Facebook နတ်ဆိုး

0
1018

Facebook သည် အခမဲ့ဖြစ်သည်။ သို့သော် အလကားမရပါ။


ယင်းသည် ပြဿနာလော။ ထိုအထိ ပြဿနာ မဟုတ်သေးပါ။


Facebook နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်ပြည်ထက် လူဦးရေ နှစ်ဆမျှရှိသည်။ လူ သန်း ၅၀ ရှိသော မြန်မာနိုင်ငံထက် အဆ ၄၀ ကျော်ပိုများသည်။

တရုတ်ပြည်၏ လူဦးရေမှာ ၁.၃ ဘီလီယံ (သန်း ၁၃၀၀ ဝန်းကျင်) ရှိချိန်တွင် Facebook အသုံးပြုသူ ၂.၄ ဘီလီယံ ရှိနေသည်။


မြန်မာနိုင်ငံတွင် Facebook သုံးသူ ၁၈ သန်းမျှ ရှိသည်ဟုခန်မှန်းထားရာ ယင်းပမာဏသည် နယူးဇီလန်နိုင်ငံ၏ လူဦးရေ လေးဆမျှ၊ စင်ကာပူနိုင်ငံ၏ သုံးဆကျော်မျှ များပါသည်။


Facebook သုံးရန် ငွေပေးစရာ မလို။ အခမဲ့ ဖြစ်သည်။ သို့သော် Facebook ကုမ္ပဏီ၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃၈.၃ ဘီလီယံ တန်ကြေးရှိ သည်ဟုဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသူ နိုင်ငံသားများ အားလုံး၏ အစုစုအရပ်ရပ် ဝင်ငွေမှာ တစ်နှစ်မှ ဘီလီယံ ၇၀ နီးပါး သာရှိသည်။ Facebookတန်ကြေးမှာ မြန်မာ့တစ်နှစ် ဝင်ငွေထက် နှစ်ဆမျှ ရှိနေသည်။


ခပ်လွယ်လွယ် ခပ်ရှင်းရှင်း ဆိုရပါက Facebook ကို ဝယ်နိုင်ရန်ဆိုလျှင် မြန်မာနိုင်ငံမှ သူဌေး၊ သူကြွယ်၊ ဆင်းရဲ သား၊ လက်လုပ်လက်စားပါမကျန် ၂ နှစ်ဆက် ဘာမှမစားဘဲ၊ မသုံးဘဲ အလုပ်လုပ်လုပ်မှ Facebook ကုမ္ပဏီကို ဝယ်နိုင်မည်။


အထက်ဆိုခဲ့ပါအတိုင်း Facebook သုံးဖို့ ငွေပေးရန် မလို၊ ဒါပေမဲ့ Facebook ကုမ္ပဏီကြီးက အဲသည်လောက် ကြွယ်ပိုးကြွယ်၀ ဖြစ်နေသည်ဆိုလျှင် Facebook က ဘယ်လမ်းကြောင်းက ငွေရှာနေသနည်း။


တစ်ခွန်းတည်း ဆိုရပါက ကြော်ငြာမှ ဝင်ငွေရရှိသည်။ Facebook ဝင်ငွေ၏ ၉၉ ရာခိုင်နှုန်းကို ကြော်ငြာမှ ရရှိခြင်း ဖြစ်သည်။ တစ်ရာခိုင်နှုန်းသည်သာလျှင် အခကြေးငွေ တစ်မျိုးမျိုးကို ကောက်ခံ ခြင်းဖြင့် ရရှိသည်။


ဆိုသောအခါ မည်သူတို့က ကြော်ငြာသနည်း။


စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံရေး သမားတွေကို ရောင်းသည်။ အစိုးရတွေ ကိုလည်း ရောင်းသည်။ Facebook တွင် ကြော်ငြာရှင် ၇ သန်း ရှိသည်ဟုဆိုသည်။


ယင်းသည် ပြဿနာလော။ ထိုအထိလည်း ပြဿနာ မဟုတ်သေးပါ။


Facebook သုံးပါက သုံးစွဲသူများသည် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဖြည့်သွင်းရလေ့သည်။ အမည်၊ နေရပ်ဒေသ၊ မွေးသက္ကရာဇ်၊ တက်ခဲ့သည့် ကျောင်း၊ တက်နေဆဲကျောင်း၊ လုပ်နေဆဲ အလုပ်၊ အိမ်ထောင်ရှိ၊ မရှိ၊ စသည့် အချက်အလက်ပေါင်းများစွာကို ဖြည့်သွင်းရ သည်။


ယင်းအချက်အလက်များကို Facebook က သိမ်းထားသည်။ ယင်းနောက် ကြော်ငြာရှင်များ အလိုရှိသော၊ ကြော်ငြာရှင်များ ပစ်မှတ်ထားလိုသော Facebook သုံးစွဲသူများထံ တိုက်ရိုက်ကြော်ငြာများ ရောက်စေပြီး ကြော်ငြာသည်။


ဥပမာ အသက် ၂၀ နှင့် ၂၅ နှစ် အကြားရှိ ရန်ကုန်တွင် နေထိုင်သော အမျိုးသမီးများကို ပစ်မှတ်ထား၍ အဝတ် အစားတစ်ခု ကြော်ငြာလိုပါက ထိုအုပ်စုကို ပစ်မှတ်ထား၍ ကြော်ငြာများကို Facebook က ရောက်စေလိုက်သည်။ စာရှုသူသာ ထိုအုပ်စုအတွင်းရှိသော Facebook သုံးစွဲသူ တစ်ဦးဆိုပါက ထိုကြော်ငြာ ကို စာရှုသူ၏ Facebook ပေါ်တွင် လာမြင်ရသည်။ ထိုအုပ်စုအတွင်း မဟုတ် ပါက ကြော်ငြာကို မြင်မည်မဟုတ်။


ထိုအထိလည်း ပြဿနာ မဟုတ်လှ သေးပါ။


သို့သော် Facebook က မှတ်ထား၊ သိမ်းထားသော အချက်အလက်များမှာ ထိုမျှမကပါ။
သုံးစွဲသူများ၏ အကြိုက်၊ တုံ့ပြန်ပုံ (Like ပေးပုံ၊ Share ပုံ၊ ဓာတ်ပုံတင်ပုံ၊ ရေးသားသည့် စကားလုံးတစ်ခုချင်း စသည့် တုံ့ပြန်ပုံအမျိုးမျိုး)၊ အပြုအမူ၊ အမူအကျင့် တို့ကိုလည်း မှတ်သား၊ မှတ်တမ်း တင်ထားသေးသည်။ သာ၍ ဆိုးသည်မှာ Facebook Messenger မှ တစ်ဆင့် အချင်းချင်းပြောဆိုသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကိုလည်း မှတ်သားထားသေးသည်။


ထိုကြောင့်Facebook သုံးစွဲသူများ သည် ၎င်းတို့ ကိုယ်တိုင်ဖြည့်သွင်းထား သော ကိုယ်ရေးအချက်အလက်များ သာမက Facebook ပေါ်ရှိ လှုပ်ရှားမှုအားလုံး ကို မှတ်သား၊ မှတ်တမ်းတင်ထားခြင်း ခံရသည်။


ထိုလှုပ်ရှားမှု၊ တုံ့ပြန်ပုံ၊ အပြုအမူ၊ အမူအကျင့်တို့ အပေါ် မူတည်၍လည်း Facebook က စီးပွားရေးလုပ်ငန်းများထံမှ ကြော်ငြာရယူပြီး ကြော်ငြာသည်။ အကယ်၍ စာရှုသူသည် Facebook ပေါ်တွင် ရန်ကုန်ရှိ အားကစားခန်းမတစ်ခုအကြောင်း ကို ရှာမိလိုက်သည်ဆိုပါက များမကြာမီ တွင် ရန်ကုန်ရှိ အားကစားခန်းမအကြောင်း ကြော်ငြာများ မကြာမီ လာဖို့ရှိသည်။

အကယ်၍ စာရှုသူသည် သက်သတ်လွတ် သာစားကြောင်း Facebook ပေါ်တွင်ရေးမိ၊ မိတ်ဆွေများနှင့် ပြောဆိုမိပါက စာရှုသူထံ သက်သတ်လွတ်နှင့် ပတ်သက် သော အစားအသောက် ကြော်ငြာများ ရောက်လာဖို့ရှိသည်။ အခြားတစ်ဖက်တွင်လည်း အသားငါးတို့နှင့် ပတ်သက်သော ကြော်ငြာများ ရောက်လာဖို့ မရှိတော့။


ယင်းမှာ ပြဿနာလော။ ထိုအထိ တော့ အချို့သောသူတို့ အတွက် ပြဿနာ မဟုတ်လှသေးပါ။ ဘာလို့ဆို အခုခေတ် လူငယ်တွေက မိမိတို့၏ လှုပ်ရှားမှု၊ ပုဂ္ဂိုလ်ရေးအချက်အလက်များ၊ အမူ အကျင့်များကို စောင့်ကြည့်ခံနေရသည့် တိုင် ပြဿနာ မဟုတ်ကြောင်း စဉ်းစားသူ အများအပြား ရှိသောကြောင့် ဖြစ်သည်။


Facebook ၏ လုပ်ဆောင်ပုံ အကြောင်း ထိုမျှအထိ အကြမ်းဖျင်း သိသူ အများအပြား ရှိသည်။
သို့သော် Facebook က ထိုမျှနှင့် မတင်းတိမ်သေးပါ။


နိုင်ငံတစ်နိုင်ငံ (တခါခါ ကမ္ဘာကြီးကိုပင်) ဒုက္ခတွေ့သွားစေနိုင်သော၊ လမ်း ကြောင်း ပြောင်းသွားစေနိုင်သော အရာများ အထိ Facebook ၏ ကြော်ငြာများက ခြေလှမ်းကြဲလာတော့သည်။


ယခင်ကများစွာ မသိသာလှပေ။ သို့သော် ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ထိုကိစ္စ ကမ္ဘာကျော် ဖြစ်သွားသည်။ လက်ရှိ သမ္မတ ဖြစ်နေသော ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲ အောင်နိုင်ရေး Facebook ပေါ်မှ မဲဆွယ်ရန် အဖွဲ့တစ်ဖွဲ့ကို ငှားလိုက်သည်။

ထိုအဖွဲ့၏ အမည်မှာ Cambridge Analytical ဖြစ်သည်။ ထိုအဖွဲ့မှာ Facebook ပေါ်တွင် လူအများကို အပျင်းပြေ ဖြည့်သွင်း နိုင်သော အမူအကျင့်ဆိုင်ရာ စစ်တမ်းများ တင်သည်။

ထိုစစ်တမ်းများကို လူအများက အပျော်သဘော ဖြေကြသည်။ ဥပမာ စိတ်တိုလွယ်တတ်သူလော၊ စိတ်ယိုင် လွယ်တတ်သူလော စသည့် လူအများ၏ အကျင့်စရိုက်နှင့် ဆိုင်သော စစ်တမ်းများ ဖြစ်သည်။ ထိုစစ်တမ်းကို ဖြည့်သွင်းစေရာ တွင် ဖြည့်သွင်းသူ၏ ကိုယ်ရေးအချက် အလက်များ သာမက၊ ဖြည့်သွင်းသူနှင့် Facebook ပေါ်တွင် မိတ်ဆွေ ဖြစ်နေ သောသူများ၏ ကိုယ်ရေး အချက်အလက်များကိုပါ ယူလိုက်သည်။ ထိုကြောင့် လူသောင်းဂဏန်း အပျင်းပြေ ဖြည့်သွင်း လိုက်ရုံဖြင့် ကိုယ်ရေး အချက်အလက် သန်းချီရရှိသွားသည်။


ထိုကဲ့သို့သော အချက်အလက်များကို မှတ်သား၊ မှတ်တမ်းတင်လိုက်သည်။ တူရာ၊ တူရာ အုပ်စုခွဲလိုက်သည်။ သက်ဆိုင် ရာ ပါတီ အမာခံများ၊ စည်းရုံးရန် မလွယ်သူများကိုဖယ်ထားလိုက်သည်။ ဆွဲဆောင် စည်းရုံးရန် လွယ်သော အုပ်စုများကို အဓိက ပစ်မှတ်ထားလိုက်သည်။ မတူညီ သော လူအုပ်စုများ၊ မဲဆန္ဒနယ်များ အလိုက် အသီးသီး ရည်ရွယ်၍ အမျိုးမျိုးသော မဲဆွယ်ကြော်ငြာများ ဖန်တီးသည်။


ထိုအုပ်စုများကို ရည်ရွယ်၍ ကြော်ငြာများကြဲချလိုက်တော့သည်။ ပြိုင်ဘက် ပါတီနှင့် ပတ်သက်သော မကောင်းကြောင်းများ လွှင့်တင်သည်၊ ပြိုင်ဘက် သမ္မတလောင်းကို ပုံဖျက်ထားသော၊ သရော်ထားသော၊ သတင်းအမှားများကို တမင်ရည် ရွယ်ပို့လွှတ်ထားသော ပုံများ၊ ရုပ်သံဖိုင်များကို ထိုအုပ်စုများသို့ “ဖိ” ပို့သည်။


လူတို့၏ ပင်ကိုစရိုက်၊ စရိုက်လက္ခဏာတို့မှ တစ်ဆင့် အမူအကျင့်ကို ဖြစ်စေသည်။

ထိုအမူအကျင့်ကပင် မည် သည့် ပါတီ၊ မည်သည့် ကိုယ်စားလှယ်ကို မဲပေးမည်ဟု စေ့ဆော်စေသည်။ ထိုကြောင့် နည်းပညာ ကုမ္ပဏီက လူတို့၏ ပင်ကို စရိုက်အပေါ် မူတည်၍ အုပ်စုများခွဲကာ အမူအကျင့်ကို ပြောင်းလဲစေသော ကြော်ငြာများ ဖိပို့ခြင်းဖြစ်သည်။


ထိုသို့ဖြင့် မည်သည့် သမ္မတလောင်း ကို မဲပေးရမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော (ဆွဲဆောင်စည်းရုံးနိုင် သေးသော) မဲဆန္ဒရှင် အုပ်စုများမှာ ဒေါ်နယ်ထရမ့်ကို ဘက်ရောက်သွားတော့သည်။ ဆန္ဒမဲ အရေအတွက် မတိမ်းမယိမ်းဖြင့် ဒေါ်နယ်ထရမ့် ၂၀၁၆ အမေရိ ကန်သမ္မတ ရွေးကောက်ပွဲ နိုင်သွားသည်။


လူအများကို သတင်းအမှားများဖြင့် ပုံဖျက်စည်းရုံးပြီးနောက် သမ္မတ ဖြစ်သွားသည်။ ထို့အတွက် မေးခွန်းပေါင်းများစွာ ထွက်လာသည်။ မျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်ပါ၏လောဟု မေးခွန်း ထုတ်ကြသည်။ မဲဆန္ဒရှင်များကို “ဂျင်း” ထည့်ပြီး မဲယူသွားခြင်းသည် ဥပဒေနှင့် ညီပါ၏လောဟု မေးခွန်း အကြီးအကျယ် ထုတ်ခဲ့ကြသည်။


ယင်းမှာ အဓိက ပြဿနာကြီးဖြစ် သွားသည်။


ထိုသို့လုပ်ဆောင်ခဲ့ခြင်းသည် ဥပဒေ နှင့်ညီ၊ မညီ အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ သို့သော် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရမူ ရှင်း ရှင်းလင်းလင်းကြီး ချိုးဖောက်ခဲ့ကြောင်း သတ်မှတ်ခံခဲ့ရသည်။

Facebook သုံးစွဲ သူ သန်း ၅၀ ၏ မှတ်တမ်းများကို အထက်ပါ နည်းအတိုင်း ရယူကာ မဲဆန်္ဒရှင်များကို “ဂျင်း”ထည့် ခဲ့ကြောင်း Cambridge Analytical မှ ဝန်ထမ်းဟောင်းအချို့က ဖော်ကောင်လုပ်ခဲ့ကြသည်။


Facebook ကတော့ ထိုကိစ္စတွင် သူတို့ ကုမ္ပဏီ တိုက်ရိုက် မပါဟုဆိုသည်။ Cambridge Analytical ကုမ္ပဏီကသာ ၎င်းတို့ ပလက်ဖောင်းကို အသုံးပြုခဲ့သည် ဟုဆိုသည်။ သု့ိသော် အချို့မီဒီယာများ၏ ထုတ်ဖော်ချက်အရမူ Cambridge Analytical နှင့် Facebook တို့ အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲများ အတွက် တစ်စုံတစ်ရာ ညှိနှိုင်းခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။ အဓိက ပြဿနာမှာ Facebook က သုံးစွဲသူများ၏ အချက်အလက်များကို ယူဆောင်သွား မည်ကို သိလျက်ဖြင့်ပင် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။


၂၀၁၆ ရွေးကောက်ပွဲ နည်းတူ ယင်းနှစ်တွင်ပင် ဗြိတိန်တို့ ဥရောပမှ ခွဲထွက်ရေး Brexit ရွေးကောက်ပွဲတွင် လည်း Facebook နှင့် Cambridge Analytical ထိုနည်းတူ ပါဝင်ပတ်သက် ခဲ့ကြောင်း စွပ်စွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။


၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ကာလ တစ်လျှောက်တွင် ဖြစ်ခဲ့ သော ယင်းပြဿနာကြီးကို ၂၀၁၈ ခုနှစ် ဧပြီလတွင်မှ အမေရိကန်လွှတ်တော်တွင် ကြားနာ စစ်ဆေးနိုင်ခဲ့သည်။ Cambridge Analytical နှင့် Facebook တို့ကို သက်ဆိုင်ရာ လွှတ်တော် ကော်မတီတို့က အပြင်းအထန် မေးခွန်းထုတ်ခဲ့သည်။ Facebook သုံးစွဲသူတို့၏ အချက်အလက်များကို အကာအကွယ် မပေးနိုင်သည့် အပြင် နိုင်ငံရေး“ဂျင်း” ထည့်ခံလိုက်ရသည် အထိ ဖြစ်သွားမှုအပေါ် အကြီးအကျယ် မေးခွန်းထုတ်ခဲ့ကြသည်။


Cambridge Analytical ကုမ္ပဏီ လည်း ၂၀၁၈ ခုနှစ်တွင် ပိတ်သိမ်းခဲ့ ရသည်။ Facebook မှာ မှာလည်း ဗြိတိန် ခွဲထွက်ရေး ရွေးကောက်ပွဲတွင် Cambridge Analytical နှင့် အတူ ပါဝင်ပတ်သက်မှု ဖြင့် ဗြိတိန်အစိုးရက အမေရိကန်ဒေါ်လာသိန်းချီ ဒဏ်ငွေတပ်ခဲ့သည်။


Facebook ကို အခမဲ့ သုံးနေကြ သည်။ သို့သော် အလကား မရပါ။ သုံးစွဲ သူတို့ ဖြည့်သွင်းထားသော ကိုယ်ရေး အချက်အလက်များကို အသုံးပြု၍ စီးပွားဖြစ်ကြော်ငြာထိုးသည်။

ထိုအထိ ပြဿနာ မဟုတ်လှသေးပါ။


ယင်းအပြင် သုံးစွဲသူတို့၏ သုံးစွဲမှု များ၊ Facebook ပေါ်မှ အပြုအမူများ၊ အမူအကျင့်များကို ခြေရာခံ မှတ်သား၊ မှတ်တမ်းတင်ထားပြီး ထိုအပြုအမူ၊ အမူအကျင့်၊ ဝါသနာတို့ အလိုက်ကြော်ငြာ ထိုးပြန်သည်။ ထိုအထိလည်း ပြဿနာ အဖြစ် မမြင်လိုသေးပါက ရသေးသည်။


သို့သော် လူတို့၏ ဘဝများ၊ မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းပေးလိုက် နိုင်သော နိုင်ငံရေး ဆုံးဖြတ်ချက်ချမှတ် ဖြစ်သွားသည်နိုင်သည်အထိ Facebook ကြော်ငြာများက ခြယ်လှယ်သွားရာ အကြီးအကျယ်ပြဿနာ ဖြစ်သွားတော့သည်။


အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် မကပါ။ ဘရာဇီးကဲ့သို့သော နိုင်ငံ များတွင် အစွန်းရောက် နိုင်ငံရေးသမားတို့ ရွေးကောက်ပွဲနိုင် အာဏာရလာခြင်းသည် Facebook စနက်ကင်းပါ၏လောဟု မေးခွန်းထုတ်လာပြီဖြစ်သည်။


Facebook ကဲ့သို့သော လူမှုမီဒီယာ ပလက်ဖောင်းများကို လူအများက မိမိတို့၏ အချက်အလက်များ ကြည်ကြည် ဖြူဖြူပင် ပေးလိုက်ကြတတ်သည်။ “ငါက ဘာမို့လို့လဲ။ ငါလုပ်နေတာသိတော့ရော ဘာဖြစ်သွားမှာ မို့လို့လဲ”ဟု တွေး လိုက်တတ်ကြသည်။


သို့သော် တစ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ ထိုမှသည် သန်းချီသော အချက်အလက်များဖြစ် သွားပါက အဖိုးတန်ငွေတွင်းကြီး ဖြစ်သွားတော့သည်။


“အခုအချိန်မှာ သတင်းအချက် အလက်ဆိုတာ တန်ဖိုးအရှိဆုံး ဥစ္စာပစ္စည်းပါပဲ။ ရေနံထက်တောင် ဈေးကြီး သေးတယ်”ဟု မီဒီယာများကို ဖော်ကောင် လုပ်ခဲ့သော Cambridge Analytical မှ ဝန်ထမ်းတစ်ဦးက ပြောသည်။ သူက သတင်းအချက်အလက်နှင့် နည်းပညာကို အခြေခံသော ကုမ္ပဏီများ ဖြစ်သည့် အမေဇုန်၊ အလီဘာဘာ ကဲ့သို့သော ကုမ္ပဏီများ ကမ္ဘာ့တန်ဖိုး အရှိဆုံး ကုမ္ပဏီများ ဖြစ်လာသည်ကို သူက ဥပမာ ပြသည်။


Facebook မှာ လူအများ၏ အာရုံ၊ တိမ်းညွတ်မှုကို ပြောင်းစေနိုင်ရန် ဒီဇိုင်း ဆင်ထားသည်ဟုလည်း ပညာရှင်တို့က စွပ်စွဲသည်။ လူတို့၏ အကြောင်းတရား၊ ဒေါသတို့ကို ကစားကာ ကိုယ့်ကြော်ငြာ ရှင် အလိုကျဆုံးဖြတ်လာအောင် ခြယ်လှယ် လိုက်သည်။ အထူးသဖြင့် စိတ်လှုပ်ရှား လွယ်သော လူအုပ်စုများ၊ ဆုံးဖြတ်ချက် မခိုင်မာသေးသော လူအုပ်စုများမှာ စိတ်ပါလွယ်သွားသည်။


ကုန်ပစ္စည်းတစ်ခုခုကို ဝယ်ရန် ဆုံး ဖြတ်ခြင်း ကဲ့သို့သော အရေးကိစ္စများတွင် ထိုသို့ ကြိုးကိုင်ချယ်လှယ်ခံရပါက ပြဿနာ မဟုတ်လှဟု ယူဆနိုင်သည်။ သို့သော် ရွေးကောက်ပွဲကဲ့သို့သော လူအများစု၏ ဘဝနှင့် စပ်ဆိုင်သော အရေးကိစ္စများတွင် Facebook ကဲ့သို့သော နည်းပညာကုမ္ပဏီတို့၏ ကြိုးကိုင်ခြယ်လှယ်ခံလိုက်ရပါက အကြီးအကျယ် အရွေးမှားသွားနိုင်သည်။ နိုင်ငံတစ်ခုက ကံကြမ္မာမှာ ပြောင်းပြန်ဖြစ် သွားတော့သည်။
ကိုယ်ရွေးလိုက်မိသော အစိုးရမှား သွားပါက လူသန်းချီ၏ ဘဝသာမက၊ မျိုးဆက်တစ်ခုလုံး၏ ဘဝများကိုပါ ပြောင်းသွားနိုင်သည်။


ထိုပြဿနာများ ဖြစ်လာပြီးနောက် အခြားကမ္ဘာကျော် လူမှုမီဒီယာတစ်ခု ဖြစ်သော Twitter ပေါ်တွင် နိုင်ငံရေး ကြော်ငြာများ လက်မခံတော့ဟု ကြေညာလိုက်ပြီဖြစ်သည်။


သို့သော် Twitter ထက် ပရိသတ်ပိုများသော Facebook ထံမှ မည်သည့် သတင်း စကားမျှ မကြားရသေးပါ။ Cambridge Analytical ကုမ္ပဏီ၏ လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်သော်လည်း သူ့နည်း တူ အခြားမည်သို့သော ကုမ္ပဏီ အဖွဲ့အစည်း၊ အစိုးရများက နည်းယူ ဆက်လုပ်မည်ကို မခန့်မှန်းနိုင်သေးပါ။


ပြန်ချုပ်ရပါက Facebook သုံးခြင်းသည် အခမဲ့ဖြစ်သည်၊ သို့သော် အလကားတော့ မဟုတ်၊ ကိုယ့်အချက်အလက် တွေပေးထားလိုက်ရသည်။ ကိုယ့်ကို ခြေရာခံခွင့်ပြုလိုက်ရသည်။

ဆုံးဖြတ်ချက်များ ခြယ်လှယ်ခံလိုက်ရသည်။ အဆိုးဆုံးမျာ ကိုယ့်ဘ၀ တစ်ခုလုံးကို ဂျင်းထည့်မည့်၊ ကိုယ့်သားစဉ်မြေဆက် ဂျင်းထည့်မည့် နိုင်ငံရေးကြော်ငြာတွေ လည်း လာတတ်သည်။


Facebook နတ်ဆိုးမှ မည်သို့ ပြေးကြမည်နည်း။

ခွန်းသု

Reference
The Great hack (2019), Daily Mail, The Guardian, CNBC