ကျေးရွာ ရေပေးရေးအတွက် ကျပ်သန်းတစ်ထောင့်ခုနစ်ရာကျော် သုံးစွဲမည်

0
523

တိုင်းအတွင်း မြို့နယ်ဆယ်ခုရှိ ရေအခက်အခဲရှိသည့် ကျေးရွာပေါင်း ၉၆ ရွာတွင် ရေပေးရေးလုပ်ငန်းများ အတွက် ကျပ်သန်း ၁၇၀၀ကျော် သုံးစွဲမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။


အဆိုပါ ကျေးရွာများတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း၊ တွင်းတိမ်တွင်းနက် တူးဖော်ခြင်းလုပ်ငန်း၊ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစိုးဝေက ပြောသည်။


တိုင်းအတွင်း ရေလိုအပ်ချက်ရှိသည့် ကျေးရွာများကို စိစစ်ရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ် ကာ ရွေးချယ်ပြီး နိုဝင်ဘာလဆန်းခန့်တွင် လုပ်ငန်းများစတင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။


စုံစင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး နွေကာလဖြစ်သည့် မတ်လနှင့် မေလကြားတွင် ရေတွင်းများ ခန်းလာသဖြင့် အိမ်ခြေ ၄၀ ခန့်မှာ ရေရှားပါးသည့် ပြဿနာကို ရင်ဆိုင်နေရသည်ဟု သရက်ချောင်းမြို့နယ်၊ စုံစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသင်းအောင်က ပြောသည်။


“ရေရှားတာ နှစ်နှစ်သုံးနှစ်လောက်တော့ရှိပြီ။ အစတုန်းက ဒီလောက်ထိ မဟုတ်ဘူး။ ကျွန်တော်ထင်တာတော့ တောတွေ တောင်တွေပဲ နည်းလာလို့လား မသိဘူး”ဟု ဦးသင်းအောင်က ဆိုသည်။


ရေတွင်းများတွင် ရေခန်းလာသည့်အခါ စုံစင်တောရကျောင်း ကျောက်ကမ်း ပါးမှထွက်သည့် စိမ့်စမ်းရေကို သွားရောက် ခပ်ယူကြရပြီး လုံလောက်သည်ဆိုရုံသာ ရေထွက်ရှိသည်ဟု ၎င်းက ပြောသည်။


ယင်းသို့ရေရှားပါးသဖြင့် ပေတစ်ရာ နှစ်ရာခန့်ရှိ အဝီစိတွင်းတူး၍ ရေစုကန်တည်ဆောက်ကာ ရေသွယ်၍ ရေအခက်ခဲ ရှိသည့် အိမ်များကို ရေပေးဝေရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်က ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်း ဦးသင်းအောင်က ပြောသည်။


၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင် စုဘတ်ဂျတ်ဖြင့် ကျေးရွာပေါင်း ၈၅ ရွာ တွင် လုပ်ငန်းပေါင်း ၈၅ ခုအတွက် ငွေကျပ် ၁၄၄၂ ဒသမ ၃၀ သန်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း ၁၁ ရွာတွင် လုပ်ငန်းပေါင်း ၁၁ ခုအတွက် ငွေကျပ် ၂၆၅ ဒသမ ၅၁၄ သန်း စုစုပေါင်း ငွေကျပ် ၁၇၀၇ ဒသမ ၈၁၄ သန်း သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။

မိုးမြင့်