ဘုရားလှည့်လိုက်မယ်

0
1496

ဘာလိုလိုနဲ့ သီတင်းကျွတ်ပြီးလို့ တန်ဆောင်မုန်းထဲရောက်လာခဲ့ပြီ။ နောက်တစ်ပတ်ဆိုရင် ထားဝယ်မြို့ရဲ့ အထင်ကရပွဲတော်ဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်လည်း စပေတော့မယ်။


ဒီအချိန်ရောက်တိုင်း ငယ်ငယ်က ဘုရားလှည့်လိုက်ခဲ့တာတွေကို ပြန်သတိရ မိတယ်။

ကျွန်တော်တို့ ငယ်ငယ်က ဒီအချိန်ဆို တလှုပ်လှုပ်ဖြစ်နေပြီလေ။ အသိအစ်ကိုကြီးတွေဆီမှာ ပိတ်ဖြူပိုင်း လိုက်တောင်းရတာနဲ့၊ အိမ်မှာ ပိတ်ဖြူပိုင်းအဟောင်းများရှိလေမလား ရှာရတာနဲ့၊ မရှိရင် အမေ့ကို ပိတ်ဖြူပိုင်းဝယ်ပေးဖို့ ပူဆာရတာနဲ့။ အကျီအဖြူကတော့ ပူစရာ မလို။

ကျောင်းတံဆိပ်မတပ်ထားတဲ့ အင်္ကျီလေးတွေ ရှာဝတ်ပေါ့။ ကျောင်းတံဆိပ်ပါ တဲ့ အင်္ကျီဝတ်လည်း ဘယ်သူမှ ဘာမှတော့ မပြောကြပါဘူး။


ပိတ်ဖြူပိုင်းပြီးရင် နောက်တစ်ခု အရေးကြီးတာက ဘုရားလှည့်လိုက်တဲ့သူ တွေကို ပေးမယ့် တံဆိပ်ပြား။ တံဆိပ်ပြား မှာ အမျိုးမျိုးရှိပေမယ့် ကျွန်တော်တို့ကလေး တွေအတွက် တံဆိပ်ပြားက အမှုဆောင်တဲ့။ အနီရောင်စက္ကူထူပေါ်မှာ ဘုရားကြီး ဂေါပက တံဆိပ်လေးနဲ့ အမှုဆောင်ဆိုတဲ့ စာတမ်း၊ အောက်နား ဒါမှမဟုတ် အပေါ် နားမှာ ဘုရားပွင့်စဉ်နံပါတ်တွေနဲ့ ကိုယ်စား တော်ဘုရား၊ စေတီတွေရဲ့ နံပါတ်လေးတွေ ပါတယ်။ အဲဒီနံပါတ်မြင်ရင် ဘယ်ရပ်ကွက် လည်းဆိုတာတန်းသိတယ်။ ဥပမာ – နံပါတ် ၁ ဆိုရင် မြို့တွင်းရပ်ကွက်။


တံဆိပ်ပြားမရှိရင် မလိုက်ရဘူးပြော ကြတော့ ဘုရားလှည့်ဖို့အတွက် ရွာမှာ ဦးစီးဦးဆောင် လုပ်နေတဲ့သူတွေဆီမှာ တံဆိပ်ပြားကို မျက်နှာငယ်လေးနဲ့ လိုက်တောင်းခဲ့ရတာကို ပြန်အမှတ်ရတယ်။ မရရင် မိဘတွေကနေ တစ်ဆင့်တောင်းခိုင်း။ တချို့ဆို တံဆိပ်ပြားမရလို့ တံဆိပ်ပြား အတု လုပ်ကြသေးတာ။ တံဆိပ်ပြားဆိုတာ က ကျွန်တော်တို့ကလေးတွေအတွက် အဲဒီလောက်တောင် အရေးကြီးတာ။


တချို့ရပ်ကွက်တွေက တံဆိပ်ပြား ပေးရာမှာ စံသတ်မှတ်ချက်လေးတွေရှိတယ်။

ဝါတွင်းသုံးလတုန်းက ရပ်ကွက်ရဲ့ ဥပါသကာ အဖွဲ့မှာ ဘယ်နှကြိမ်လိုက်ဖူး တဲ့သူမှ ပေးမယ်ဆိုတာမျိုး။ အဲဒီလို ရပ်ကွက် တွေမှာဆို တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လိုက်ချင်လို့ ရေရှည်စီမံကိန်း သဘောမျိုးနဲ့ ဝါတွင်းသုံးလမှာကတည်းက ဥပါသကာ လိုက်ကြရတယ်။


ကိုယ့်ရပ်ကွက်က တံဆိပ်ပြားမရတဲ့ သူဆို တခြားရပ်ကွက်တွေမှာ လိုက် တောင်းပေါ့။

ဟိန္ဒူသူငယ်ချင်းတွေရှိရင် တော့ နံပါတ် ၁၆ ဟိန္ဒူအသင်းရဲ့ တံဆိပ် ရနိုင်တယ်။

ဟိန္ဒူအသင်းဆိုတာက ရပ် ကွက် ကျေးရွာကို ကိုယ်စားပြုတာမဟုတ်တော့ တံဆိပ်ပြားတွေ ပိုနေလေ့ရှိတယ်လို့ သိထားတယ်လေ။


ပိတ်ဖြူ၊ တံဆိပ်ပြားရပြီဆိုရင် ဘုရား လှည့်လိုက်ဖို့ အဆင်သင့်ပဲ။ ကျွန်တော်တို့ ကလေးတွေအတွက်ကတော့ ဘုရားလှည့် တော့မယ့်နေ့ဆို နေ့ခင်းကတည်းက စိတ်လှုပ်ရှားနေကြတယ်။ ပထမဆုံးလိုက် တဲ့အချိန်ဆို ပိုပြီး ရင်ခုန်၊ ပိုပြီးစိတ်လှုပ် ရှားရတယ်။

ကျွန်တော်တို့အတွက် ဧရာမ စွန့်စားခန်းကြီးပဲ။ ဘာလို့လဲဆို ညဘက် ဆို အိမ်က လူကြီးတွေမပါဘဲ အပြင် မထွက်ဖူးဘူးလေ။ ဘုရားလှည့်လိုက်ရင် ညဘက်တင်မက မနက် မိုးလင်းပေါက် အိမ်ကအုပ်ထိန်းသူ တစ်ယောက်ယောက် မပါဘဲ သွားရတဲ့ အတွေ့အကြုံရမှာ။


ည ၇ နာရီ၊ ၈ နာရီ ဝန်းကျင်မှ ဘုရားတန်း စထွက်မှာဆိုပေမယ့် နေ့လယ် ၂ နာရီ၊ ၃ နာရီလောက်ကတည်းက ဝတ်ဖြူစင်ကြယ်နဲ့ ဘုရားကြီးထဲ ရောက် နေကြတဲ့သူတွေတောင် ရှိတယ်။


ဘုရားတန်းစထွက်တဲ့အချိန်ဆို ည ၇ နာရီ ဒါမှမဟုတ် ၈ နာရီ။ ကျွန်တော်တို့ လိုက်တာက အနောက်နားက ဘုရားတွေ ဆိုတော့ အရှေ့ဆုံးဘုရား စထွက်တဲ့အချိန် ကို မသိလိုက်ရဘူးလေ။

နံပါတ်ကြီးရင် ကြီးသလို နောက်က ထွက်ရတယ်ဆိုတော့ ၉ နာရီကျော်မှ ထွက်ရတဲ့ ဘုရားတွေလည်း ရှိတယ်။


ဘုရားတန်း စမထွက်ခင် ဘုရားလှည့် လိုက်မယ့် ဥပါသကာတွေကို ငါးပါးသီလပေးတယ်။

ဒါပေမယ့် အကုန်လုံးတော့ မသွားကြပါဘူး။ တချို့က ကိုယ့်ရပ်ကွက်၊ ကိုယ့်ရွာဘုရားရဲ့ ဝေယျာဝစ္စ အလုပ်များ နေကြတာရယ်၊ တချို့ကလည်း တံဆိပ်မရ သေးလို့ ဘုရားတစ်ပါးချင်းစီက တာဝန်ရှိ သူတွေ ဒါမှမဟုတ် အသိတွေဆီမှာ တံဆိပ် လိုက်တောင်းနေကြတာရယ်၊ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ငါးပါးသီလပေးတဲ့ ဓမ်္မာရုံကို မသွားနိုင်ကြဘူးလေ။


ဘုရားတန်းထွက်ခါနီးဆို ကိုယ့်ရပ်ကွက် အလိုက် ကလေးတွေကို မှာကြတယ်။ လမ်းရဲ့ ဘယ်ညာ တစ်ဖက်စီမှာ ညီညီလေး တန်းစီပြီး သွားကြဖို့ရယ်၊ ကိုယ့်ရပ်ကွက်က ဘုရားမှာပဲ ကိုယ်နေဖို့နဲ့ တခြားရွာ၊ ရပ်ကွက်ဘုရားတွေဆီမှာ သွားမလိုက်ဖို့ အဓိက ထားမှာကြတယ်။ သူတို့မှာတဲ့ အထဲက မှတ်မှတ်ရရရှိနေတာ တစ်ခုတော့ ရှိတယ်။ ရှမ္မလည်ဆွဲမှာ လူကြီးတွေ ဘုရားဖူးမှာတဲ့။ ဒါကြောင့် အဲဒီမရောက်ခင် အထိ ညီညီညာညာ သွားဖို့ ပိုပြီးအရေးကြီး တယ်တဲ့။ အဲဒီအချိန်တုန်းက လူကြီးဆိုတာ ဘာကိုပြောလဲဆိုတာ နားမလည်လိုက်ပေမယ့် ဟုတ်ကဲ့၊ ဟုတ်ကဲ့ပဲ။ လိုက်ရဖို့ အရေးကြီးတယ်မဟုတ်လား။


ကိုယ့်ရပ်ကွက်က ဘုရားထွက်ချိန်ဆို တာဝန်ကိုယ်စီယူကြတယ်။ တချို့က ကြေးစည်ထမ်းတယ်။

တချို့က ဆွမ်းတော် ဗန်းထမ်းတယ်။ တချို့ အရပ်ရှည်တဲ့သူ၊ အားကောင်းတဲ့သူတချို့က ဘုရားလှည်းနဲ့ ဓာတ်မီးကြိုးတွေ မငြိအောင် ဝါးလုံးထောက် တိုင်ယူကြတယ်။ တချို့ကလည်း ဘုရား လှည်းတွန်းတယ်။ တချို့ကတော့ အရှေ့ မှာ ဒီအတိုင်းတန်းစီလိုက်ပြီးတော့ ခုနက တာဝန်တွေ လဲယူကြတယ်။


ဘုရားကြီးအရှေ့ဘက်မုခ်ဦးက စထွက် တဲ့အချိန်ကတည်းက အအေး၊ မုန့်၊ အစား အသောက်မျိုးစုံလှူမယ့်သူတွေက တန်းစီ နေတယ်။ အအေးကို မွှမ်းတော်ခွက်လို့ ခေါ်တဲ့ ဘော်ခွက်ထဲထည့်ပြီး အလှူရှင် အဖွဲ့တွေက လိုက်တိုက်ကြတယ်။ တစ်ခွက် ချင်းခပ်ပြီး လိုက်တိုက်တာပေါ့။ ပလပ် စတစ်အိတ်နဲ့ ထည့်ပေးတာတို့၊ ရယ်ဒီမိတ် အအေးဘူးတွေနဲ့ ပေးတာမျိုးသိပ်မရှိဘူး။ ငါးမုန့်တွေဆိုလည်း လင်ဗန်းကြီးထဲထည့် ပြီး လိုက်ဝေကြတယ်။

ကိုယ်စားနိုင်သ လောက်ယူဆိုတဲ့သဘော။ မုန့်လက်သုပ်၊ ကြာဇံချက်၊ ဘီးဝန်းကြော်၊ ခေါက်ဆွဲကြော်၊ ဆီထမင်းနဲ့ လက်ဖက်ရည် စသဖြင့် ထိုင်ပြီး မှ စားလို့အဆင်ပြေတဲ့ အစားအသောက် တွေအတွက် စားပွဲတန်းအရှည်ကြီးတွေနဲ့ ထိုင်ခုံအရှည်ကြီးတွေ လမ်းဘေးမှာထား ပေးထားမယ်။ တချို့ကလည်း လမ်းသွယ် လေးတွေထဲမှာ ခင်းထားတော့ ဖိတ်ကြား ရေးအဖွဲ့က လမ်းထိပ်မှာ နေရာယူပြီး လမ်းကြားထဲ ကြွဖို့ဖိတ်တယ်။


ဒါပေမယ့် အခုနောက်ပိုင်းကတော့ အစားအသောက် ကျွေးတဲ့ ပုံစံအချို့က ပြောင်းလဲလာတယ်။

ကျွန်တော်တို့ ငယ်ငယ် က ကျွေးသလိုမျိုးကျွေးတဲ့သူတွေရှိနေ သေးပေမယ့် အလှူရှင်အများစုက လွယ်လွယ်နဲ့ လှူလို့ရတဲ့ ရယ်ဒီမိတ် မုန့်တွေ၊ အအေးတွေဘက်ကို ဦးစားပေးလာကြတယ်။

မနှစ်ကဆို ကလေးတွေအိတ်ကြီး၊ အိတ်ငယ်ထမ်းပြီး ဘုရားလှည့်လိုက်နေတာ တွေ့တယ်။ သူတို့ရဲ့ အိတ်ထဲမှာ တံဆိပ် ပေါင်းစုံနဲ့ အအေးဘူးတွေအပြည့်ပဲ။ ဘုရားဝေယျာဝစ္စလုပ်ပေးမယ့် ဥပါသကာ တွေက အိတ်ကြီးအိတ်ငယ်ထမ်းသွားနေ တော့ အမြင်အားဖြင့် မတင့်တယ်သလို ခံစားရတယ်။

ကလေးတွေရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ အဲဒါတွေလှူတဲ့သူက များတာကိုး။


ကျွန်တော်တို့ ငယ်ငယ်က ကျွေးသလို၊ မွေးသလိုမျိုး အအေးတွေကို ခွက်နဲ့ပဲ တိုက်တာမျိုး၊ မုန့်တွေကို ထိုင်ခုံတွေ၊ စားပွဲတွေနဲ့ ချကျွေးတာမျိုး ပြန်မြင်ချင် မိတယ်။


ကျွန်တော်တို့ ဘုရားလှည့်လိုက်ချိန်က သောက်ခဲ့ရတဲ့ ဇီးဖျော်ရည်၊ သစ်ခွဖျော် ရည်၊ ကျောက်ချောတွေရဲ့အရသာကို အခု အချိန်အထိ မမေ့နိုင်ဘူး။ ဂန့်ဂေါ်ပင်လမ်းဆုံမှာ မနက်စောစောကျွေးတဲ့ ထမင်းဖြူ၊ ငပိဖုတ်ဆီဆမ်း၊ ငါးခြောက်ဖုတ် တွေကိုလည်း ပြန်လွမ်းမိတယ်။ အခုလိုအချိန် ရောက်တိုင်း ကလေးဘဝရဲ့ ဧရာမစွန့်စား ခန်းကို ပြန်ပြန်သတိရလာတယ်။ ငယ်ငယ်ကလိုမျိုး ပိတ်ဖြူစင်ကြယ်ဝတ် ပြီးမိုးလင်း ပေါက်လမ်းလျှောက် လိုက်ချင်ပါသေးတယ်။

ဖိုးလုံး