို စားသုံးရန်၊ သုံးစွဲရန် သင့်/မသင့်ကို FDA ဌာနက စစ်ဆေးလျက်ရှိသည်။


သို့ရာတွင် FDA က စားသုံးရန်သုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ်သုံးစွဲနေမြဲဖြစ်သည့်အတွက် ကြပ်မတ်နိုင်မှု အားနည်းသည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများရှိသည်။

Dawei Watch