ရေသည် လက်နက်

0
590

အာရှတစ်ခွင် ယခုတစ်ပတ်အတွင်း အလှုပ်ခတ်ဆုံးသတင်းမှာ မဲခေါင်မြစ်ပေါ် လာအိုနိုင်ငံအတွင်းတွင် ထိုင်းကုမ္ပဏီတို့ တည်ဆောက်နေသော ရေအားလျှပ်စစ်ထုတ် ဆည်ကြီးတစ်ခု စတင်လည်ပတ်လိုက်ခြင်း ဖြစ်သည်။


၁၂၈၅ မဂ္ဂါဝပ်ထုတ်မည့် ထိုဆည်တည်ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်းနိုင်ငံများတွင် ဒေသခံများ၏ အသက်မွေးမှုနှင့် လူနေမှုဘဝကို ဆိုးကျိုးများစွာ ထိခိုက်သည်ဟုဆိုကာ အထူးသဖြင့် ထိုင်းနိုင်ငံမှ ဒေသခံများ ဆန္ဒပြခဲ့ကြသည်။


မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ တိဘက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံပြီး တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းကာ တောင်တရုတ်ပင်လယ်အတွင်း စီးဝင်သည်။


မဲခေါင်မြစ်ပေါ်ဆည်များတည်ဆောက်ခြင်းကြောင့် အငြင်းပွားဖွယ်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများ ဖြစ်နေသည်မှာ ယခုမှ မဟုတ်ပါ။ တရုတ်နိုင်ငံက ၎င်းတို့နိုင်ငံတွင်း မဲခေါင်မြစ်ပေါ်တွင် အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် ဆည် ၁၁ ခုအထိ တည်ဆောက်လည်ပတ်နေသဖြင့် မြစ်အောက်ပိုင်းတွင် ရေလျော့နည်းလာသောကြောင့် စားနပ်ရိက္ခာရှားပါးခြင်းနှင့် ဆင်းရဲမွဲတေမှု တိုးပွားလာခြင်းတို့ ဖြစ်စေနိုင်ကြောင်း ပညာရှင်များက အစဉ်အဆက် ထောက်ပြဝေဖန်လျက်ရှိသည်။


ထိုသို့သော ထောက်ပြဝေဖန်မှုတို့အကြား မြစ်အောက်ပိုင်း လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့တွင် ဆည်စီမံကိန်းများ ဆက်ရှိနေသေးသည်။


မည်သို့ပင်ဆိုစေ မြစ်ညာပိုင်းတွင်ရှိသော တရုတ်နိုင်ငံမှာ မဲခေါင်မြစ်ကို ထိန်းချုပ်ရေး သဘာဝအလျောက် အသာစီးရရှိထားရာ မဲခေါင်ရေကို တရုတ်က နိုင်ငံရေးလက်နက်အဖြစ် အသုံးချမည်ကို စိုးရိမ်နေကြသည်။ ထိုကြောင့် မဲခေါင်မြစ်ကို သက်ဆိုင်ရာနိုင်ငံများက အတူတကွ ဘုံစည်းမျဉ်းချကာ စီမံခန့်ခွဲရေး တရုတ်အပါအဝင် သက်ဆိုင်ရာနိုင်ငံများကို ပညာရှင်တို့က တိုက်တွန်းလျက်ရှိသည်။


နောက်လာမည့် ဆယ်စုနှစ်များတွင် ရေကြောင့် စစ်ပွဲများပင် ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းထားရာ ရေသည် အရေးကြီးသော အရင်းအမြစ်၊ ရေသည် လူသန်းပေါင်းများစွာကို ဘဝပြောင်းနိုင်သော လက်နက်ဖြစ်လာနိုင်သဖြင့် ထိုသို့တိုက်တွန်းနေခြင်း ဖြစ်သည်။


ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့မှာ မြန်မာနိုင်ငံအတွင်း အဓိက စီးဆင်းသည်။ တနင်္သာရီမြစ်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြစ်ဖျားခံပြီး ပင်လယ်တွင်း စီးဝင်သော ဒေသမြစ် စစ်စစ်ဖြစ်သည်။


အိမ်နီးချင်းနိုင်ငံများက မြစ်အရေး၊ ရေအရေး အတူတကွ ခေါင်းချင်းဆိုင်ရန် ကြိုးပမ်းနေစဉ် ကိုယ့်နိုင်ငံအတွင်း ကိုယ့်ဒေသအတွင်းရှိ ဒေသမြစ်များကို (မည်သည့် နိုင်ငံနှင့်မျှ ညှိနှိုင်းရန်မလိုဘဲ) မည်သို့ စီမံမည်၊ ရေရှည်တည်တံ့အောင်မည်သို့ ဆောင်ရွက်မည်ဆိုသည်မှာ အနာဂတ်အတွက် အသက်တမျှ အရေးကြီးသော အရေးကိစ္စဖြစ်လာပြီဖြစ်ကြောင်း မီးမောင်းထိုးဖော်ပြအပ်ပါသည်။

အယ်ဒီတာ (နိုဝင်ဘာ ၂၊ ၂၀၁၉)