အိုပယ် ရွှေ့ပြောင်းအလုပ်သမကြီး၏ ပြည်တော်ပြန် အိပ်မက်

0
3386

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင်များတွင် အညှာခြွေပြီးသား ငရုတ်သီးစိမ်းများကို တွေ့ရပါလိမ့်မည်။


ထို အသင့်စား ငရုတ်သီးစိမ်းများထဲ တွင် အသက်၆၃နှစ်အရွယ် မြန်မာပြည်သားရွှေ့ပြောင်းအလုပ်သမကြီး ဒေါ်မိစန်း အညှာခြွေထားသည့် ငရုတ်သီးတောင့်လေးများ ပါကောင်းပါနေလိမ့်မည်။


ဒေါ်မိစန်းသည် ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့်အကွာရှိ လတ်ခ်ျဘူရီ မြို့ငယ်လေးတွင် နေထိုင်ကာ ငရုတ်သီးအညှာခြွေသည့် အလုပ်ကို နေ့စဉ် လုပ်ကိုင်နေသည်။


ငရုတ်သီးစိမ်းကုန်သည်များက နံနက်တိုင်းတွင် ဒေါ်မိစန်း နေထိုင်သည့် အိမ်ခန်းကို ငရုတ်သီးစိမ်းအိတ်များ လာပို့ပါသည်။ ဒေါ်မိစန်း အညှာခြွေပြီး သော ငရုတ်စိမ်းများကို ညနေပိုင်းတွင် ပြန်လာသိမ်းကာ အညှာခြွေခ ပေးသွား ပါလိမ့်မည်။


ထို ငရုတ်သီးစိမ်းကုန်သည်များက ဒေါ်မိစန်းအညှာချွေထားသည့် ငရုတ်စိမ်း တောင့်များကို လတ်ချ်ဘူရီမြို့နှင့်တကွ ကမ္ဘာလှည့်ခရီးသွားတို့၏ မြို့တော်ဘန်ကောက်သို့ ပို့ဆောင်ကြသည်။


အညှာခြွေခက တစ်ရက် ဘတ်၁၀၀ မှ ၁၅၀ အထိ ရတတ်ကြောင်း ဒေါ်မိစန်းက ပြောသည်။


ထိုင်းရောက် မြန်မာနိုင်ငံသားတို့၏ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ချက်က ဒေါ်မိစန်းအတွက် အကျုံးမဝင်ပါ။


ဖြတ်လတ်သန်စွမ်းမှု ပျောက်ဆုံးလုလု အသက် ၆၃ နှစ်အရွယ် ဒေါ်မိစန်းကို ထိုင်းအလုပ်ရှင်တို့က အလုပ်မခန့် ကြတော့ပါ။


ထို့ကြောင့် ဒေါ်မိစန်း၌ ထိုင်းသူဋ္ဌေး မရှိပါ။ ငရုတ်သီးအညှာခြွေသည့် အခစား အလုပ်က ဒေါ်မိစန်းအတွက် တစ်ခု တည်းသော ဝင်ငွေရလမ်း ဖြစ်သည်။


ထိုင်းနိုင်ငံတွင် ဒေါ်မိစန်း၏ ဆွေ မျိုးသားချင်းများလည်း မရှိပါ။


လောင်းလုံးမြို့နယ် တောင်မင်းပြောင် ရွာသူ ဒေါ်မိစန်းက သူနှင့်တစ်ရွာတည်း သားတစ်ဦး၏ အိမ်ခန်းတွင် ခွင့်တောင်းကာ နေထိုင်ရင်း ငရုတ်သီးအညှာခြွေသည့် အလုပ်ကိုလုပ်နေခြင်း ဖြစ်ပါသည်။


ရသည့်ဝင်ငွေကို ခြစ်ကုတ်စုဆောင်းကာ မြန်မာနိုင်ငံတွင် ကျန်ရစ်သည့် အသက် ၉၃ နှစ်အရွယ် အမေနှင့် အသက် ၇၁ နှစ်အရွယ် အစ်ကိုဖြစ်သူတို့ကို ထောက်ပံ့နေသည်။


“တစ်သိန်းပေးတဲ့အခါလည်း ရှိ တယ်။ ငါးသောင်းပေးတဲ့အခါလည်း ရှိတယ်။ လုပ်အားခ အရများရင်များသလို ပို့ပေးတယ်ပေါ့လေ။ အဆင်မပြေလို့ မပေးနိုင်တဲ့အခါလည်း မပေးနိုင်ဘူးပေါ့လေ” ဟု ဒေါ်မိစန်းက ပြောသည်။


ထိုင်းသူဌေး အခံမရှိသော ဒေါ်မိစန်း တွင် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ် ကိုင်ခွင့်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာမရှိနေပါ။


သို့ကြောင့် ထိုင်းစစ်ဆေးရေးအဖွဲ့များ ကွင်းဆင်းစစ်ဆေးချိန်များတွင် အိမ်ခန်းထောင့်အတွင်း အသံမထွက်ဘဲ ပုန်းအောင်းနေရလေ့ရှိကြောင်း ဒေါ်မိစန်းက ပြောပါသည်။


ဒေါ်မိစန်း ထိုင်းနိုင်ငံကို စတင် ရောက်လာခဲ့သည့် လွန်ခဲ့သည့် နှစ် ၄၀ ခန့်က ထိုသို့ မဟုတ်ပါ။


ဖျတ်လတ်သွက်လက်သည့်အရွယ်။ ထိုင်းသူဌေးတို့ လိုလိုလားလားရှိလှသည့် အားကောင်းမောင်းသန် အသက် ၂၃ နှစ် အရွယ်။ ဒေါ်မိစန်း၏ ခင်ပွန်း စလေသား ကလည်း အလုပ်မရွေးသူ။


လင်မယားနှစ်ယောက် ထိုင်းနိုင်ငံ ရနောင်းတွင် ရရာအလုပ်ကိုလုပ်ကာ ငွေ စုကြသည်။ ပန်းရန်လုပ်သည်။ ခြံစောင့်သည်။


“အဲဒီတုန်းက အလုပ်လိုက်စပ်ရတာ လွယ်တယ်။ လင်မယားနှစ်ယောက် တစ်လ (ဘတ်)၁၈၀၀၊ ၂၄၀၀ ရတယ်”ဟု ဒေါ်မိစန်းက ပြောသည်။


ယောကျ်ားက လှေလိုက်လျှင်ဒေါ်မိစု က ကမ်းပေါ်တွင် ရရာအလုပ်လုပ်သည်။ လှေဝင်လျှင် ထမင်းချက် ရောင်းသည်။ ငါးဝယ်ကာ ငါးခြောက်ခွဲလှန်း၍ ရောင်း သည်။


“ရရင်လည်း စုမယ်ပေါ့။ မိဘကိုလည်း ပေးနိုင်သလောက်ပေးမယ်၊ အထက် မြန်မာပြည် ဘုရားဖူးခရီးတွေ သွားမယ် ဆိုပြီး လုပ်စားကြတာပဲ”ဟု ဒေါ်မိစုက ပြောသည်။


ထိုင်းမှ လုပ်ပေးသည့် အလုပ်လုပ် ခွင့်။နေထိုင်ခွင့် စသည့်လက်မှတ်မှန်သမျှ ကို ငွေမည်မျှကုန်ကုန် လုပ်ခဲ့ကြသည်။ ထို့ကြောင့် မကြောင့်မကြ နေထိုင်သွား လာနိုင်ခဲ့ကြသည်။


ဒေါ်မိစန်း၏ တစ်ဦးတည်းသော သားလေးကို ရနောင်းဆေးရုံတွင် ဒေါ်မိစန်း တစ်ဦးတည်း တက်မွေးသည်အထိ မကြောင့် မကြ နေနိုင်ခဲ့သည်။


“ဗိုက်တစ်လုံးနဲ့ ဆေးရုံတစ်ယောက်တည်း တက်သွားတာ။ အတူနေသူတွေက မလိုက်ရဲကြဘူး။ ဘတ်(အထောက်အထား)မရှိလို့။ ပိုက်ဆံ တစ်ပြားမှမကုန်ဘူး၊ လက်အုပ် ချီပြီး ပြန်လာလိုက်တယ်။ လင်က လှေ ထွက်သွားတယ်ပြောတော့ ကူညီလိုက်တယ်”
ထိုစဉ်က မြန်မာပြည် မွေးရပ်သို့ လည်း အချိန်မရွေး ပြန်နိုင်သည်။ ယောက်္ခမများနေရပ် စလေသို့ပင်သွား လိုက်သေးသည်။


စုမိဆောင်းမိရှိသည်။ ရွာတွင် မြေ တစ်ကွက် ဝယ်နိုင်ခဲ့သည်။ မိဘအမည် ဖြင့် ရှင်ပြုအလှူ ပေးနိုင်ခဲ့သည်။


သားငယ်ကို ပညာတတ်စေလိုသဖြင့် မြန်မာပြည်တွင် ပြန်ထားသော်လည်း သားက မပျော်သောအခါ ရနောင်းတွင် ခေါ်ထားပြီး အရွယ်ရောက်လာသောအခါ ဒေါ်မိစန်းတို့နှင့်အတူ အလုပ်တွဲလုပ်ကြသည်။


ရနောင်းတွင် အခြေကျနေသည့် ဒေါ်မိစန်း၏ မတောင့်မတမကြောင့် မကြရသော ဘဝလေးကို ၂၀၀၄ ခုနှစ် တွင် ဝင်ရောက်ခဲ့သည့် ဆူနာမီ မုန်တိုင်းက ဖျက်ဆီးဝါးမြိုပစ်လိုက်သည်။


ယောက်ျားနှင့် အသက် ၁၈ နှစ် အရွယ်တစ်ဦးတည်းသော သားဖြစ်သူတို့ကို ဆူနာမီက အသက် နုတ်ယူသွားသည်။


ဒေါ်မိစုက သေကံမရောက် အသက် မပျောက်ဘဲ ဒဏ်ရာဗရပွဖြင့် သစ်ပင် တွင် တွယ်ငြိကျန်ရစ်ခဲ့သည်။


“သားနာမည်က ဇော်ဦးလို့ ပေးထားတယ်လေ..။ ဆူနာမီမှာ ပါသွားတာပေါ့”
ဆူနာမီ ဖြစ်စဉ်အကြောင်း ပြောရင်း ဒေါ်မိစန်းအသံ တိမ်ဝင်သွားသည်။


မျက်လုံးတွင် မျက်ရည်တို့ ရစ်ဝိုင်း လာသည်။ အညှာခြွေနေသည့် ငရုတ်သီး ၏ အပူငွေ့ကြောင့်တော့ မဖြစ်နိုင်ပါ။


ဒေါ်မိစန်း၏ မိသားစုဘဝနှင့်အတူ စုဆောင်းထားသည့် ရွှေ ၃ ကျပ်သား၊ ဘတ် ၁၅၀၀၀ နှင့် အခြားပစ္စည်းများကို ဆူနာမီက သဲ့ယူသွားခဲ့လေသည်။


“ရေမှာ လုပ်ထားတာ ရေက ပြန်ယူ သွားတာပါပဲ။ ဘာမှကို မကျန်တော့ဘူး..”
ဆူနာမီဖြစ်ပြီးနောက် ဒေါ်မိစန်း ရွာပြန်သည်။ သို့သော် ရွာတွင် ဒေါ်မိစန်း မပျော်။


ရွာရှိ အလုပ်များက ရွှေ့ပြောင်း အလုပ်သမကြီး ဒေါ်မိစန်းနှင့် အံဝင်ခွင် ကျမဖြစ်။

ထိုင်းရွှေ့ပြောင်းလုပ်သား လူ နေမှုဘဝတွင် အသားကျနေပြီးသော ဒေါ်မိစန်းအတွက် ရွာဝန်းကျင်တွင် နေသားမကျ။


နောက်ဆုံးတွင် မိမိတို့ရွာသားများ ရှိရာ လက်ရှိနေထိုင်သည့် ထိုင်းနိုင်ငံ လတ်ချ်ဘူရီသို့ ဒေါ်မိစန်း ထွက်လာခဲ့ တော့ သည်။ လတ်ချ်ဘူရီတွင် ဒေါ်မိစန်း နှင့် အရွယ်တူ သူငယ်ချင်းများရှိသည်။


အရွယ်ကျ ရွှေပြောင်းအလုပ် သမကြီး ဒေါ်မိစန်းကို လတ်ချ်ဘူရီက မည်သည့် ထိုင်းအလုပ်ရှင်ကမှ အလုပ်မခန့် ကြ။ သို့ကြောင့် နေရေးအတွက် မိမိရွာသားများ ငှားရမ်းနေထိုင်သည့် အိမ်ခန်းများကသာ မှီခိုရာ ဖြစ်ခဲ့သည်။


ငရုတ်သီး အညှာခြွေသည့်အလုပ်က ဒေါ်မိစန်းအတွက် အသင့်တော်ဆုံးအလုပ် ဖြစ်လာသည်။

မနက်တိုင်းတွင် ဒေါ်မိစန်း မှီခိုနေထိုင်ရာအိမ်ခန်းသို့ ကုန်သည်က ငရုတ်သီးလာပို့မည်။ ညနေတွင် လုပ်အားခရမည်။ စားသင့်သလောက် စားကာ ကျန်သည့်ငွေကို စု၍ အိမ်မှ အမေအိုနှင့် အစ်ကိုကြီးထံ ပို့မည်။ ထိုင်းစစ်ဆေးရေး အဖွဲ့များ လာစစ်လျှင် တိတ်တိတ်လေး ပုန်းနေမည်။


“ရနောင်းမှာတုန်းက မဖမ်းဘူး။ ဒီမှာတော့ အရမ်းဆိုးတယ်”
လက်ရှိ အချိန်ထိတော့ ဒေါ်မိစန်း တစ်ခါမျှ အဖမ်းမခံရသေး။ သို့သော် ထိုသို့ ကျင်လည်နေရသည့်ဘဝကို ဒေါ်မိစန်း တစ်ယောက် စိတ်လျှော့လာ ပြီ။ အသက် ၆၃ နှစ်အရွယ် ဒေါ်မိစန်း၏ ဇရာကလည်း စကားပြောလာပြီ။


ဒေါ်မိစန်း ပြည်တော် ပြန်ချင်ပြီ။


“ကိုယ်နဲ့ အရွယ်တူ သူငယ်ချင်းတွေ လည်း ရွာပြန်ကုန်ကြပြီဆိုတော့လေ..”
သို့သော် ဒေါ်မိစန်း၏ရည်မှန်းချက် ကား မပြည့်သေး။


အရွယ်ကောင်းစဉ်က လင်မယားနှစ် ယောက် စုဆောင်းဝယ်ယူထားသည့် မြေကွက်လေးပေါ်တွင် အိမ်ငယ်လေး တစ်လုံးဆောက်ကာ ဘဝနေဝင်ချိန်ကို ဖြတ်သန်းချင်သည့် အိပ်မက်ကို အကောင်အထည် မဖော်နိုင်သေး။


ထိုအိပ်မက်ကြောင့်ပင် “နောက်လ ကျရင် ပြန်တော့မယ်” ဟူသည့် ဒေါ်မိစန်း ၏ ဆုံးဖြတ်ချက်တို့ ခဏခဏပျက်နေခဲ့ သည်မှာ ယခုထိ။


“အရင်က ထိုင်းမှာ လစာအရနည်းပေမယ့် စားစရိတ် သက်သာတယ်၊ အခုက မလွယ်ဘူး။

ငွေလေးစုမိရင် အမေ မနာခင် မဖျားခင် သွားမွေးမယ် စိတ်ကူး တာပဲလေ။ အခုနေ အမေနေမကောင်း ဖြစ်ရင် ချေးငှားပြီး သွားရမှာပေါ့လေ..”


လက်ရှိကား အို၍ ထိုင်းသူဌေးတို့ အပယ်ခံထားရသည့် ဒေါ်မိစန်းတစ်ယောက် ထိုင်းတွင် ငရုတ်သီး အညှာခြွေနေဆဲ။


အိုပယ် ရွှေ့ပြောင်းအလုပ်သမကြီး အညှာခြွေထားသည့် ငရုတ်သီးစိမ်းများကို ထိုင်းနိုင်ငံ ဟိုတယ်အချို့နှင့် စားသောက် ဆိုင်အချို့တွင် နေ့စဉ်စားသုံးနေကြဆဲ။

မင်းခန့်